menu

Sunday 8 July 2012

ကိုယ့်တပ်ကို ကိုယ်ပြန်မနင်းပါနဲ့(မောင်စံပေါ)


(၁)

၁၉၈၉၊ ၁၉၉၀ နှစ်တွေလောက်ကပါ။ နိုင်ငံကူးလက်မှတ်တွေ ဒီနေ့ခေတ်လို မလွယ်ကူသေးချိန်ပေါ့ဗျာ။ နိုင်ငံကူးလက်မှတ် တရားဝင်ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံကို သွားကြတဲ့ သူတွေထဲမှာ လူတချို့တွေ့ရတယ်။ အဲဒီတချို့လူတွေဟာ ''ငါ နိုင်ငံကူးလက်မှတ် ရှိတယ်ကွ။ တရားဝင်လာ တာကွ'' ဆိုတဲ့စိတ်နဲ့ တရားမ၀င် ရောက်နေတဲ့လူတွေကို တွေ့ရင် အထင်အမြင်သေးသလို ပြောဆိုပြုမူ တတ်ကြတယ်။ သူတို့ရဲ့ မိတ်ဆွေ နိုင်ငံခြားသားတွေနဲ့ သွားလာစားသောက်ရင်း တွေ့ရင် ကြုံရင်မကောင်းတဲ့အမြင်နဲ့ ရှုတ်ချ ပြောတတ်ကြတယ်။ အားလုံးတော့ မဟုတ်ပေမယ့် ဒီလို ပြုမူတဲ့ပုဂ္ဂိုလ်များကို တွေ့မြင်ရတဲ့အခါ စိတ်ထဲမှာ မကောင်းဖြစ်မိတယ်။
နောက်ပြီး မလေးရှားမှာ။ ၀မ်းရေးအရ လာပြီးကြုံရာကျဘမ်း လုပ်နေကြရသူတွေကို တချို့က အလားတူ ဆက်ဆံတတ်တယ်။ နှိမ်ချတဲ့ပုံစံနဲ့ မေးခွန်းတွေ မေးတတ်ကြတယ်။

ဘာလဲဗျာ။ ရေခြားမြေခြားမှာ ကိုယ့်သွေးသားတွေ တွေ့ရတာလေ။ မကူညီနိုင်တောင်မှ ဒီလိုတော့ မဆက်ဆံ မပြုမူကောင်းပါဘူး။ ကိုယ်က ဒီလိုဆိုတော့ ဒေသခံတွေ၊ နိုင်ငံခြားသားတွေက ပိုနှိမ်ကြ၊ အနိုင်ကျင့်ကြတာပေါ့ဗျာ။
(၂)
သူငယ်ချင်းတစ်ယောက် ရှိတယ်။ လူတွေအကြောင်းပြောရင် ဟိုကောင်က ဘာ၊ ဒီကောင်က ညာ စသဖြင့် မကောင်းတာချည်းပဲ ပြောတတ်တယ်။ ကြာလာတော့ သူပြောတာနားထောင်ရင်း သူသိကျွမ်းရာ ပတ်ဝန်းကျင်မှာ ဘယ်သူမှ မကောင်းသလို ဖြစ်လာတယ်။ ဒါဆို သူကိုယ်တိုင်ရော ဗျာ။

မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက ညီအစ်ကို ၀မ်းကွဲတစ်ယောက် ရှိတယ်။ သူက သူနဲ့မတည့်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး သူ့အမေကို ချောက်တွန်းတယ်။ အဲဒီကောင်ကို ဟိုမှာတွေ့၊ ဒီမှာတွေ့နဲ့၊ ရုပ်ရှင်ရုံမှာတွေ့၊ ကွမ်းယာဆိုင်မှာ တွေ့နဲ့တဲ့။ အဲဒီတော့ အမေကပြော တယ်။ ''ဟိုကောင်ကို နင်ကဟိုမှာတွေ့ ဒီမှာတွေ့ဆိုတော့ နင်ကလည်း ဟိုရောက်၊ ဒီရောက်မို့နေမှာပေါ့''တဲ့။
(၃)

နောက်သူငယ်ချင်းတစ်ယောက်ကတော့ တစ်ပုံစံ။ သူ့သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် ကောင်းတာတွေကို သာသာထိုးထိုး ပိုပြီးပြောလေ့ရှိတယ်။ အမှန်သိတဲ့လူတွေကျတော့ ပြန်ပြီး ပြောကြတာပေါ့ဗျာ။ အဲဒီလောက်လည်း မဟုတ်ပါဘူးကွာ၊ ဘာညာပေါ့။
(၄)

မောင်စံပေါ တစ်သက်တာမှာ ၀ါးလုံးခေါင်းထဲမှာ ကျဉ်းကျဉ်းလေးနေ၊ နည်းနည်းပဲမြင်ခဲ့တယ် ပြောရမယ်ထင်ရဲ့။ ခေတ်ကာလအလျောက် မူဝါဒချမှတ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ဆန္ဒအလျောက် တံခါးပိတ်ပြီး အိမ်ထဲမှာပဲ နေခဲ့ရတဲ့နှစ်တွေက မနည်းမနောကိုးဗျာ။ ကိုယ်ကအပြင်ထွက်ဖို့ မလွယ်သလို သူများတွေ ကိုယ့်ဆီလာလည်ဖို့ ဆိုတာကလည်း ခက်ခဲခဲ့ပါတယ်။

အဲဒီလို နေလာတာကြာတော့ ကိုယ့်ဘာသာတော့ ဟုတ်သလိုလို ရှိနေခဲ့ပေမယ့် ပြင်ပကမ္ဘာနဲ့ ကွာဟမှုတွေက တဖြည်းဖြည်း ကြီးလာတယ်။ မြင်သာထင်သာရှိတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုကြည့်ရင် ပိုပြီးထင်ရှားတယ်။
ပညာရေးစနစ်မှာ ဆေးဖော်မှားခဲ့တော့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားလည်း တဖြည်းဖြည်း အားနည်းလာတယ်။ အာရ် (R) နဲ့စတဲ့ အင်္ဂလိပ် စာလုံးတွေကို ပီအောင် အသံမထွက်နိုင်ဘဲ 'လ' သံဘက်နွယ်တဲ့ အသံထွက်တဲ့ အိမ်နီးချင်းတွေကတောင် နှိမ်ချင်တယ်။ 'ဘို'လိုလေး သွက်သွက်လက်လက် ပြောတတ်သူတွေ့ရင် အံ့အားသင့်သလို။

(၅)

''ပြောသာပြောရတာ၊ ငါ့အမျိုးတွေလည်းသိပ်တော့ ကောင်းလှတာ မဟုတ်ဘူး'' တဲ့။ ဘကြီးတစ်ယောက် ပြောဖူးတယ်။

မောင်စံပေါလည်း တွေ့ဖူးပေါ့ဗျာ။ တစ်ယောက်ယောက်မှာ တစ်ခုခုပြောစရာရှိရင် ထီးချိုင်းကြားညှပ် ရွာလည်ပြီးပြောတာမျိုး။ ကောင်းတာတစ်သိန်းကြားမှာ ဆိုးတာတစ်ခုကို ပုံကြီးချဲ့တာမျိုးဗျာ။

မအောင်မြင်သေးရင်လည်း အားပေးရပါမယ်။ နည်းလမ်းရှာကြံ ရပါမယ်။ ရှုံးတဲ့အခါမှာ အသုံးမကျကြောင်းတွေ သောင်းသိန်းသန်းကုဋေ မပြောကြပါနဲ့။ အပြုသဘော ဝေဖန်ခြင်းနဲ့ အပုပ်ချရှုတ်ချ အပြစ်တင်ခြင်းဟာ လုံးဝကွာပါတယ် ...
(၆)

ပြောရဦးမယ်။ ကြုံဖူးတာတစ်ခု။ ကုမ္ပဏီကြီးတစ်ခုရဲ့ အရောင်းမြှင့်တင် ညစာထမင်းစားပွဲကြီးတစ်ခုမှာဗျာ ကျင်းပတာက စီးပွားရေးမြို့တော်ရဲ့ ဟိုတယ်ကြီးတစ်ခုမှာ။

အခမ်းအနားကြီးကလည်း ခမ်းနားပေါ့ဗျာ။ ဆိုတီးကတာတွေက စုံမှစုံ၊ ကောင်းမှကောင်းဗျာ။ အဲအခမ်းအနားမှူး သူငယ်လေးကလည်း သွက်သွက်လက်လက်နဲ့ ဘောင်းဘီလက်ရှည်နဲ့၊ အမောက်နဲ့၊ စိန်နားကပ်လည်း ပန်ထားသေးဗျ။ ဒီသူငယ်လေး တော်သားဟလို့ အောက်မေ့ထား သမျှ ပေးခဲ့တဲ့အမှတ်တွေပြုတ်တဲ့ ကိစ္စပေါ်လာတယ်။

အခမ်းအနား အစီအစဉ်အရ ဧည့်သည်တော် မန်နေဂျင်းဒါရိုက်တာက နှုတ်ခွန်းဆက်စကား ပြောတယ်။ အိမ်နီးချင်းနိုင်ငံကပါ။ သိပ်မပီသလှတဲ့ ဘိုသံနဲ့ စကားပြောတယ်။ ရိုးရိုးလေးပါ။
ဆန်းတာက ဟိုသူငယ်။ အခမ်းအနားမှူး။ သူက စာရွက်ကြီးကြည့်ပြီး မြန်မာလို ဘာသာပြန်ပေးသဗျ။ လွဲတာတွေလည်း ရှိသဗျာ။

ဒုက္ခပါပဲ။ ညစာစားပွဲတက်လာတဲ့ အရောင်းကိုယ်စားလှယ်ကြီးတွေ အားလုံးလိုလိုဟာ နိုင်ငံခြား ခဏ ခဏ သွားနေသူတွေ၊ ဘိုလိုလည်း တတ်ပဗျာ။ ဧည့်သည်တော်ကြီး မိန့်ခွန်းပြောအပြီး စားပွဲကိုပြန်အရောက်မှာ ထုံးစံအတိုင်း ချီးမွမ်းကြ၊ လောက၀တ်အရ လက်ဆွဲ နှုတ်ဆက်ကြနဲ့ပေါ့ဗျာ။ ထိုင်ပြီးတဲ့ခဏမှာ ဆရာသမားက မေးခွန်းထုတ်ပါရော။ ''ငါပြောတာကို အခမ်းအနားမှူးက မြန်မာလို ဘာသာပြန်ပြီး ပြောတာတွေ့တယ်။ အင်္ဂလိပ်လို မတတ်ကြလို့လား။ ငါပြောတဲ့အင်္ဂလိပ် အသံထွက်ကပဲ ညံ့နေတာလား''တဲ့။
ပြောရခက်ပါဘိခြင်း။

ဝိုင်းထဲကတစ်ယောက်က ဟိုသူငယ်ကို ဘယ်အချိန်က တောက်ညင်ကပ်နေတယ် မသိပါဘူး။ ပြောလိုက်တယ်။ ''အခမ်းအနားတက်တဲ့လူတွေ အင်္ဂလိပ်လို တတ်ကြပါတယ်။ မင်းပြောတာလည်း ကောင်းပါတယ်။ အဲဒီသူငယ် သက်သက်လျာရှည်ပြီး လျောက်ပြန် လျောက်ပြောနေတာပါ ကွာ'' တဲ့။ ကောင်းဗျာ။
(၇)

ခက်တဲ့အထဲမှာ လူတွေရဲ့ အကျင့်တွေလည်း ပါတယ်။ တချို့တွေဆို ဘာကိုဖြစ်ဖြစ် အပြစ်တင်ချင်တဲ့လေနဲ့ စတယ်။ အချစ်မ၀င်ရင် အပြစ်တင်ဖို့ဆိုတာ လွယ်ပါတယ်။

တံခါးတွေ ပိတ်ထားတော့ မှောင်သတဲ့။ ဖွင့်ပြန်တော့ မျက်စိကျိန်းတော်မူသတဲ့။
တံခါးတွေပိတ်ထားတော့ လေကောင်းလေသန့် မရဘူးတဲ့။ ဖွင့်ပြန်တော့ ဖုန်တွေသဲတွေ ၀င်သတဲ့။ တံခါးတွေပိတ်ထားတော့ ဘာမှမတွေ့ရဘူးတဲ့။
ဖွင့်ပြန်တော့ မျက်စိနောက်သတဲ့။ လူတွေများ ပြောပါတယ်။

(၈)

ပြောချင်တဲ့လူတွေအများထဲက တချို့ကြောင်း ပြောပါဦးမယ်။

ဟိုတယ်ကြီးတစ်ခုရဲ့ ဧည့်ဆောင်မှာပါ။ ကျုပ်တို့အမျိုးတစ်ယောက်က ပီသပြတ်သားတဲ့ အင်္ဂလိပ်စကားနဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို ရှင်းလင်းပြောကြားနေတယ်။

နံဘေးနားကပ်လျက် စားပွဲဝိုင်းကဆိုတော့ အတိုင်းသား ကြားနေရသပေါ့ဗျာ။ ငါ့လူအင်္ဂလိပ်လိုပြောတာ ဟုတ်လှပါလားဆိုပြီး ပိုအာရုံစိုက် နားစွင့်မိတယ်။
လားလား ဧရာမ စီးပွားရေးကိစ္စကြီးတွေ၊ စီမံကိန်းကြီးတွေအကြောင်း  ပြောနေတာကိုး။ ကိုယ့်လူက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကစပြီး လူသားအရင်းအမြစ်၊ အခြေခံအဆောက် အအုံစတာတွေ တသီကြီး ပြောနေတာ သူပြောသမျှတစ်ခုမှ အကောင်းမရှိဘူး။

နိုင်ငံခြားသား ဧည့်သည်တစ်ယောက်က ပြန်ပြောတယ်။ ''မင်းပြောသလိုဆိုရင်ကွာ ဘယ်သူမှ ယုံယုံရဲရဲနဲ့လာပြီး အလုပ်လုပ်စရာ အကြောင်းမရှိတော့ဘူး။ အခုလက်ရှိ လုပ်နေကြသူတွေက ရူးလို့ လုပ်နေကြတာလား။ ငါကတော့ အဲဒီလို မထင်ပေါင်'' တဲ့။
(၉)

အသိအမှတ်ပြုသင့်တာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျေးဇူးတင်ထိုက်ရင် ကျေးဇူးတင်တတ်ရပါမယ်။ ''မင်းဆေးစွမ်းလို့ မဟုတ်ဘူး၊ ငါ့စအိုကျယ်လို့ပါ''ဆိုတာမျိုး မဖြစ်သင့်ပါ ဘူး။

မအောင်မြင်သေးရင်လည်း အားပေးရပါမယ်။ နည်းလမ်းရှာကြံရပါမယ်။ ရှုံးတဲ့အခါမှာ အသုံးမကျကြောင်းတွေ သောင်းသိန်းသန်းကုဋေ မပြောကြပါနဲ့။ အပြုသဘောဝေဖန်ခြင်းနဲ့ အပုပ်ချရှုတ်ချ အပြစ်တင်ခြင်းဟာ လုံးဝကွာပါတယ်။

မနိုင်ဝန်ကို စွမ်းသမျှအားနဲ့ ထမ်းနေကြချိန်မှာ နည်းနည်းလေးမှဝင် မကူညီကြဘဲနဲ့ ရလဒ်တစ်ခုပေါ်ထွက်လာမှ အသုံးမကျဘူး၊ မပြောသင့်ပါဘူး။
(၁၀)

လူဆိုတာ အားနည်းချက်တွေနဲ့ပါ။ ကိုယ့်အားနည်းချက်ကို ကိုယ်သာ အသိဆုံးမို့ ပြင်ကြဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်ပြင်သလို အများအတွက်လည်း အထောက်အပံ့မဖြစ်တောင်မှ အနှောင့်အယှက် မဖြစ်စေသင့်ပါဘူး။

အနိမ့်ကနေတက်ဖို့ ကြိုးစားနေသူတစ်ယောက်ကို ဆွဲမတင် ချင်ရင်တောင်မှ၊ ဆွဲမတင်နိုင်ရင်တောင်မှ တစ်နည်းတစ်လမ်းကနေ အားပေးရင် ကောင်းတာပေါ့ဗျာ။ ကန်ချဖို့ ခြေထောက်ရွယ်နေတယ်ဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်။
(၁၁)

လူတချို့က သူတို့လုပ်ရပ်တွေကို သူတို့ကိုယ်တိုင် ဘာလုပ်နေသလဲဆိုတာ သိတယ်။ ဘယ်လိုဦးတည်ချက်နဲ့ လုပ်နေရတာလဲဆိုတာ သိတယ်။ လူတစ်ဦးတစ်ယောက် အကျိုးစီးပွား၊ လူအုပ်စုတစ်စု၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားအတွက် သက်သက်ကလွဲရင် ကျန်တဲ့ သန်း ပေါင်းများစွာသော လူတွေအတွက်၊ ကိုယ့်ရဲ့ တိုင်းပြည်အတွက် ကောင်းတဲ့ ရည်ရွယ်ချက်၊ မွန်မြတ်တဲ့ စေတနာ ဘာဆိုဘာမှမရှိဘူးဆိုတာ ကာယကံရှင်တွေကိုယ်တိုင် သိကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ်အိပ်မွေ့ချပြီး အရူးချီးပန်း လျှောက်လုပ်ကြတယ်။ လျှောက်အော်ကြတယ်၊ ပြောကြတယ်။ 'ငါတို့မှ တိုင်းပြည်ကို တကယ်ချစ်တာ၊ တိုင်းပြည်အတွက် တကယ်လုပ်နေတာ' တဲ့။
(၁၂)

တချို့ကကျတော့ တစ်မျိုးဗျ။ ကိုယ့်ဘာသာဘာလုပ်လို့ ဘာကိုင်မှန်းမသိကြသူတွေ၊ သတိမရသူတွေ၊ ဘာပြောလို့ ဘယ်ရောက်မှန်း မသိကြ၊ ဘယ်သွားလို့ ဘယ်ပေါက်မှန်း မသိကြသူတွေ ရှိတတ်ကြတယ်။

ဟိုဟာ ကြားပြန်ပြော၊ ဒီဟာ ကြား ဒီစကားလက်ဆင့်ကမ်းနဲ့။တောင်နံရံနှင့်တူသောလူများလို့ ဆိုချင်ရဲ့။ ပဲ့တင်သံပြန်ရုံသက်သက်ပဲ။ နားကနေ ခေါင်းထဲကိုပို့ပြီးမှ ပါးစပ်က ပြန်ထုတ်တာမဟုတ်ကြဘူး။

(၁၃)

ပြောင်းချင်ကြတယ်။ ကောင်းချင်ကြတယ်။ အကောင်းပြင်ကြ မယ်ဆိုရင် အကောင်းမြင်တတ်ကြဖို့ လိုပါတယ်။

အပြောင်းအလဲမှာ ခေါင်းမကွဲဖို့ လိုပါတယ်။ အတွေးအခေါ်တွေ၊ ယုံကြည်ချက် ခံယူချက်တွေ မတူကွဲ ပြားနိုင်ပါတယ်။ ဒါပေမဲ့ စေတနာ ကောင်း၊ စေတနာမှန်တွေရှိတာတော့ တူကြမယ်လို့ ယုံကြည်ပါတယ်။
(၁၄)

'ကိုယ့်ပေါင်ကို သူများလာထောင်းရင်နာတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ မနာဘူးပေါ့' ဆိုတဲ့ ကာတွန်းတစ်ခုကို သတိရမိပါတယ်။ မောင်စံပေါအမြင် ပြောရရင်တော့ သိသိကြီးနဲ့ပဲထောင်းထောင်း မသိမသာဘဲထောင်းထောင်း၊ မသိလို့ ဘဲထောင်းထောင်းနာပါတယ်။ ပို တောင်မှ ခံရခက်တယ်။ မလုပ်ကြပါနဲ့ဗျာ။
'ကိုယ့်တပ်ကို ကိုယ်ပြန်မနင်းပါနဲ့။


EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis