menu

Sunday 8 July 2012

ပညာလိုပါသလား(ဒေါက်တာခင်မောင်ညို)

တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ်ဖက်နိုင်ငံက စာတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။

မြ၀တီမြို့ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများ
ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာသွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။
''ကျောင်းသွားတဲ့ကလေးတွေတော့ အများကြီးပါပဲလား''
''လူငယ်တွေ ဘယ်ရောက်သွားကြလဲ'' မောင်ဘသစ် မေးခွန်းတွေ ထုတ်နေမိသည်။ ''သူတို့တစ်ဖက်နိုင်ငံ သွားအလုပ်လုပ်ကြတယ်''
''အင်း''
''ဒီလိုဖြစ် နေကြတာတော့ ကြာပြီပဲ''

''အင်း''
ရွာက ရော်ဘာခြစ်သူတွေ ဆေးလိပ်လိပ်သူတွေ မလေးရှားသွားကြသည်။ ငါးလှေလိုက်သူတွေနဲ့ ခြံစိုက်သူတွေက ထိုင်းကိုသွားကြသတဲ့။ အလုပ်သွားလုပ်သူတွေရဲ့ အလုပ်တွေက အမျိုးမျိုးဆိုပေမယ့် တူညီတာကတော့ အားလုံးဟာ အောက်ခြေအလုပ်တွေကိုသာ လုပ်ရသည်။
3D ဟုခေါ်သည့် Danger, Dirty Esifh Difficult  ဖြစ်သည့် အလုပ်တွေကိုသာ လုပ်ရသည်။ သူတို့ရသော လုပ်ခဟာလည်း အနှိမ်ခံ လုပ်ခပါ။ တရားမ၀င် လုပ်ရတာတွေ များသည်။ ပြန်ရောက်သူတွေကို ကိုဘသစ်မေးကြည့်တယ်။
''ခင်ဗျားတို့ ဟိုကစကားကိုတတ်လား ''
''ထမင်းစားရေသောက်တော့ တတ်တယ်''
''လူရာဝင်အောင်တော့ မတတ်ဘူးဆိုပါတော့''
''တတ်စရာ ဘာလိုလဲဗျာ၊ ကျုပ်တို့က မြန်မာတွေနဲ့ပဲနေကြတာ''
''ဒါဆိုစာတော့ ဝေလာဝေးပေါ့''
''စာတော့မတတ်ဘူး''
စကားမတတ်၊ စာမတတ်၊ အရည်အသွေး(Skill) မရှိတော့လည်း သူခိုင်းတာကို လုပ်ရသည်ပဲပေါ့။ သူတို့အောက်ခြေအလုပ်များကို လုပ်ပြီးရသည့်ငွေကို မိဘတွေဆီ ပို့ကြသည်။ သူတို့သားသမီးတွေကို အဘိုးအဘွားများနှင့် အပ်ထားလေ့ရှိကြပြီး မြန်မာပြည်မှာပင် ကျောင်းထားကြသည်။
''ရတဲ့ငွေတွေနဲ့ ၀ါးတဲတွေကနေ သွပ်မိုးပျဉ်ထောင်ကို ဆောက်လာနိုင်တာပေါ့ဗျာ'' သူကြီး နိုင်ငွေစိုးက ကိုဘသစ်သူငယ်ချင်း ဖြစ်သည်။ နိုင်ငွေစိုးကသူ့ကို ထမင်းစားဖိတ်ကျွေးပါသည်။

တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ်ဖက်နိုင်ငံက စာတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။
''ချမ်းသာ လာသူတွေရှိသလို ရောဂါဖိစီးပြန်လာလို့ ဆေးကုရတာတွေလည်း ရှိတယ်ကွ''
''ဟုတ်ကဲ့''
''မမာဘူး''
''လူပဲဗျာ''
'' အနာတွေပေါက်ပြီး သေတယ်''
''ဒါတွေဟာ AIDS လို့ခေါ်တဲ့ လေးလုံးရောဂါတွေပေါ့။ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အားလုံးကတော့ မသိချင်ယောင် ဆောင်နေကြတယ်'' ကိုဘသစ်စိတ် မကောင်းဖြစ်သွားတယ်။ ဒီရောဂါက ကမ္ဘာ့ကပ်နာပဲ။
''မောင်ညိုလည်း နေမကောင်းဘူး၊ မင်းသွားကြည့်လိုက်ပါဦး'' မောင်ဘသစ်၏ သူငယ်ချင်းမောင်ညို ဘာကြောင့်နေမကောင်း ဖြစ်တာလဲ။
''ဒီကောင်ဘယ်သွား သေးလဲ''
''တောင်အရှေ့ဖက်ကို သွားတယ်''
''ထိုင်းကိုလား''
''အင်း တောင်အရှေ့ဖက်ကို သွားတယ်။ သူ့သားနှစ်ယောက်လည်း နေသိပ်မကောင်းဘူးတဲ့။ ကိုဘသစ်လည်း 'ဒုက္ခပါပဲ'ဟု ညည်းတွားကာ သူငယ်ချင်းအိမ် လိုက်သွားသည်။
'မင်း လေးလုံး ရောဂါရလာတာလား' မောင်ညို ခေါင်းခါသည်။
''ငါတို့က အဲဒီရောဂါကင်းတယ်၊ ဒါပေမဲ့ အလုပ်ပိတာကွ''
''ဘယ်လို ပိတာလဲ''
''တို့ခြံရှင်က တို့သောက်ဖို့ ရေတွေ ကိုဇလုံကြီးနဲ့ ဖျော်ဖျော်ထားပေးတယ်၊ အားဆေး၊ အမောခံတယ်တဲ့။ ငါတို့လည်း သောက်တာပေါ့၊ သူပြောတဲ့အတိုင်း အမောခံနိုင်တယ်။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နိုင်တယ်''
''တယ်ဟုတ်ပါလား၊ ဘာအားဆေးလဲ''
''နောက်မှသိတယ်၊ အားဆေး မဟုတ်ဘူးတဲ့၊ အဲဒါမူးယစ်ဆေးဝါး၊ အက်ဖာတမင်း''
''ဟေ'' သူတို့ကို မက်တာအက် ဖာတမင်း မူးယစ်ဆေးတွေ တိုက်ပြီး ခိုင်းတာကိုး။
'' မြန်မာတွေပဲ သောက်တာလား''
'' ထိုင်းတွေတော့ မသောက်တာများတယ်ကွ၊ တို့လည်း နောက်မှသိတယ်။ သိတော့ ကျန်းမာ ရေးအတော်ချို့ယွင်းနေပြီ''
'' ဒါနဲ့ ပြန်ခဲ့တာလား ''
'' ဟုတ်တယ်ကွ၊ ငါးလှေတွေနဲ့ လိုက်သွားတဲ့လူတွေဆိုရင် မူးယစ်ဆေးတွေစွဲပြီး၊ နောက်ဆုံးလှေပေါ်ကနေ ကန်ချခံရတယ်''
'' ကမ်းမှာလား''
''ပင်လယ်ထဲကို'' ကြောက်စရာကောင်းလှပါသည်။ ပင်လယ်ဆိုသည်မှာ ဥပဒေစိုးမိုးသည့်ဒေသ မဟုတ်ပါ။ ဘယ်လိုသက်တွေ အထောက်ထားတွေမှ မရှိဘဲ။
''ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးဆေးလုပ်စားပြီး ပြန်လာသူတွေတော့ရှိတယ်''
''ဟုတ်လား''
''ရှိတော့ရှိတယ် ရှားတယ်''
ဆင်းရဲတဲ့ဒဏ်လား၊ ချမ်းသာလိုတဲ့ လောဘကြောင့်လား။ ကိုဘသစ် စဉ်စားသည်။ လူတွေကတော့ စွန့်စားကြသည်။ No Man is an island တဲ့။ ဘယ်သူမှ ကျွန်း မဟုတ်ဘူး။ ဘယ်သူမှ ငုတ်တုတ်မခံ ပါဘူး။ စပါးစိုက်သည်။ တောင်သူ လုပ်သည်။ လောက်လောက်ငင မရှိကြပါ။ ပထမ ဖဆပလ အစိုးရ လက်ထက်က SAMB ဆိုသော အဖွဲ့က ကိုဘသစ်တို့ဆီက စပါးဝယ်သည်။ ထိုအချိန်ကလည်း ဈေးနှိမ် ၀ယ်သည်။ နောက်တော့ မဆလ လက်ထက်။ စပါးတွေကို ၀မ်းစာချန် ကျန်တာအကုန်အစိုးရကို ရောင်း ရသည်။ သတ်မှတ်ဈေး။ သတ်မှတ် ထားသော ပမာဏကိုရောင်းရသည်။ တကယ်လို့ မရောင်းနိုင်ရင် ဖမ်းချုပ်သည်။ (အချုပ်တွင် ထမင်းတော့မကျွေးပါ။ အိမ်က ထမင်းပို့ရသည်။) နောက်ဆုံး တာဝန်ကျေအောင် ၀ယ်သွင်းရသည်။
အ၀ယ်ဒိုင်များက ကတ္တားခိုး၊ အလေးခိုးသည်။ စိုထိုင်းဆများသည်ဟု ဈေးလျော့ပြန်သည်။ လယ်သမားတွေ ဖွတ်သထက် ညစ်တော့သည်။ ထို့ကြောင့် အများစုသည် လယ်မလုပ်တော့။ ကိုဘသစ်တို့လည်း ဒီပုတ်ထဲက ဒီပဲမဟုတ်ပါလား။ ဖခင်ကြီး၏ လယ် ၆၄ ဧကကို စွန့်ကာ မြို့တက်သည်။ လခစား လုပ်သည်။ လယ်တွေကို အစိုးရက တဖြည်းဖြည်း သိမ်းသွားသည်။ အချို့လယ်မလုပ် ယာမလုပ် ရရာလုပ်။ အရက်သမားဖြစ်ကာ သေသွားသော ကိုဘသစ်သူငယ်ချင်းတွေ အများကြီးပါပဲ။ ခုတော့ သူငယ်ချင်းများ၏ သားသမီးတွေပေါ့။ သူတို့ကတော့ တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ် ဖက်နိုင်ငံက စာတွေ စကားတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။ ကိုဘသစ် ဘာလုပ်ရမလဲ။ ခုလွှတ်တော်အသစ်ကိုပဲ တင်ပြရမှာလား။ သူတို့က ကျွန်စော်နံတဲ့သူလို့ ပြောမှာလား။ ဒါမှမဟုတ် ငုတ်တုတ်လေးပဲ နင်းပြားအဖြစ် နေကြမှာလား။ ပွင့်လာတဲ့အစိုးရကို ပွင့်ပွင့်လင်းလင်းမေးလိုတဲ့ ကိုဘ သစ် မပွင့်နိုင်သေးပါလား။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis