menu

Sunday 19 August 2012

ကြေးကြီးတဲ့ လမ်းခွဲများ




ဇွန်လကုန် ဇူလိုင် လဆန်းပိုင်းက စတင်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိတဲ့ မီဒီယာများ စာမျက်နှာ ထက်မှာ ဟောလိဝုဒ်မှ ကမ္ဘာကျော် ရွှေမောင်နှံ အဖြစ် ထင်ရှားတဲ့ ရုပ်ရှင်မင်းသား တွမ်ခရုစ်နဲ့ ဇနီး ရုပ်ရှင် မင်းသမီး ကေတီဟုမ်းစ် တို့ရဲ့ လမ်းခွဲ သတင်းများ နေရာ ယူခဲ့ပါတယ်။
ကွာရှင်း ပြတ်စဲကြဖို့ ကေတီဟုမ်းစ်က ရုံးတော်မှာ စတင် လျှောက်ထားခြင်း ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က အသက် ၅၀ ပြည့်တဲ့ တွမ်ခရုစ်ရဲ့ မွေးနေ့မှာတောင် ဇနီးနဲ့ သမီးအနားမှာ မရှိခဲ့သလို ကေတီကလည်း အပြင် ထွက်ရာမှာ လက်ထပ် လက်စွပ်ကို ၀တ်ဆင်ခြင်း မပြုတော့ ဘူးလို့ လေ့လာ အကဲခတ် နေသူများက ဆိုပါတယ်။ ကေတီက ရုံးတော်ကို လျှောက်ထားရာမှာ သမီး ဆူရီကို သူတစ်ဦးတည်း အုပ်ထိန်းခွင့် ရရှိဖို့ကိုပါ လျှောက်ထားတာ ဖြစ်ပါတယ်။

တွမ်ခရုစ်ပိုင် စည်းစိမ်ဥစ္စာများက ဒေါ်လာ ၂၇၅ သန်းခန့် ရှိတယ်လို့ ခန့်မှန်းရတာကြောင့် ရုံးတော်က ကွာရှင်းပြတ်စဲ ခွင့်ပြုလိုက်ချိန်မှာ ကေတီကို ဘယ်လောက် ပေးလိုက်ရမလဲဆိုတာ စိတ်ဝင်တစား ရှိနေကြပါတယ်။ ဟောလိဝုဒ်မှ ရုပ်ရှင်မင်းသား၊ မင်းသမီးများ ကွာရှင်းပြတ်စဲမှုမှာ စံချိန်တင်လောက်တဲ့ ငွေကြေးတွေ ပေးပြီး ကွာရှင်း ရတာတွေ ရှိပါတယ်။ အများဆုံး ပေးခဲ့ကြရတဲ့ ဇနီးမောင်နှံများ အကြောင်းကို ရွှေအမြုတေ ပရိသတ်များ အတွက် တင်ပြပေးလိုက်ပါတယ်။


မက်ဒေါနားနဲ့ ဂိုင်းရစ်ချီ (ခန့်မှန်းလျော်ကြေးပေါင်သန်း ၅၀ မှ ၆၀ အတွင်း)
စတာလင်ပေါင် သန်း ၅၀၀ လောက် ချမ်းသာတယ်လို့ ခန့်မှန်း ရတဲ့ အဆိုကျော်ရုပ်ရှင်မင်းသမီး မက်ဒေါနားနဲ့ ဗြိတိသျှ ရုပ်ရှင် ဒါရိုက်တာ ဂိုင်းရစ်ချီတို့ ကွာရှင်း ပြတ်စဲကြချိန်မှာ မက်ဒေါနားက စတာလင်ပေါင် သန်း ၅၀ မှ ၆၀ အတွင်း ခန့်မှန်းကြပြီး ဘယ်လောက် ပေးလိုက်ရတယ် ဆိုတာကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ “ကျွန်တော် ပထမ အိမ်ထောင်နဲ့ နေရတာ စိတ်ချမ်းသာပါတယ်။ ကွာရှင်း ပြတ်စဲခဲ့ပေမဲ့ နောင်တရတာမျိုး မရှိခဲ့ပါဘူး။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ အကောင်းတွေချည်းပါပဲ”လို့ဆိုပါတယ်။ သူတို့နှစ်ဦးမှာ ဒေးဗစ်ဘင်ဒါနဲ့ ရိုကို ဆိုတဲ့ ကလေးနှစ်ယောက် မွေးစားခဲ့တာ ရှိပါတယ်။ ဂိုင်းက“ကျွန်တော့် အတွေ့အကြုံက ဘာနဲ့ တူသလဲ ဆိုတော့ အပေါစား ပြဇာတ်တစ်ပုဒ်မှာ ၀င်ရောက် ကပြခဲ့ရတာနဲ့ တူပြီး အဲဒီမှာ ကျွန်တော့် ဘ၀ရဲ့ အချိန် တော်တော်များများ ကုန်ဆုံး ခဲ့ရတယ်”လို့လည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။


ပေါလ်မက္ကာတနီနဲ့ ဟီသာမီးလ် (ခန့်မှန်းလျော်ကြေး ပေါင် ၂၄.၃ သန်း)
ငွေက အချစ်ကို မ၀ယ်နိုင် ပါဘူးလို့ Beatles အဆိုကျော်ကြီး ပေါလ်မက္ကာတနီက သူ့သီချင်း တစ်ပုဒ်မှာ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူနဲ့ ဇနီးသည်ဟီသာတို့ ၂၀၀၆ ခုနှစ်မှာ ကွာရှင်းပြတ်စဲကြ ချိန်မှာတော့ ငွေတွေ အများကြီး အချစ်အတွက် လိုအပ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ သမီးလေး ဘီယာထရိုက်စ် ထွန်းကားခဲ့ပါတယ်။

သူတို့ လက်ထပ်စဉ်က ကွာရှင်းပြတ်စဲခဲ့ရင် ဘယ်လောက်လျော် ရမယ်ဆိုတဲ့ ကြိုတင်သဘော တူညီချက်စာချုပ် မချုပ်ဆိုခဲ့ကြ တာကြောင့် ကွာရှင်း ပြတ်စဲချိန်မှာ ဟီသာကို ပေါင် ၂၄.၃ သန်း ပေးလိုက်ရတဲ့ အပြင် ကလေးစရိတ် အဖြစ် တစ်နှစ်ကို ပေါင် ၃၅၀၀၀၊ ကလေးထိန်း တစ်ယောက်ရဲ့ စရိတ်နဲ့ သမီးအတွက် ကျောင်းစရိတ်ကိုပါ ပေးခဲ့ရပါတယ်။

ရော်နီနဲ့ဂျိုဝုဒ် (ခန့်မှန်းလျော်ကြေးပေါင် ၆.၆ သန်း)
ရိုလင်းစတုန်းအဖွဲ့မှ ရော်နီဝုဒ်က ရုရှား စားပွဲထိုးမလေး အသက် ၂၃ နှစ်ရှိ အက်ကာတာရီနာကို လက်ထပ် ယူချင်တဲ့ အတွက် ဇနီးသည် ဂျိုကို ကွာရှင်း ပြတ်စဲလိုတယ်လို့ ရုံးတော်မှာ လျှောက်ထားတဲ့အခါ ဖျော်ဖြေရေး လောကတစ်ခုလုံး တုန်လှုပ် သွားခဲ့ကြပါတယ်။ အများတကာထက် ပိုပြီးတုန်လှုပ်ခဲ့ရသူကတော့ အိမ်ထောင်သက် ၂၃ နှစ် ကျော်ပြီဖြစ်တဲ့ ဂျိုပါပဲ။ သူမက Hello မဂ္ဂဇင်းကြီးကို ပြောကြားရာမှာ “သူ ဒီလို လုပ်လိမ့်မယ်လို့ ကျွန်မ ဘ၀မှာ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပါဘူး”လို့ ဆိုပါတယ်။

ကမ္ဘာကျော် တီးဝိုင်းကြီးဖြစ်တဲ့ ရိုလင်းစတုန်းအဖွဲ့သား ရော်နီဟာ အဲဒီ ကာလများမှာ ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ ရပြီး ဇနီးသည် ဂျိုကို ပေါင် ၆.၆ သန်း ပေးလျော် ခဲ့ရပါတယ်။ ဂျိုက ရုံးတော်မှာ ရော်နီ ပိုင်ဆိုင်မှုရဲ့တစ်ဝက်ကို ရလိုတယ်လို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက် မိခင်ဖြစ်တဲ့ ဂျိုက ကွာရှင်း ပြတ်စဲခြင်း ခံရပေမဲ့ သူ့အနေနဲ့ သိပ်ပြီး နာနာကျင်ကျင် ခံစားရတာ မရှိပါဘူးလို့ ဆိုပါတယ်။ “သူနဲ့ ပေါင်းနေစဉ် ကာလ အတွင်းမှာ သူ့ကိစ္စတွေကိုချည်းပဲ လုပ်ပေးခဲ့ရတယ်။ အ၀တ်အစားဝတ်ဖို့၊ အစစ အရာရာ စောင့်ရှောက်ဖို့ လုပ်ခဲ့ရတယ်။ အခုတော့ သူ့ကို ဂရုစိုက်စရာ မလိုတော့တဲ့အတွက် ကျွန်မကိုယ်ကျွန်မ ဂရုစိုက် နိုင်ပါပြီ”လို့ ဆိုပါတယ်။

တိုက်ဂါးဝုဒ်စ်နဲ့ အယ်လင်နော်ဒီဂရန် (ခန့်မှန်းလျော်ကြေး ဒေါ်လာ သန်း ၇၅၀)
ကမ္ဘာကျော် ဂေါက်သမား ဖြစ်တဲ့ တိုက်ဂါးဝုဒ်စ်ဟာ ဇနီးသည် ဆွီဒင် နိုင်ငံသူ အယ်လင်ရဲ့နောက်ကွယ်မှာ အမျိုးသမီး ၁၉ ဦးခန့်နဲ့ ဖောက်ပြန်ခဲ့တယ် ဆိုတဲ့ ကိစ္စကြီး ပေါ်ပေါက် လာချိန်မှာ ကမ္ဘာ့အလယ် သိက္ခာ ကျခဲ့ရပါတယ်။ သူတို့ ဇနီးမောင်နှံမှာ ဆမ်နဲ့ချာလီဆိုတဲ့ သားနှစ်ယောက် ရှိတာကြောင့် အိမ်ထောင် မပြိုကွဲအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အတွက် ရုံးတော်မှာ ကွာရှင်း ပြတ်စဲကြရာ တိုက်ဂါးဝုဒ်စ်က ဒေါ်လာ သန်း ၇၅၀ ပေးလျော်ခဲ့ရပါတယ်။

မိုက်ကယ်လ်နဲ့ ဒိုင်ရင်ဒရာဒေါက်ကလပ်စ် (ခန့်မှန်းလျော်ကြေး ဒေါ်လာ ၄၅ သန်း)
၁၉၇၇ ခုနှစ်က အသက် ၃၂ နှစ် အရွယ်ရှိတဲ့ ရုပ်မြင်သံကြား မင်းသား မိုက်ကယ်လ်ဒေါက်ကလပ်စ်နဲ့ အသက် ၁၉ နှစ် အရွယ်ရှိ တက္ကသိုလ်ကျောင်းသူ ကလေး ဒိုင်ရင်ဒရာတို့ ပါတီပွဲတစ်ခုမှာ စတွေ့ကြပါတယ်။ မိုက်ကယ်လ်က ရုပ်ရှင်မင်းသားကြီး ကပ်ဒေါက်ကလပ်စ်ရဲ့ သားအဖြစ် နာမည်ရစအချိန်ပါ။ တွေ့ကြပြီး ရက်သတ္တပတ် ၉ ပတ် အကြာမှာပဲ လက်ထပ်လိုက်ကြပါတယ်။ အလောတကြီးလက်ထပ်ခဲ့ကြတဲ့ သူတို့မောင်နှံဟာ ၁၉၉၅ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။ ဒါပေမဲ့ နောက် ၅ နှစ် ကြာတဲ့အထိ တရားဝင် ကွာရှင်းပြတ်စဲမှု မပြုခဲ့ကြပါဘူး။ ရုပ်ရှင်မင်းသမီး ကက်သရင်းဇီတာဂျုံးစ်နဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်တော့မယ် ဆိုတော့မှ မိုက်ကယ်လ်က ဒိုင်ရင်ဒရာနဲ့ ကွာရှင်းပြတ်စဲမှုကို ဖြေရှင်းရပါတယ်။ လျော်ကြေးငွေ ဒေါ်လာ ၄၅ သန်း ပေးလိုက်ရပါတယ်။

ဟယ်ရီဆင်ဖို့ဒ်နဲ့ မလီဆာ မာတီဆန် (ခန့်မှန်းလျော်ကြေး ဒေါ်လာ သန်း၉၀)
ရုပ်ရှင်ကားများထဲမှာ အောင်နိုင်သူ အမြဲဖြစ်ခဲ့တဲ့ အင်ဒီယာနားဂျုံးစ် မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် ဟာ ဇနီးသည်နဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ အိမ်ထောင်သက် ၁၈ နှစ် အကြာမှာ လမ်းခွဲကြတော့ မင်းသားကြီးက မလီဆာကို ဒေါ်လာ သန်း ၉၀ ပေးလျော်ခဲ့ ရပါတယ်။ လျော်ကြေးငွေကို ပေးရာမှာ ဒေါ်လာ ၁၄ သန်းကို ၂ နှစ်အတွင်း ပေးဆပ်ဖို့၊ ပိုင်ဆိုင်ပစ္စည်းများစွာနဲ့ သူတို့နှစ်ဦး ပေါင်းသင်းနေစဉ်က ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင် ကားများပေါ်မှာ ရရှိမယ့် မူပိုင်ကြေးတွေပါ ပေးရမယ်လို့ ရုံးတော်က ဆုံးဖြတ်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးက ၁၉၇၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Apocalypse ဇာတ်ကား ရိုက်ကွင်းပေါ်မှာ စတွေ့ခဲ့ကြတာပါ။ အဲဒီတုန်းက မင်းသားက ပထမဇနီးသည်ဖြစ်တဲ့ မေရီမာကွဒ်ကို ကွာရှင်းပြတ်စဲပြီးခါစ ဖြစ်ပါတယ်။

တွမ်ခရုစ်နဲ့ နီကိုးလ်ကစ်ဒ်မဲန်း (ခန့်မှန်းလျော်ကြေးဒေါ်လာ ၈၅ သန်း)
၂၀၀၁ ခုနှစ်မှာ တွမ်ခရုစ်နဲ့ နီကိုးလ်ကစ်ဒ်မဲန်းတို့ ကွာရှင်း ပြတ်စဲကြတဲ့အခါ မင်းသမီးက အခုမှပဲ ဒေါက်မြင့်ဖိနပ် ပြန်စီးနိုင်တော့မယ်လို့ ပြက်လုံး ထုတ်ခဲ့ပါတယ်။ (နီကိုးလ်က တွမ်ထက် အရပ်မြင့် တာကြောင့် ပေါင်းနေစဉ် ကာလ တစ်လျှောက်လုံး ဒေါက်မြင့်ဖိနပ် မစီးခဲ့ရပါဘူး။) ကွာရှင်း ပြတ်စဲချိန်မှာ နီကိုးလ်ရဲ့ ဘဏ်စာရင်းသို့ တွမ်က ဒေါ် လာ ၈၅ သန်း ဖြည့်တင်းပေးခဲ့ရပါတယ်။ တရားရုံးမှာ ဖြေရှင်းတာမျိုးမဟုတ်ဘဲ အပြင်မှာပဲ ၃ နာရီကြာ ညှိနှိုင်းကြပြီး ဖြေရှင်းခဲ့တာပါ။ သဘောတူညီချက် ရပြီး သတင်း ထုတ်ပြန်ချိန်မှာ နှစ်ယောက်ဖက်ပြီး ဓာတ်ပုံ အရိုက်ခံကြပါတယ်။ နှစ်ယောက်အတူ မွေးစားခဲ့တဲ့ သမီး အစ္စဘယ်လာနဲ့ သား ကော်နာတို့ကို နှစ်ယောက် အတူ အုပ်ထိန်းဖို့လည်း သဘော တူခဲ့ကြပါတယ်။

“ကျွန်တော်တို့က မိသားစုဖြစ်တာကြောင့် ကလေးတွေကို နှစ်ယောက်အတူ အုပ်ထိန်းကြပါမယ်။ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲကြပေမဲ့ သူ့ကိုတော့ ကျွန်တော် ချစ်နေဆဲပါပဲ” လို့လည်း တွမ်ခရုစ်က ဆိုခဲ့ပါတယ်။

ဂျိမ်းစ်ကင်မရွန်နဲ့ လင်ဒါဟမီလ်တန် (ခန့်မှန်းလျော်ကြေး ဒေါ်လာ သန်း ၅၀)
ကမ္ဘာကျော် ရုပ်ရှင်ကားကြီးတစ်ကား ဖြစ်တဲ့ တိုက်တင်းနစ်အပါအ၀င် ရုပ်ရှင် ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ဘဏ်စာရင်း ထဲကနေ ဒေါ်လာ သန်း ၅၀ ထွက်သွား ခဲ့ပါတယ်။ တိုက်တင်းနစ် ဇာတ်ကား အောင်မြင်ပြီး ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ကွာရှင်းပြတ်စဲတာကြောင့် ဇနီးသည် လင်ဒါဟမီလ်တန်ကို လျော်ကြေး ပေးခဲ့ရတာပါ။

တခြားချစ်သူရှိလို့မဟုတ်ဘဲ သူ့ အနုပညာ လုပ်ငန်းများကိုသာ ချစ်မြတ် နိုးတဲ့အတွက် ဇနီးသည်ကို စွန့်ပစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လင်ဒါက “သူ့မယားငယ်က တိုက်တင်းနစ်လေ၊ တိုက်တင်းနစ်ကြောင့် ကျွန်မကို စွန့်ပစ်ခဲ့တာ”လို့ ဆိုပါတယ်။ လင်ဒါက ဆာရာကော်နာ အဖြစ် ဂျိမ်းစ်ကင်မရွန် ရိုက်ကူးတဲ့ Terminator ဇာတ်ကား ၂ ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ကင်နီရော်ဂျားစ်နဲ့မာရီယာနီးဂေါဒန် (ခန့်မှန်းလျော်ကြေး ဒေါ်လာ သန်း ၄၀ မှ ၆၀ အတွင်း)
ကျေးလက် အဆိုကျော်ကြီး ကင်နီရော်ဂျားစ်က သူ့ဒုတိယအိမ်ထောင်မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး “ကျွန်တော့် မင်္ဂလာပွဲကို ဒဏ္ဍာရီထဲက မင်္ဂလာပွဲ တစ်ခုလို အတတ်နိုင်ဆုံး ကျွန်တော် ဆင်နွှဲခဲ့ပါတယ်”လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ရုပ်ရှင် မင်းသမီး မာရီယာနီးဂေါ်ဒန်နဲ့ အိမ်ထောင် ရေးက ၁၈ နှစ်အကြာ ၁၉၉၅ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။

ဘာကြောင့် လမ်းခွဲကြတာလဲလို့ မေးတဲ့အခါမှာတော့ အဆိုကျော်ကြီးက “သူက နေ့လယ်စာကို သူ့မိန်းကလေး မိတ်ဆွေတွေနဲ့ စားတယ်ဗျာ၊ ဒီတော့ ကျွန်တော်ကလည်း ယောက်ျား မိတ်ဆွေတွေနဲ့ ဂေါက်ရိုက်တော့တာပေါ့”လို့ ဖြေပါတယ်။ အဲဒီကာလမှာတော့ မာရီယာနီး ရလိုက်တဲ့ လျော်ကြေးဟာ သမိုင်းတွင်လောက်တဲ့ ငွေကြေးဖြစ်ပါတယ်။ လက်ထပ်ပေါင်းသင်းနေစဉ်အတွင်းကလည်း အသုံးစရိတ်အဖြစ် တစ်နှစ်ကို ဒေါ်လာ ၂ သန်း ရရှိခဲ့ပါသေးတယ်။

စတီဗင်စပီးလ်ဘာ့ဂ်နဲ့ အေမီအာဗင်း (ခန့်မှန်းလျော်ကြေး ဒေါ်လာ သန်း ၁၀၀)
ဂန္ထ၀င် ဒါရိုက်တာဖြစ်တဲ့ စတီဗင် စပီးလ်ဘာ့ဂ်ကလည်း ဇနီးဖြစ်တဲ့ ရုပ်ရှင်မင်းသမီး အေမီနဲ့ လမ်းခွဲကြရာမှာ ဒေါ်လာသန်း ၁၀၀ ပေးခဲ့ရပါတယ်။  သူတို့နှစ်ဦးက ၁၉၈၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၄ နှစ်အကြာမှာ အိမ်ထောင်ရေးပြိုကွဲခဲ့တာပါ။ စပီးလ်ဘာ့ဂ်က သူ့မိဘများရဲ့လမ်းခွဲက သူ့ငယ်ဘ၀ကို အရိပ်မည်းဖြစ်စေခဲ့တာကို သင်ခန်းစာယူပြီး သူတို့နှစ်ယောက် မွေးခဲ့တဲ့ သား မက်စ်အပေါ်မှာ ကောင်းကောင်းမွန်မွန် ရှိစေချင်ခဲ့ပါတယ်။ အော်စကာဆုရခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာကြီးက ၁၉၉၁ ခုနှစ်မှာ ရုပ်ရှင်မင်းသမီး ကိတ်ကက်ပ်ရှောနဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ထွန်းကားနေပြီဖြစ်ပါတယ်။

မဲလ်နဲ့ရော်ဘင်ဂစ်ဘ်ဆင်(ခန့်မှန်းလျော်ကြေး ဒေါ်လာ ၄၂၅ သန်း)
Brave Heart ဇာတ်ကားနဲ့ ကမ္ဘာကျော်ခဲ့တဲ့ မဲလ်ဂစ်ဘ်ဆင်နဲ့ ဇနီးသည် ရော်ဘင်တို့ဟာ ၂၀၀၉ ခုနှစ်မှာ ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။ အဲဒီ အချိန်က မဲလ်ရဲ့ချစ်သူဖြစ်တဲ့ အုပ်ခ်ဆာနာက သမီးဦးလေး မွေးဖွား ပြီးခါစ ဖြစ်ပါတယ်။ မဲလ်နဲ့ ရော်ဘင်တို့ဟာ အိမ်ထောင်သက် ၂၃ နှစ် ကျော်ရှိခဲ့ပြီး သားသမီး ၇ ဦး ထွန်းကားကာ လမ်းခွဲကြပြီး ၃ နှစ်ကြာမှ ကွာရှင်း ပြတ်စဲကြတာ ဖြစ်ပါတယ်။ မဲလ်နဲ့ ရုရှားစန္ဒရားဆရာမလေး အုပ်ခ်ဆာနာတို့ အချစ်ရေး ကိစ္စ လူသိရှင်ကြား ဖြစ်လာပြီးတဲ့ နောက်မှာ ရော်ဘင်နဲ့ ကွာရှင်း ပြတ်စဲခြင်းပါ။ မဲလ်က လျော် ကြေး အဖြစ် ဒေါ်လာ ၄၂၅ သန်း ပေးလိုက်ရခြင်းဟာ စတီဗင်စပီးလ်ဘာ့ဂ်ရဲ့လျော်ကြေးက စံချိန် တင်ထားတာကို ကျော်လွန် သွားခဲ့ပါတယ်။ ရော်ဘင်နဲ့ ကိစ္စက ရုံးတော်မှာ ရင်ဆိုင်နေရဆဲမှာပဲ အုပ်ခ်ဆာနာနဲ့လည်း ကွာရှင်း ပြတ်စဲလိုမှု ပေါ်ပေါက် လာပြန်ပါတယ်။ အုပ်ခ်ဆာနာကို သမီး အုပ်ထိန်းခွင့်နဲ့ အတူ စတာလင်ပေါင် ၄၈၁,၀၀၀ ပေးခဲ့ရပါတယ်။

ဒေါ်နယ်လ်နဲ့ အီဗာနာထရမ့်(ခန့်မှန်းလျော်ကြေး ဒေါ်လာ ၂၅ သန်း)
အီဗာနာက ဒေါ်လာ ၁.၇ ဘီလီယံ ချမ်းသာ ကြွယ်ဝတဲ့ သူဌေးကြီး ဒေါ်နယ်လ်ထရမ့်နဲ့ ကွာရှင်းပြတ်စဲချိန်မှာ ကြိုတင်ချုပ်ဆို ထားတဲ့ စာချုပ်ပါ သဘော တူညီချက် အရ လျော်ကြေးအဖြစ် ဒေါ်လာ ၂၅ သန်းသာ ရရှိခဲ့ပါတယ်။ အခန်းပေါင်း ၄၅ ခန်းပါတဲ့ ကွန်နက်တီကက်ပြည်နယ်က နေအိမ်ကိုလည်း စွန့်ခွာခဲ့ရပါတယ်။

၁၉၉၂ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ ပြီးတဲ့နောက် အီဗာနာက သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ ချက်မှ နှင်းလွှာလျှောစီး မော်ဒယ်လ်ကလေး တစ်ယောက် ဘ၀ကနေ အမေရိကန် ဘီလျံနာ တစ်ဦးကို လက်ထပ် ခဲ့ပုံများ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အီဗာနာက စီးပွားရေး လုပ်ငန်းမျိုးစုံကို တိုးချဲ့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကီဗင်ကော့စ်နာနဲ့ စင်ဒီဆီးလ်ဗား (ခန့်မှန်းလျော်ကြေး ဒေါ်လာ သန်း ၈၀)
၁၉၉၄ ခုနှစ်ဟာ ရုပ်ရှင်မင်းသား ကီဗင်ကော့စ်နာ အတွက် အခက်အခဲများ ကြုံရတဲ့နှစ်လို့ ဆိုရပါမယ်။ တက္ကသိုလ် ကျောင်းမှာကတည်းက ချစ်ကျွမ်းဝင်ခဲ့တဲ့ ငယ်ချစ် စင်ဒီဆီးလ်ဗားနဲ့ လမ်းခွဲဖို့ ဖြစ်လာခဲ့ ခြင်းကြောင့်ပါ။ အဲဒီနှစ်မှာပဲ သူ့ရဲ့ Waterworld ဇာတ်ကားကလည်း ခြေရာပျောက် သွားလောက်အောင် စုပ်စမြုပ်စပျောက်သွားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံက ၁၉၇၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ကလေး ၃  ယောက်ဖြစ်တဲ့ အယ်နီ၊ လီလီနဲ့ ဂျိုးတို့ ထွန်းကားခဲ့ ပါတယ်။ အိမ်ထောင်သက်ရှည်ကြာတဲ့ဇနီးမောင်နှံအဖြစ် ရုပ်ရှင်လောကက လေးစားခြင်း ခံရတဲ့သူများလည်း ဖြစ်ပါတယ်။ စင်ဒီကို လျော်ကြေးဒေါ်လာ သန်း ၈၀ ပေးလိုက်ရတဲ့ အပြင် နှစ်ဦးပိုင် စားသောက်ဆိုင်ရဲ့ တစ်ဝက်ကိုလည်း ပေးရပါတယ်။ စင်ဒီနဲ့ ကွာရှင်းပြီး တဲ့နောက်မှာ ကီဗင်က မော်ဒယ်လ်ကလေး ခရစ္စတီးနဲ့ ချစ်ကျွမ်းဝင်ပြီး ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ လက်မထပ်ခင်မှာ ကီဗင်က “ကျွန်တော်က အချစ်ကို ယုံကြည်သလို အိမ်ထောင်ရေးကိုလည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ဘယ်တော့မှ ကွာရှင်း ပြတ်စဲခြင်း မပြုတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

နီးလ်နဲ့ မာစီယာဒိုင်းမွန်း (ခန့်မှန်းလျော်ကြေးဒေါ်လာ သန်း ၁၉၀)
ဂန္ထ၀င် တေးရေးဆရာ အဆိုကျော်ဖြစ်တဲ့ နီးလ်ဒိုင်းမွန်းက အိမ်ထောင်သက် ၂၅ နှစ်ရှိတဲ့ ဇနီးသည် မာစီယာနဲ့ ကွာရှင်းပြတ်စဲချိန်မှာ ဒေါ်လာ သန်း ၁၉၀ ပေးလိုက်ရပါတယ်။ ၁၉၉၆ ခုနှစ်က ကွာရှင်းပြတ်စဲပြီးချိန်မှာ နီးလ်က “ကျွန်တော် ဒီလိုပေးလိုက်ရတာကို ကျေနပ် ပါတယ်။ သူက ကျွန်တော့်သားသမီးတွေရဲ့ မိခင်လေ။ ကျွန်တော်နဲ့အတူ ဒုက္ခတွေလည်း ခံခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော့်စည်း စိမ်ရဲ့တစ်ဝက်ကို ရသင့်ပါတယ်”လို့ ဆိုပါ တယ်။ နီးလ်ဟာ ကမ္ဘာ့ဖျော်ဖြေရေးသမား များထဲမှာ ၀င်ငွေအကောင်းဆုံးလို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဇနီးသည်ကို ငွေသားအပြင် သူပိုင် အိမ်နှစ် လုံးထဲက ဈေးကြီးကြီး ပေးဝယ်ထားတဲ့ အိမ်တစ်လုံးကိုပါ ပေးခဲ့တယ်လို့ ဆိုပါ တယ်။ “ဒီငွေတွေနဲ့ မာစီယာ ပျော်နိုင်ပါ စေလို့လည်း ကျွန်တော် ဆန္ဒပြုပါတယ်”လို့ ပေါ့ပ်အဆိုကျော် နီးလ်က ဆိုပါတယ်။

ဒယ်မီမိုးနဲ့ အက်ရှ်တန်ကာချာ (ခန့်မှန်းလျော်ကြေး ညှိနှိုင်းနေဆဲ)
၂၀၀၅ ခုနှစ် ဒယ်မီနဲ့ အက်ရှ်တန်တို့လက်ထပ်စဉ်မှာ ဒယ်မီက ဟောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးတစ်လက် ဖြစ်နေပြီး အက်ရှ်တန်ကတော့ တက်သစ်စ မင်းသားကလေး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက် လက်ထပ်စဉ်မှာ ဒယ်မီရဲ့ ခင်ပွန်းဟောင်း ဘရုစ္စ၀ီလစ္စထံမှ လျော်ကြေးအဖြစ် ရရှိခဲ့တဲ့ ဒေါ်လာ သန်း ၉၀ အပါ အ၀င် သူမရဲ့စည်းစိမ်များကို ကြို တင်ကာကွယ်တဲ့အနေနဲ့ နှစ်ဦး သဘောတူ ကြိုတင်စာချုပ်ချုပ်ဆိုခဲ့ ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ သူတို့နှစ်ယောက်လမ်းခွဲကြတော့ အခြေအနေတွေက ပြောင်းလဲ သွားပါပြီ။ ဒယ်မီရဲ့အခြေအနေက အကျဘက်ကို ရောက်စပြုလာပြီး အက်ရှ်တန်က Two And A Half ဇာတ်လမ်းတွဲမှာ နာမည်ရ လာတဲ့အတွက် ဇာတ်လမ်း တွဲတစ်ခုကို သရုပ်ဆောင်ခ ဒေါ်လာ ၁ သန်း အထိရနေပါပြီ။ ဒါ့အပြင် သူ့မှာ သီးခြား စီးပွားရေးလုပ်ငန်း များရှိပြီး တစ်နှစ်ကို ဒေါ်လာ ၄ သန်းကျော် ရနေပါပြီ။ သူတို့ နှစ်ယောက်ပေါင်းရင် ဒေါ်လာသန်း ၂၉၀ လောက် ချမ်းသာနေကြတဲ့ အတွက် တရားရုံးမှာ ဘယ်သူက ဘယ်လောက်ရမယ်ဆိုတာကို အဆုံး အဖြတ် ခံယူနေကြဆဲ ဖြစ်ပါတယ်။

ဟေဒီကလမ်းနဲ့ ဆီလ်(ခန့်မှန်းလျော်ကြေး ညှိနှိုင်းနေဆဲ)
ခင်ပွန်းသည်ဖြစ်သူ ဆီလ်က စည်းစိမ်ဥစ္စာ ဒေါ်လာ ၁၅ သန်းခန့် ချမ်းသာပြီး ဟေဒီက ဒေါ်လာသန်း ၇၀ လောက်ချမ်းသာတဲ့ အတွက် သူတို့နှစ်ယောက်ကွာရှင်းပြတ်စဲမှုမှာ ဟေဒီက ဆီလ်ကို လျော်ကြေး ပေးရဖွယ် ရှိပါတယ်။ လက်မထပ်မီကတည်းက ကြိုတင် သဘောတူစာချုပ် ရှိတယ်ဆိုပေမဲ့ ဥပဒေ ကျွမ်းကျင်သူများ အဆိုအရ ဆီလ်အနေနဲ့ ဇနီးသည်ထံမှ လျော်ကြေးတောင်းပိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

အာနိုးရှဝါဇင်နက်ဂါနဲ့ မာရီယာရှရီဗာ (ခန့်မှန်းလျော်ကြေးညှိနှိုင်းနေဆဲ)
ရုပ်ရှင်မင်းသား ပြည်နယ် အုပ်ချုပ်ရေးမှူး အာနိုးရှဝါဇင်နက်ဂါနဲ့ ဇနီးသည် မာရီယာရှရီဗာတို့ ကွာရှင်း ပြတ်စဲလိုမှု ရုံးတော်မှာ လျှောက်ထားနေဆဲမှာပဲ မာရီယာက အာနိုးဟာ အိမ်ဖော်နဲ့ ဖောက်ပြန်ပြီး ကလေး တစ်ယောက်ပင် ရရှိခဲ့ပြီ ဖြစ်ကြောင်း အထောက်အထားများ တင်ပြလိုက်ပါတယ်။

သူတို့ နှစ်ယောက်နဲ့ နီးစပ်တဲ့ သူများ အဆို အရ အာနိုးက မာရီယာကို စိတ်ကျေနပ်လောက်တဲ့ လျော်ကြေးပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ အိမ်ထောင်သက် ၂၅ နှစ်အတွင်း ပွားများခဲ့တဲ့ စည်းစိမ် ဥစ္စာများရဲ့တစ်ဝက်ကို မာရီယာအနေနဲ့ တောင်းခံပိုင်ခွင့် ရှိပါတယ်။ အာနိုးရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အတွင်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ဂျနီဖာလိုပက်ဇ်နဲ့ မာ့ခ်အန်သိုနီ (ခန့်မှန်းလျော်ကြေး ညှိနှိုင်းနေဆဲ)
၁၉၉၉ ခုနှစ်မှာ ဂျနီဖာလိုပက်ဇ်က သူမရဲ့ ဒုတိယခင်ပွန်း အမျိုးသား ကချေသည် ခရစ္စဂျူ့ဒ်နဲ့ ကွာရှင်းပြတ်စဲတော့ ဒေါ်လာ ၁၅ သန်း ပေးခဲ့တယ်လို့ ဆိုပါတယ်။ တတိယ ခင်ပွန်းသည် မာ့ခ်အန်သိုနီနဲ့ ကွာရှင်း ပြတ်စဲရာမှာတော့ ဒီထက် ပိုလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဂျနီဖာက ဒီတစ်ယောက်နဲ့တော့ အိမ်ထောင် မြဲလိမ့်မယ်လို့ မျှော်လင့်ခဲ့တာကြောင့် ကြိုတင်သဘောတူညီချက်ယူတဲ့စာချုပ် မချုပ်ဆိုခဲ့ပါဘူး။ နှစ်ဦးစလုံးကကိုယ့်စီးပွားနဲ့ကိုယ် ချမ်းသာကြပြီး ဘဏ်မှာ ဒေါ်လာသန်း ၆၀ လောက် အပ်ထားနိုင်ပါတယ်။ မာ့ခ်အနေနဲ့ ဂျနီဖာရဲ့ စည်းစိမ်ထဲက ဒေါ်လာ ၁၂၅ သန်းလောက် တော့ ရလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
ဇာနည်ညိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis