menu

Sunday 8 July 2012

မြန်မာနိုင်ငံ ပညာရေးမျိုးဆက် ပြတ်မှု တန်ဖိုးကြီးစွာ ပေးဆပ်နေရ


တစ်ခေတ်တစ်ခါက အာရှတိုက်၏ အကောင်းဆုံး ပညာရေးစနစ် တည်ရှိခဲ့ရာ ရန်ကုန်တက္ကသိုလ်သည် နှစ်ပေါင်း ၅ဝ နီးပါးကြာမြင့်ခဲ့သည့် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး ကာလအတွင်း တက်ကျိုးခဲ့ရပြီးလေပြီ။ ကျောင်းသားတို့ ဦးဆောင်သော အုံကြွမှုများကို စိုးရွံ့သည့် အစိုးရက ရန်ကုန်တက္ကသိုလ်အပါအဝင် အခြား တက္ကသိုလ်ကောလိပ်များကို ပိတ်ကာ၊ တက္ကသိုလ်ကျောင်းသားများကို အစွန်အဖျားဒေသများသို့ ပို့ဆောင်ခဲ့ကြသည်။
ယခုအခါ မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရန် တံခါးဖွင့်လာခဲ့ပြီ။ ဤတွင် ကြီးမားလှသည့် ပညာရေးတန်ဖိုးကို မြန်မာတို့ ပေးဆပ်ကြရပေတော့မည်။ တက္ကသိုလ်ကျောင်းသားများကို ဖြိုခွင်းခဲ့ခြင်းဖြင့် ပညာရေးမျိုးဆက် ပြတ်ခဲ့ရသော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျင်မြန်မည်မဟုတ်။

မျှော်လင့်မထားသော ပြုပြင်ပြောင်းလဲရေးများဖြင့် စစ်တပ်၏ အာဏာဆုပ်ကိုင်မှုကို ဖြေလျော့ကာ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းများ စတင်စေခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပညာရေးကဏ္ဍကို    မြှင့်တင်ပေးရန်နှင့် ပြည်ပကျွမ်းကျင်သူများ အကူအညီဖြင့် နိုင်ငံတကာအဆင့် ရောက်ရှိရေး ဆောင်ရွက်ရန်တို့ကို သူ၏ ပထမဆုံးသော သမ္မတမိန့်ခွန်းတွင် ကတိပြုပြောကြားသွားခဲ့သည်။
ပညာရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၄ဝ မှ ၇၄ဝ အထိ ဧပြီလအတွင်းက တိုးမြှင့်ပေးခဲ့သည်။
ပညာရေးမျိုးဆက် ပြတ်တောက်မှုဒဏ်ကို ခံစားနေရသည့် မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ  ဝင်ရောက် လာသည့်အခါ  အရည်အချင်း ပြည့်ဝသော ဒေသခံများမရှိခဲ့လျှင် ရင်းနှီးမြှုပ်နှံသူတို့က ပြင်ပမှ ခေါ်ဆောင်လာခြင်းဖြင့်    မြန်မာတို့အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးကြရဦးမည် ဖြစ်ကြောင်းလည်း UNESCO အဖွဲ့မှ ပညာရေး ကျွမ်းကျင်သူ Sardar Umar Alam က ပြောကြားခဲ့သည်။
နိုင်ငံခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်၊ ၁၉၆ဝ ခုနှစ်များအတွင်း အတန်းငယ်များ၌ အင်္ဂလိပ်စာ သင်ကြားခြင်းကို တားမြစ်ခဲ့သည်မှစ၍ တစ်ချိန်က ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့သော မြန်မာနိုင်ငံသားတို့၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုမှာ နှမြောတသဖွယ်ရာပင် ဆုံးရှုံးခဲ့ရတော့သည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ
ပညာရေး မျိုးဆက်ပြတ်မှု၏ အစသည်ကား၊ ၁၉၆၂ ခုနှစ် အတွင်း စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် အတိုက်အခံတို့ မှီခိုရာ ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံအား စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းပင် ဖြစ်သည်။ ၁၉၈၈ ခု ဒီမိုကရေစီ အရေးလှုပ်ရှားမှုအပြီးတွင်မူ ပညာရေးတစ်ခေတ် ၏ အမှောင်ဆုံးနေ့ရက်များ ကျရောက်လာခဲ့ရသည်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တားဆီးရန်အတွက် တက္ကသိုလ်ကျောင်းများ ကိုပိတ်ကာ၊ ကျောင်းသားများကို    နေရပ်ပြန်စေခဲ့သည်။
ကျောင်းသားများကို ထိန်းချုပ်နိုင်ရန် လိုအပ်သည် ဟူသော အသိအမြင်ဖြင့် တက္ကသိုလ်ဘဝကို ဖျက်ဆီးခဲ့ကြကြောင်း    မြန်မာအတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗြိတိသျှပါလီမန်တွင် ဇွန်လအတွင်း မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့ပညာရေးစနစ်သည် မျှော်လင့်ချက်ကင်းမဲ့စွာ ချည့်နဲ့လျက်ရှိကြောင်း Oxford တက္ကသိုလ်တွင် ပြောကြားသည့် မိန်းခွန်းတစ်ရပ်၌လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပြန်သည်။။ ပြုပြင်ပြောင်း လဲရေးလုပ်ရန် လိုအပ်ကြောင်း၊ ကျောင်းများနှင့် သင်ရိုးလမ်းညွှန်များသာမက ဆရာမများ၏ လေ့ကျင့် သင်ကြားပေးမှုကိုလည်း    ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ ထို့ထက်မက မိမိတို့၏ကျဉ်းမြောင်း ကျပ်တည်းသော ပညာရေးအပေါ် သဘောာထား အမြင်ကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်က ဆက်လက် ပြောကြားသွားခဲ့သည်။
နိုင်ငံတော်အစိုးရကလည်း နိုင်ငံတစ်ဝန်းရှိ ကျောင်းသူ ကျောင်းသား ကိုးသန်းခန့်အား ဖွံ့ဖြိုးတိုး တက်စေရန် ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ဆရာ၊ ဆရာမတို့၏ လစာကိုလည်း တစ်လလျှင် အမေ ရိကန် ဒေါ်လာ ၃ဝ ခန့်အထိ တိုးမြှင့်ပေးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ကျေးလက်ဒေသခံတို့ပင်လျှင် ထို ပမာဏ၏ နှစ်ဆမျှကို ရရှိနိုင်ကြသည်။
နိုင်ငံခြား တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်မှုများလည်း ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ John Hopkins တက္ကသိုလ်က ရန်ကုန် တက္ကသိုလ်တွင် Center of Excellence ပညာသင်ကျောင်း ထူထောင်ကာ၊ ဘွဲ့ရကျောင်းသားများနှင့် ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားပေးရန် စီမံကိန်း ရေးဆွဲလျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်၏ စာကြည့်တိုက်မှူးဟောင်း လည်းဖြစ်၊  ပြည်သူအများ လေးစားကြသည့် စာပေပညာရှင် ဦးသော်ကောင်းက ပညာရေးပြုပြင်ပြောင်းလဲမှုများကို သမ္မတက တွန်းအားပေးနေကြောင်း၊ သို့ရာတွင် အထက်မှ အောက်သို့ တွန်းအားပေးခြင်းမျိုးသာ ဖြစ်၍ ညွှန်ကြားရေးမှူးချုပ် အဆင့်ခန့်တွင် ရပ်တန့်သွားလေ့ရှိကြောင်း၊ အစိုးရသည်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ အသံကို နားစွင့်လျက်ရှိကြောင်း၊ အချို့ကိုယ်စားလှယ်များ၏ ခက်ခဲသော မေးခွန်းများမှာ ဝန်ကြီးများအနေဖြင့် အဖြေမရှိကြောင်း၊ ပြောကြားခဲ့သည်။
များစွာသော ပညာတတ် မြန်မာတို့ကမူ၊ သမ္မတ အကြံပေးအရာရှိ ဦးမြင့်၏ လှိုက်လှဲသော အိတ်ဖွင့်ပေးစာပါ ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရေး၊ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို လူထု အလှူငွေဖြင့် ပြန်လည် တည်ဆောက်ရေးတို့ကို ဦးစီးဆောင်ရွက်ပေးမည့်သူအား စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ ဦးမြင့်က သူ၏အိတ်ဖွင့်ပေးစာတွင် ရန်ကုန်တက္ကသိုလ်သည် အမျိုးသား ရင်ကြားစေ့ရေး၏ ထင်ရှားသော မှတ်တိုင်တစ်ရပ်    ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာသစ် တစ်ရပ် အစပြုဖွင့်လှစ်ရန် အမှတ်တရဖြစ်ဖွယ်ရှိသော နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု ဖော်ပြသွားခဲ့သည်။
ထွက်ပေါ်လာမည့် ရလာဒ်သည် အစိုးရအဖွဲ့၏ ပညာရေးပေါ် အလေးအနက်ထားရှိမှုကို ဆန်းစစ် လိုက်သည့် အရေးပါသော စမ်းသပ်မှုတစ်ရပ်အား သက်သေပြုလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။
Ref: Myanmar Pay, Price For Lost Generation of Educated. Associated Press, June 28, 2012
Independent News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis