menu

Thursday 16 August 2012

မနက်ဖြန်၊ သန်ဘက်ခါ၊ ဖိန်းနွဲခါ ( မြေမှုန်လွင်)





မျက်ရည် အပြည့်နှင့် မျက်နှာ။ စူးစူးရဲရဲ အကြည့်။ လက်ထဲတွင် တမြမြ လက်နေသည့် ဓားတစ်ချောင်း။
ဓားရိုးကို အားအကုန် စု၍ ညှစ်ထားသဖြင့် အကြောများ ထောင်ထနေသော လက်ဖျံရိုး။ အရှိန်နှင့် ပြေးနေသည်။
“ဇွပ်”သွေးများ။ နောက်ကျောမှ သွေးများ ထွက်လာသည်။

“ဇွပ်” “ဇွပ်” “ဇွပ်” “ဇွပ်”     တစ်ချက်ပြီး တစ်ချက်ပြီး၍ တစ်ချက်ပြီး သည့်အခါ နောက်တစ်ချက်။ ဓားတန်းလန်း နှင့်အတူ ခန္ဓာကိုယ်ကြီး ခွေကျသွား၏။ စက္ကန့်ပိုင်း အတွင်း တိုးကျိတ်နေသည့် ပွဲတော်လာ လူအုပ်ကြီး ရှဲသွားသည်။ အလန့်တကြား အော်ဟစ် ထွက်ပြေး သူကပြေးသည်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ကတော့ အမှန်။

အမှန်အတိုင်း ဆိုလျှင် ရုတ်ရုတ် သဲသဲ ဖြစ်သွားခြင်းက မျက်ရည်အပြည့် မျက်နှာနှင့်လူ အတွက်ပို၍ အဆင် ပြေစေသည်။ ဖရိုဖရဲ ဖြစ်သွားသော လူအုပ်ကြီးထဲ၌ လွယ်လင့်တကူ ကိုယ်ယောင် ဖျောက်လိုက်နိုင်၏။ ပါးပြင်ပေါ်မှ မျက်ရည်စက် များကိုတော့  မဖျောက်နိုင်။ ငိုနေဆဲ။


တကယ်တော့ သန္တာကို သူမချစ်ပါ။ သူတကယ် ချစ်တာက သူ့ဇနီး အိဖြူကိုပါ။ သို့သော် သူ့ဘေးတွင် အိပ်နေသူမှာ အိဖြူ မဟုတ်ဘဲ သန္တာ ဖြစ်နေသည်။ သူ့လက်မောင်း ထက်ဝယ် ရှိနေသူမှာ သူ့ဇနီး မဟုတ်ဘဲ သူ့ဝန်ထမ်း ဖြစ်နေသည်။ သူ့ဘေးသို့  အသာငဲ့စောင်း ကြည့်လိုက်သည်။ မမီ။ လုံးလုံးမမီ။ သန္တာထံတွင် ဇနီးဖြစ်သူ အိဖြူ၏ ရုပ်ရည်၊ ပညာ အရည်အချင်း၊ ယဉ်ကျေး သိမ်မွေ့မှု စသည့် အရည်အသွေး တို့ကို မီသည့် အချက်ဟူ၍ တစ်ချက်မျှ မရှိ။

“ဒါဆို မင်းဘာလို့ သူနဲ့ အိပ်ရတာလဲ”

ကိုယ့်ကိုယ်ကို မကျေမနပ် ရေရွတ် လိုက်မိသည်။ တစ်ဆက်တည်း ဆိုသလို  အိပ်ရာပေါ်မှ ထွက်ပြေး ချင်စိတ်များ တဖွားဖွား ဖြစ်လာသည်။
“အိမ်ပြန်ဦး မှပဲ” ဆိုပြီး ထသွားလိုက် ရင်ရော၊ သူဟာ တာဝန်ယူ စိတ်မရှိသူ။ လူကြီးလူကောင်း မပီသသူ တစ်ယောက်ပဲ ဖြစ်သွား လေမလား နောက်ပြီး နည်းနည်းလည်း  ရင့်သီး နေသလိုပဲ။

“အိမ်ကို စောစော ပြန်ရမှာ မို့လို့ ပြန်ကြရအောင်”    ဒါလည်း မဖြစ်နိုင်။ သူ့ဇနီးအိဖြူ ခရီးသွား နေသည်ကို သန္တာ ကောင်းကောင်းသိသည်။ ထို့အပြင် သူ့ဇနီး အိဖြူသည် သူ့သူငယ်ချင်း ဖြစ်သူ ဌေးအောင်နှင့် အပြင်သွားလျှင် စိတ်မပူတတ် ကြောင်းကိုပါ သန္တာက သိထားသည်။ ပိုဆိုးသည်မှာ ယနေ့ညလို ဌေးအောင်၏ မွေးနေ့ပါ တီပွဲဆိုလျှင် သာ၍ စိတ်ချကြောင်း ကိုပါ သန္တာက သိနေသည်။ ပို၍ ပို၍ ဆိုးသည်မှာတော့ သန္တာသည် သူ့ကုမ္ပဏီ၏ ၀န်ထမ်းတစ်ဦး ဖြစ်သလို အိဖြူနှင့်လည်း ငယ်သူငယ်ချင်း ဖြစ်သည်။

ဒါဆို ခုတင်ပေါ် ကနေ ဘယ်လို ထရပါ့ သန္တာကို ထားခဲ့ပြီး အိမ်ကို ဘယ်လို ပြန်ရပါ့။ သူ့ဘာသာသူ တစ်ယောက်တည်း အတွေးများ ယောက်ယက်ခတ် နေသည်။ ယောက်ယက်ခတ် နေသည့် အတွေးများ ဆုံးခန်း တိုင်သည့်တိုင် အဖြေကို ရှာ၍မတွေ့။ နောက်ဆုံးတွင်တော့ အတွေးများ ယောက်ယက်ခတ်ရင်း ထိုမွေ့ရာပေါ် တွင်ပင် ပြန်လည်အိပ်ပျော် သွားပါတော့သည်။

သူ့ဇနီး အိဖြူထံမှ ဖုန်းမလာပါ။
“တူတီတီ တူတီတီ တူတီတီ တူတီတီ”

ဖုန်းသံကြား၍ အိတ်ကပ်ထဲမှ အမြန် ထုတ်လိုက်သည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ သူ့ဇနီး အိဖြူ၏ ဖုန်းနံပါတ်။ ဖုန်းမကိုင်ဘဲ ချပစ်လိုက်သည်။ ထိုကဲ့သို့ ဖုန်းချ လိုက်ပါက သူ့ဇနီး အိဖြူသည် ဘယ်တော့မှ နောက်တစ်ခါ ထပ်မခေါ်။ အလုပ်များ နေသည်ဟု အလိုလို နားလည်ပေးသည့် ဇနီးကောင်း တစ်ယောက်ဖြစ်သည်။

“မသန္တာ ၀င်လို့ ရပါပြီ”

သူ့ဇနီးက သူအလုပ်များ နေသည်ဟု အထင်ဖြင့် ဖုန်းထပ် မခေါ်သည့် အချိန်တွင် အမှန် တကယ်တော့ သူသည် ဆေးခန်း တစ်ခုထဲ၌ သန္တာနှင့်  အတူ ဆရာဝန် ခေါ်ချိန်ကို ထိုင်စောင့် နေရခြင်း အခန်းထဲ ရောက်သည့်အခါ သူ့ရင်ခုန် သံတွေကို ထိန်းလို့မရ။ ဒူးများပင် တဆတ်ဆတ် တုန်လာသည်။

“၀မ်းသာ ပါတယ်ရှင်၊ မသန္တာမှာ ကိုယ်ဝန် နှစ်လ ရှိနေပါပြီ”

မကြားချင်ဆုံး စကားကို ကြားလိုက်ရသည့် နောက်တွင် တဆတ်ဆတ် တုန်နေသော သူ့ဒူးများသည် ပျော့ခွေကျသွား ပါတော့၏။ ပစ်လဲ မသွားစေရန် နီးရာ ခုံတစ်ခုံ၌ ၀င်ထိုင် လိုက်ရသည်။ ရုတ်တရက် အံ့သြ၀မ်းသာ သွားရမည့် အစား ယခုကဲ့သို့ သူဖြစ်သွား ပုံကို ကြည့်ကာ ဆရာဝန် ကတော့ အံ့သြနေပေ လိမ့်မည်။ မိုးမီးလောင် လေပြီ။

လောင်နေသော မိုးမီးကို တည်တည်ငြိမ်ငြိမ် ငြှိမ်းသတ်နိုင်သူ မှာတော့ တခြားသူ မဟုတ်။ သူ့ဇနီး အိဖြူ ကိုယ်တိုင်ပင်။
“သူငယ်ချင်း သန္တာရယ်၊ နင်မို့လို့ လုပ်ရက် လိုက်တာ”ဆိုသည့် စကား တစ်ခွန်းသာ ဆို၍ ကွာရှင်း စာချုပ်ပေါ်တွင် လက်မှတ်ကို တည်တည်ငြိမ်ငြိမ် ထိုးပေးလိုက်သည်။ သူကတော့ သူ့လက်မှတ်ကို ဖြောင့်ဖြောင့်တန်းတန်း မထိုးနိုင်ရှာ။ ထိုနေ့က သူဝမ်းနည်း တုန်လှုပ် ခဲ့ရသည်။ ကြီးကြီးမားမား ဆုံးရှုံး ရလေပြီ။ ကျိတ်၍ ပျော်နေသူ တစ်ယောက်ရှိသည်။ သန္တာ။

အဘယ်ကြောင့် သူ့ဇနီး အိဖြူသည် ယခုကဲ့သို့ သူ့အား အသာတကြည် ကွာရှင်းခွင့် ပေးရသနည်း။
၃-သူ့ကို မချစ်၍လော။ မဖြစ်နိုင်။ သူနှင့် သူ့ဇနီး အိဖြူတို့သည် ငယ်ချစ်များ ဖြစ်ကြသည်ကို နှစ်ဖက် အသိုင်းအ၀ိုင်း အကုန်လုံးမှ သိကြသည်။ (အိဖြူ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သူ သန္တာက သာ၍ သိလိမ့်မည်)

၂-သူငယ်ချင်း သန္တာအပေါ် စာနာ သနား၍လော။
နည်းနည်းတော့ ဖြစ်နိုင်သည်။ အိဖြူသည် တစ်ဦးတည်းသော သမီး ဖြစ်သောကြောင့် သူငယ်ချင်းများ အပေါ် မှီခို တွယ်တာလွန်း အားကြီးသည်။ သူငယ်ချင်းများ အတွက်ဆို ဘာကိုမျှ မတွန့်တို။ အလွန် ရက်ရော၏။ (လင်ယောက်ျား တစ်ယောက်ကို ထိုးပေးလောက်သည် အထိ ရက်ရောတာတော့ သိပ်မကောင်းလှ။)

၁-သန္တာထံတွင် ကိုယ်ဝန် ရှိသွား၍လော။
အဖြစ်နိုင်ဆုံး အချက်ပါ။ အိဖြူနှင့် သူ၏ အိမ်ထောင်သက် ငါးနှစ်အတွင်း ပြဿနာ တစ်ခုတည်းသာ ရှိခဲ့သည်။ ၄င်းပြဿနာမှာ ရင်သွေး မရခြင်းပင်။ ထိုပြဿနာကို သူ့မိဘများ အပြင် အိဖြူ၏ မိဘများ ကပါ မကျေနပ်ကြ။ မြေးဦး လိုချင်ကြသည်။

ထို့ထက်ပို၍ ဖြစ်နိုင်သည့် အချက်မှာ သူ့ဇနီး အိဖြူတို့ အသိုင်းအ၀ိုင်း။ အိဖြူတို့ အသိုင်း အ၀ိုင်းသည် အင်မတန်မှ ကိန်းကြီးခန်းကြီး နိုင်ကာ လူကြီးလူကောင်း ပီသကြောင်း အချိန်ပြည့် ပြသ လိုသူများ ဖြစ်ကြသည်။ ပြဿနာ တစ်ခုခု ပေါ်လာတိုင်း ခေါင်းမရှောင်ဘဲ တာဝန် ယူတတ်မှ လူကြီးလူကောင်း ပီသသည်ဟု ခံယူ ထားကြသူများ ဖြစ်သည်။ ထိုဗီဇ အကျင့်ကြောင့်ပင် ယခု အချိန်တွင် သူ့ဇနီး အိဖြူ၏ လက်မှတ်သည် ကွာရှင်း စာချုပ်ပေါ်၌ အတွန့်အတက် မရှိဘဲ သပ်သပ်ရပ်ရပ် ရှိနေနိုင် ခြင်းပင်။

ယခု စာကြောင်းမှ စတင်၍ သူ့ဇနီး အိဖြူအစား သူ့ဇနီး သန္တာဟု ပြောင်းလဲ ရေးသား ရပါတော့မည်။
သူတစ်ယောက်တည်း သူ့သူငယ်ချင်း များနှင့် ညဘက် အပြင်ထွက်ခြင်း မျိုးကို သူ့ဇနီး သန္တာမှ ခွင့်မပြု။ သမီးလေးကို သူတို့ မိဘများထံ အပ်ခဲ့၍ နောက်မှ တကောက်ကောက် လိုက်လေ့ရှိသည်။ ကုမ္ပဏီ တွင်လည်း သူ့အနီး အနား၌ အမျိုးသား ၀န်ထမ်းများသာ ခန့်အပ်ထားသည်။ မည်သည့် မိန်းကလေး သူငယ်ချင်း နှင့်မှလည်း အဆက်အဆံ မလုပ်။ သူ့ကို မျက်စိအောက်မှ အပျောက်မခံ။

ခြွင်းချက် အနေဖြင့် တစ်ချိန်တော့ မျက်စိအောက်မှ အပျောက်ခံရသည်။ တစ်ချိန်တော့ ခွင့်ပေးရသည်။ ထိုအချိန်သည် ဌာနဆိုင်ရာ လူကြီးများနှင့် ဂေါက်ရိုက် ကစားသည့် အချိန်ဖြစ်သည်။ မပေးလို့လည်း မဖြစ်။ ၄င်း အားကစားသည် သူတို့ ကုမ္ပဏီ တက်လမ်းအတွက် တစ်ဖက်တစ် လမ်းမှ အထောက်အကူ ပြုသည်။

သူ့ဇနီး သန္တာက သူ့သမီးလေးကို မူကြိုပို့သည့် အချိန်တွင် သူသည် ဂေါက်ကွင်း အတွင်း၌ လူကြီးများနှင့် တွဲဖက်ကစား နေသည်။ ကွင်းအမှတ် ၇ တီခုံ ပေါ်မှနေ ပထမဆုံး အချက်ကို အားနှင့် လွှဲရိုက်လိုက်သည့် အချိန်၌ မိုးစက်များ စတင်၍ ကျလာသည်။ မိုးစက်များ ဒဏ်ကို ကာကွယ်ရန် သူ့ဇနီး သန္တာသည် ထီးဖွင့်၍ သူ့သမီးကို မိုးပေးလိုက်သည်။ သူ့ကိုတော့ သူ့ကယ်ရီ ၀တ်ရည်က ထီးမိုးပေးသည်။

သည်းသည်ထက် မိုးက ပို၍ သည်းလာ၏။ သူ့ဇနီး သန္တာက ရေသုတ်တံကို အရှိန် အမြင့်ဆုံး တင်၍ ကားကို ဂရုတစိုက် မောင်းနေချိန်တွင် ဂေါက်ရိုက်နေသော သူတို့ တစ်ဖွဲ့လုံးသည် ဂေါက်ကွင်းရှိ ဟိုတယ်ခန်း ထဲတွင် ခဏနားရန် ဆုံးဖြတ်လိုက်သည်။

Henessy xo အရက်တစ်လုံး ကုန်သွားပြီး၍ လူကြီးများ ပြန်သွားကာ အခန်းထဲ၌ သူ့ဆရာ နှင့်သူ နှစ်ယောက်တည်း ကျန်ခဲ့သည် အထိ မိုးက မတိတ်သေး။ တိုက်တိုက် ဆိုင်ဆိုင်ပင် သူ့ဆရာထံ အရေးတကြီး ဖုန်းဝင် လာသဖြင့် သူ့ဆရာလည်း ပြန်သွားရသည်။ သူတစ်ယောက်တည်း ကျန်ခဲ့သည်။ တော်ရုံတန်ရုံ ကိစ္စ အရေးတကြီး ကိစ္စ မရှိဘဲ မိုးရေထဲတွင် သူကားမမောင်း။ အခုလို အရက်ပါ သောက်ထားပါက ပို၍တောင် မမောင်းသေး။

ဘာများလိုအပ် မလဲဟု မေးမြန်းရန် ၀တ်ရည်က အခန်းထဲ ၀င်လာသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် မိုးရေ အနည်းငယ် စိုထားသည့် ၀တ်ရည်၏ အ၀တ်အစား များသည် ခန္ဓာကိုယ်နှင့် ကပ်ကာ ကောက်ကြောင်း အစုံတို့ကို ထင်ရှား ပေါ်လွင်စေ၏။ ပို၍ တိုက်ဆိုင်သည်မှာ အခန်းထဲတွင် သူက တစ်ယောက်တည်း။ အတန်ငယ် ရီဝေနေပြီ။ သူ့ သွေးသားများက တစ်ခုခုကို ကုတ်ခြစ် ခြေမွပစ်ချင် နေသလို ပြင်းပြင်းရှရှ ဆူပွက်နေခြင်း ကတော့ တိုက်ဆိုင်တာ မဖြစ်နိုင်။

ဝတ်ရည် မငိုပါ။ မုန့်ဖိုးတစ်သိန်း ပေးတာကိုလည်း မယူပါ။ ဘာလိုချင် သလဲဟု မေးလိုက်သည့် အခါ တစ်ခုပဲ တောင်းဆိုသည်။
“ဂေါက်ကွင်းကို ပုံမှန် လာခဲ့ပါနော် ကိုကြီး”

တိုက်ဆိုင် ချင်ပြန်တော့ ထိုရက်ပိုင်းများ အတွင်း  လူကြီးများ စုံနေသဖြင့် ဂေါက်ကွင်းသို့ မကြာခဏ ရောက်ဖြစ်သည်။ ပို၍ တိုက်ဆိုင်ချင်တော့ ယခုနှစ် မိုးတွင်းသည် မိုးရေချိန် ပိုကာ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့သည်။

ထိုအခါ...
ဝတ်ရည်တွင် ကိုယ်ဝန် ရှိနေပြီ။
၎င်းသတင်းကို သူ့ဇနီး သန္တာသာ သိသွားလျှင် မိုးမီးလောင်ချေ လတံ္တ့ဟု ထင်မှတ်မိ သော်လည်း ထိုမိုးမီးကို တည်တည်ငြိမ်ငြိမ် ငြှိမ်းသတ် သူမှာ သူ့ဇနီးသန္တာ ကိုယ်တိုင်ပင်။
“ဒါများ ကိုရယ်၊ ဘာကြောင့် စိတ်ညစ်ခံနေ ရတာလဲ။ ဖျက်ချခိုင်း လိုက်ပေါ့။ ပြီးတော့ အဲ့ကောင်မကို မုန့်ဖိုးနည်းနည်း ပါးပါးခွံ့ပြီး ပါးစပ် ပိတ်လိုက်ရင် ပြီးရော မဟုတ်လား။ အလွယ်လေး၊ ဘာခက်တာ မှတ်လို့”

သူ ဘာပြန် ဖြေရမည်နည်း မသိ။ ခေါင်းညိတ်မိ လိုက်လား၊ ခေါင်းခါ မိလိုက်လားလည်း မသိ။ လူကြီးလူကောင်း တစ်ယောက် အနေနှင့် ထိုကဲ့သို့ မလုပ်သင့်သည် ကတော့ အမှန်။
“ဒါဆို မင်း တာဝန်ယူ ရဲလား”

မယူရဲပါ။ အဖြေပြတ်ပြတ် သားသားရှိသည်။ ထိုကဲ့သို့ ဂေါက်ကယ်ရီ တစ်ယောက်ကို လူပုံ အလယ်မှာ ထုတ်၍ သူ့ဇနီးပါဟု တွဲလို့ ဘယ်သင့်တော် ပါ့မလဲ။ သူ့မျိုးရိုးကို ဘယ်က ဆင်းသက်လာမှန်း မသိသည့် ဂေါက်ကယ်ရီ တစ်ယောက်နှင့် ရောနှောလို့ရော ဖြစ်မည်လား။ ထို့ပြင် ၀တ်ရည်၌ သူ့ဇနီး သန္တာ၏ ရုပ်ရည်၊ ပညာ အရည် အချင်း၊ အပြောအဆို၊ အယုအယ တို့ကို မီသည့် အချက်ဟူ၍ တစ်ချက်မျှ မရှိ။

“ဒီလို ကိစ္စမျိုးက အချိန် ဆွဲနေလို့ မဖြစ်ဘူးနော် ကို။ လုပ်စရာ ရှိတာ မြန်မြန်လုပ်”

ဆိုသည့် သူ့ဇနီး သန္တာ့စကား အဆုံးတွင် အိမ်မှထွက်ကာ ကားပေါ် အမြန်တက်၍ ဂေါက်ကွင်း အနီးရှိ အိမ်ရာ တစ်ခုသို့ ဦးတည်၍ ထွက်ခဲ့သည်။
ဂေါက်ရိုက်ရန် မဟုတ်။
“ဘာပြောတယ်”

“စိတ်ချပါကွာ၊ ဘာမှ မဖြစ်စေ ရပါဘူး။ အစအဆုံး ကိုကြီး အကုန် တာဝန်ယူ ပါတယ်”

“ဘာတာဝန် ယူတာလဲ”

ခေါင်မိုးများ ပွင့်ထွက် သွားမလား အောက်မေ့ရအောင် ၀တ်ရည်၏ အော်သံသည် စူးရဲပြင်းရှ လှ၏။
“..................”
သူဘာမှ ပြန်မပြော။
“ဖျက်ချရမယ် ဟုတ်လား။ ဒါ ခင်ဗျားကြီးရဲ့ ကလေးနော်။ စဉ်းစဉ်း စားစားလည်း ပြောဦး”

သူဘာမျှ မစဉ်းစား နိုင်ပါ။ ၀တ်ရည် ဗိုက်ထဲမှ ကလေးကို သူအသိ အမှတ် မပြု၊ အသိအမှတ် ပြု၍လည်း မရ။ သူ့ကလေးက အိမ်မှာလေ။ တစ်ဦးတည်းသော သမီးလေး။
“ပြောလေဗျာ။ ပြောစမ်းပါဦး။ အခုမှ ဘာလို့ အအကြီးလို တိတ်နေ ရတာလဲ”

ဝတ်ရည်က ပြောပြော ဆိုဆိုနှင့် သူ့ပခုံးကို အားနှင့် တွန်းထိုးသည်။ သူ့စိတ်ထဲ၌ ထောင်းခနဲ ဒေါသ ထွက်သွားသည်။ သူလို လူကြီးလူကောင်း တစ်ယောက်ကို ဘာမဟုတ်တဲ့ ဂေါက်ကယ်ရီ ကများ ကိုယ်ထိလက်ရောက် စော်ကား ရဲတယ်လို့။ အော်ရဲတယ်လို့။

“တော်ကွာ တော်တော်၊ မင်းစကား နားထောင်ဖို့ ငါလာတာ မဟုတ်ဘူး။ ဒီမှာရော့၊ မင်းဘာသာမင်း ဖျက်ချချ မွေးမွေး၊ ငါနဲ့လာ မပတ်သက်နဲ့။ ဟုတ်ပြီလား”

သူက ဒေါသ တကြီးနှင့် ငါးထောင်တန် လေးအုပ်ကို ၀တ်ရည်ထံ ပစ်ပေါက်လိုက်ပြီး လှည့်ထွက် လာခဲ့သည်။
“ဒုန်း”

ဝတ်ရည်အတွက် သူငှား ပေးထားသည့် တိုက်ခန်း တံခါးကို ဆောင့်ပိတ်ကာ လှေကားကျဉ်းလေး ထဲမှ ပြေးဆင်း လာခဲ့သည်။ ဖြစ်ချင်တော့ သည်နေ့မှ သူ့ကားကို အိမ်ရှေ့ထိ မောင်းမလာနိုင်။ ဘုရားပွဲ လုပ်နေသဖြင့် လမ်းထိပ်တွင် ရပ်ထား ခဲ့ရသည်။ စည်ကားနေပြီ ဖြစ်သည့် လူအုပ်ကြီး ထဲသို့ အတင်းတိုးဝင် လိုက်သည်။

“ဒုန်း”
တံခါး ဆောင့်ပိတ်သံ နှင့်အတူ တဒင်္ဂ ပွက်လော ရိုက်ခဲ့သော အခန်းလေးသည် ရုတ်ခြည်းပြန်လည် တိတ်ဆိတ်သွား၏။

ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ပိုက်ဆံများကို ကောက်ယူရန် ဆန္ဒ ၀တ်ရည်ထံတွင် မရှိပါ။ ရှိသည့် ဆန္ဒကတော့ အလိပ်လိုက် တက်လာသည့် ဒေါသများကို ဖောက်ခွဲထုတ်ပစ် ချင်နေသည်။
“တောက်”

စူဖောင်းစ ပြုနေသည့် ကိုယ့်ဗိုက်ကို ကိုယ်ငုံ့ ကြည့်ရင်း နာကြည်း ရွံရှာစွာ တောက်တစ်ချက် ခေါက်လိုက်သည်။ ထို့နောက် ထိုင်နေရာမှ အမြန်ထ၍ နောက်ဖေးသို့ ပြေးဝင်လိုက်သည်။
နီရဲနေသည့် ၀တ်ရည် ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည့် မျက်ရည်များကို သုတ်ပစ်လိုသည့် အာသီသ သူမထံတွင် မရှိပါ။ ရှိနေသည့် အာသီသက တော့-
“ချလွမ်”

ပြန့်ကျဲနေသော ပန်းကန်များ ကြားထဲမှ ဓားတစ်ချောင်းကို ဆွဲထုတ် လိုက်သည်။ မီးရောင်အောက်တွင် တလက်လက် ထနေသည်။ အလျင်အမြန် ပြေးထွက်ကာ-
“ဒုန်း” တံခါးကို ဆောင့်ပိတ်၍...
“ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ်”

လှေကား တစ်ကွေ့ပြီး တစ်ကွေ့ ပြေးဆင်းကာ ပွဲတော်ကြီး၏ လူအုပ်ထဲသို့ အတင်းပြေးလွှား တိုးဝင်လိုက်သည်။
မျက်ရည် အပြည့်နှင့် မျက်နှာ။ စူးစူးရဲရဲ အကြည့်။ လက်ထဲတွင် တမြမြ လက်နေသည့် ဓားတစ်ချောင်း။ ဓားရိုးကို အားအကုန် စုညှစ် ထားသဖြင့် အကြောများ ထောင်ထနေသော ၀တ်ရည်၏ လက်ဖျံရိုး။ အရှိန်နှင့် ပြေးနေသည်။


မြေမှုန်လွင်
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis