menu

Sunday 8 July 2012

မြန်မာလူမျိုးတွေကိုချစ်တဲ့ ထိုင်းအနုပညာရှင်ရဲ့ ၀ိုင်ယာပန်းပုပြပွဲ


မြန်မာပန်းချီဆရာတွေ အပါအ၀င် အထင်ကရပုဂ္ဂိုလ်ကျော်တွေရဲ့
ပုံတူ တွေကို ၀ိုင်ယာကြိုးတွေ အသုံးပြုပြီး ပြုလုပ်ထားတဲ့ ထိုင်းပန်းချီ၊ ပန်းပုပညာ ရှင် နာရုဏ်ယွတ်တောင်းယူရဲ့လက်ရာ ပန်းပုရုပ်တွေကို ဇူလိုင် ၃ ရက်နေ့ကစပြီး ၇ ရက် နေ့အထိ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ်ပန်းချီပြခန်းမှာ ပြသလျက် ရှိပါတယ်။
အဲလ်ဘတ်အိုင်းစတိုင်း၊ မဟတ္တမဂန္ဒီ၊ ပီကာဆို၊ စတိဗ်ဂျော့ အစ ရှိတဲ့ကမ္ဘာ ကျော်တွေအပြင် မြန်မာနိုင်ငံမှ အထင် ကရဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထု ဒေါ်အမာ၊ ဦးပေါ်ဦးသက် စသူတို့ရဲ့ ၀ိုင်ယာပန်းပုတွေကို ပြပွဲမှာ ကြည့်ရှုခံစား ရမှာဖြစ်ပါတယ်။

ဒီပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိပန်းချီပြခန်းမှာ မကြာခဏ ပြပွဲသွားလုပ်လေ့ရှိတဲ့ မြန်မာပန်းချီဆရာ နေမျိုးဆေးက စီစဉ်ကျင်းပ ပေးတာ ဖြစ် ပါတယ်။
"ကျွန်တော် သုဝဏ္ဏဘူမိမှာ ပန်းချီပြပွဲ မကြာခဏလုပ်ပါတယ်။ အဲဒီမှာ ထိုင်း ပန်းချီဆရာလေး နာရုဏ်ယွတ်နဲ့ဆုံတယ်။ သူ့ ပန်းပုလက်ရာတွေက စိတ်ဝင် စားစရာ အရမ်းကောင်းတယ်။ တစ်နေ့မှာ ကျွန်တော့ကို ထိုင်ခိုင်းပြီး ချက်ချင်း ၀ိုင်ယာကြိုးခွေပြီး ပန်းပုလုပ်ပါတယ်။ မြန်မာပန်းချီဆရာတွေ ချင်းမိုင် သွားရင် လည်း သူတို့ရဲ့ပုံတွေကို ၀ိုင်ယာကြိုးတွေ ခွေပြီး ပန်းပုပြုလုပ်လေ့ ရှိတယ်"လို့ ထိုင်းပန်းချီဆရာအကြောင်းကို ကိုနေမျိုး ဆေးက ပြောပြပါတယ်။
"၀ိုင်ယာပန်းပုဆိုတော့ ဒီမှာ မြင်ရခဲတဲ့ ပုံမျိုးဖြစ်ပါတယ်။ နောက်ပြီး သူပြုလုပ်တဲ့ အရုပ်အများစုကလည်း မြန်မာပြည်က အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်ပြီး သူ့လက်ရာကိုလည်း သဘောကျတဲ့အတွက် ပြပွဲလေးစီစဉ်ဖြစ်တာပါ"လို့လည်း ပြပွဲ ကျင်းပဖြစ်ပုံကို ပြောပြပါတယ်။
ပြပွဲမှာ ၀ိုင်ယာပန်းပုပေါင်း ၅၀ လောက်ကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ မစ္စတာ နာရုဏ်ယွတ်က အားလပ်ချိန်တွေမှာ ပန်းချီ ဘောင်ကြက်ပြီး ပိုလို့ပစ်ထားတဲ့ ၀ိုင်ယာကြိုးတွေကို ကောက်ယူ ပြီး ပန်းပုအသေးစားလေးတွေ ခွေကြည့်ရာက ခုလိုမျိုး ပြပွဲကျင်းပ တဲ့အထိ ဖြစ် လာခဲ့တယ်လို့ ပြောပါတယ်။
သူက သုဝဏ္ဏဘူမိပြခန်းမှ အလွတ် တန်းပန်းချီဆရာတစ်ဦးဖြစ်ပြီး ပြခန်း ကို မြန်မာပန်းချီဆရာတွေ လာရောက် ကြတဲ့အခါ သိကျွမ်းရင်းနှီးခွင့်ရခဲ့တယ် လို့လည်း ပြောပါတယ်။
"နောက်ပိုင်းမှာ ကျွန်တော် ဆုံရတဲ့ မြန်မာပန်းချီဆရာတွေရဲ့ ပုံတူတွေကို ၀ိုင်ယာနဲ့ ပန်းပုစတင် ပြုလုပ်ဖြစ်သွားတာပါ" လို့ ပန်းချီ ဆရာ နာရုဏ်ယွတ်က ပြောပြပါတယ်။
သူက အစပိုင်းမှာတော့ ၀ိုင်ယာကြိုး တွေနဲ့ ရိုးရှင်းတဲ့ပုံတူပန်းပုတွေကို ပြုလုပ် ခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ ပန်းချီဆရာမ မသိင်္ဂီတို့ရဲ့ ပုံတူပန်းပုပြုလုပ်ရာမှာတော့ မျက်မှန်အစစ်တွေကို ၀ိုင်ယာပန်းပုမှာ တပ်ဆင်ပြုလုပ်ဖို့ စိတ်ကူး ရခဲ့တဲ့အပြင် ၀ိုင်ယာပန်းပုတွေကို အရောင်တွေ ခြယ် ပြီး ပိုပြီးအသက်ဝင်တဲ့ လက်ရာတွေ ပြုလုပ်တတ်လာတယ်လို့ ဆိုပါတယ်။
"သုဝဏ္ဏဘူမိပန်းချီပြခန်းမှာ လာ ရောက်ပြသတဲ့ မြန်မာပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို ချိတ်ဆွဲပေးရတာကို ပျော်တယ်။ ဘယ်ပန်းချီဆရာပဲ ရောက် လာရောက်လာ ကျွန်တော်နဲ့ ညီအစ်ကိုလို ခံစားမိတယ်။ သူတို့နဲ့ဆွေမျိုးသားချင်းလို တစ်သားတည်း တစ်ထပ်တည်း ဖြစ် သွားတယ်လို့ ခံစားရတယ်။ "ဟိုးအရင် မြန်မာတွေနဲ့ ယိုးဒယား တွေ စစ်ချီတုန်းက စစ်သားဘ၀နဲ့ စစ်ပွဲ မှာ ကျခဲ့ပြီး မြန်မာတွေနဲ့ ပြန်ဆုံတွေ့ဖို့ ကျွန်တော် ဒီမှာတစ်ခါ ပြန်မွေးဖွားလာ တာလားလို့ တောင်ထင်မိတယ်။ ကျွန်တော် မြန်မာ ပန်းချီဆရာတွေကို ချစ်တယ်။ မြန်မာပန်းချီဆရာတွေရဲ့ ပန်းချီကားတွေက အရမ်းနာမည်ကြီးပေမယ့် သူတို့ နေထိုင်ပုံတွေက အရမ်း နှိမ့်ချတတ်ပြီးရိုးသားကြတယ်"လို့ မြန်မာ ပန်းချီဆရာတွေကို ချစ်ခင်ပုံကို ပြောပြပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းချီဆရာ ပေါ်ဦးသက်၊ လူထုဒေါ်အမာ၊ ဦးသန့် နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ပုံတူပန်းပုတွေကိုတော့ ဓာတ်ပုံတွေကို အခြေခံပြီး ပြုလုပ်တာလို့ မစ္စတာနာရုဏ်ယွတ်က ပြောပါတယ်။
သူပြုလုပ်တဲ့ ပန်းပုအများစုက မြန်မာနဲ့ နိုင်ငံတကာမှ အထင်ကရပုဂ္ဂိုလ်တွေများကာ ထိုင်းနိုင်ငံမှ ထိုင်းမင်းသမီး သီရိဒုံနဲ့ ကဗျာဆရာ တစ်ယောက်ရဲ့ပုံတူ နှစ်ခုပဲ လုပ်ခဲ့ဖူးပြီး ပြပွဲမှာ ထည့်သွင်းမပြသထားဘူးလို့လည်း ပြောပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis