menu

Friday 20 July 2012

နောက်ဆုံး အခန်းငယ်လေးဆီသို့

 “ရှင့်ကို ဘယ်နှခါပြောရမလဲ အပြင်တစ်ယောက်တည်းမထွက်ပါနဲ့လို့ရှင်ဟာ ကျွန်မပြောတဲ့ စကားကို တသက်လုံးနားထောင်မယ့်သူမဟုတ်ဘူးနောက်တခါ အပြင်တစ်ယောက်တည်းသွားမယ်ဆို ကျွန်မကို တသက်တာ နှုတ်ဆက်ပြီးမှသွား ဟုတ်ပြီလား.. ဒါမှ ကျွန်မရှင့်ဈာပနာအတွက်ကြိုအကြောင်းကြားပေးလို့ရမယ်”

တံခါးခေါက်ဖို့လှမ်းလိုက်တဲ့ လက်က အထဲကအော်ဟစ်သံနဲ့အတူပျံ့လွင့်လာတဲ့ အသံတုန်ရီရီကြောင့်ကျွန်တော်တန့်သွားပြီး ပြန်ထွက်ခဲ့သည်။ ရင်ဘတ်ပေါ်ချိတ်ဆွဲထားတဲ့ ရွှေရောင်နာရီအိမ်လေးကိုငုံ့ကြည့်မိတော့ မနက် ၈နာရီ ၂၀ ရှိပြီ။
အချိန်နဲ့ စားရသောက်ရတဲ့ သူတို့အဖို့ဒီအတိုင်းထားခဲ့ဖို့မဖြစ်နိုင်၊မနက်စာလွတ်သွားနိုင်သလို ဆေးသောက်ချိန်လည်းနောက်ကျနိုင်တာမို့ခုနကအခန်းဆီသို့ပြန်လှည့်လာခဲ့သည်။
“ဒေါက်ဒေါက်”
“ဟုတ်ကဲ့ဝင်ခဲ့ပါ” အထဲကခွင့်ပြုသံကြားတာနဲ့  ကျွန်တော်တံခါးလေးကို အသာဟရုံဖွင့်ပြီး
“မနက်စာစားဖို့အချိန်ရောက်ပါပြီ ခင်ဗျာ ..နောက်တောင်ကျနေပြီ ခင်ဗျ ”
“ဟေ ဟုတ်လား…ဒီအဖိုးကြီး ငါပြောပါတယ် မနက်စာအချိန်နောက်ကျမှာစိုးလို့ပြောပါလို့..တကယ်ပဲ” အဖွားကြီးရဲ့ဗျစ်တောက်တောက် ရေရွတ်သံနဲ့အတူ နှစ်ယောက်စလုံးကအလောတကြီးပဲ ထမင်းစားခန်းသွားဖို့ ထွက်လာကြပါတယ်။
“အား မိန်းမ နင် ငါခြေထောက်ကို နင်းမိပြီဟ”
“အိုး…ကျွန်မမျက်စိကောင်းကောင်းမမြင်တာသိသားနဲ့ ဘာလို့အတင်းလုထွက်ချင်တာလဲ ”
“အေးပါဟာ ငါကိုကနင့်အခန်းလာလည်ပြီး နားပူနားဆာလုပ်တာနားထောင်ချင်မိတာကို ငါမှားပါတယ်”
အဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက် တစ်ယောက်တစ်ပေါက်ပြောကာ ခါးကုန်းကုန်းလေးတွေကြောင့် လဲကျမသွားအောင် တစ်ယောက်ကိုတစ်ယောက် ထိန်းလျှောက်နေတာကို အနောက်မှကြည့်ရင်း ကျွန်တော်ပြုံးနေမိသည်။

တကယ်တော့ ဒီဘိုးဘွာရိပ်သာ(လူအိုရုံ)လေးမှာ ကျွန်တော် Volunteer လုပ်နေသည်မှာ ၆လပင်ကျော်လေပြီ။လူမှုရေးကူညီထောက်ပံ့မှုတွေကို သင်ယူရင်း နှင့် သူတို့ရဲ့ဘဝလေးတွေကို ကျွန်တော်တော်ပင် နားလည်ကာ သံယောဇဉ်လည်းဖြစ်နေပါပြီ။

တကယ်တော့ လူအိုရုံရောက်တဲ့ သူတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ သနားဖို့ကောင်းလှပါတယ်။ တချို့အဖိုးအဖွားတွေက သက်ဝင်ယုံကြည်ရာ ဘာသာရေးအသိနဲ့ ငြိမ်းချမ်းစွာ သူတို့ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းနေကြပါတယ်။

ဒါပေမယ့် ဒီလိုအသိရှိသူတွေက လူအနည်းစုရယ်ပါ။

တော်တော်များများကတော့ ဘဝတလျောက်ရိုက်ခတ်ခံခဲ့ရတဲ့ ဒဏ်တွေကြောင့် တချိန်လုံး ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ဘဝရဲ့နေဝင်ချိန်ကို ပူလောင်စွာစောင့်နေကြပြန်တယ်။ မိသားစုဝင်တွေကို မျှော်ရင်း၊

သေသွားတဲ့ သက်ဆိုင်သူကိုတမ်းတရင်း၊ မှတ်ဥာဏ်စွမ်းရည်ကျဆင်းမှုကြောင့် စိတ်ပုံမှန်မဟုတ်တော့တဲ့ သူတွေ၊အဆိုးတွေပဲကယောင်ကတမ်းမြင်ယောင်ရင်း ဆိုးဆိုးဝါးဝါးကို တချိန်လုံးငိုယိုဆဲဆိုတိုင်တောနေသူတွေ၊

ရောဂါကြောင့် အိပ်ယာထဲလဲပြီး မလှုပ်ရှားနိုင်လို့ ၄နာရီကြာတခါ လာပြီး တဘက်လှည့်နေခဲ့တဲ့ခန္ဓာကိုယ်ကို တခြားတဘက်သို့ပြန်လာလှည့်ပေးဖို့ စောင့်နေရတဲ့ အဖိုးအဖွားတွေ …….စသဖြင့် ..အိုး….အများကြီးပါပဲ။

တချို့မိသားစုတွေက သူတို့ဆီအချိန်မှန်တစ်ပတ်နေတခါ၊ တစ်လနေတစ်ခါ၊ တစ်နှစ်နေတစ်ခါ၊ လာလည်တတ်သလ၊ို သေသွားတဲ့အထိတောင်မလာကြပဲ ဖုန်းလေးတစ်ခါလောက်ပြောပြီး

တသက်တာကြိုနှုတ်ဆက်ထားတဲ့ မိသားစုဝင်တွေလည်းရှိပါသေးတယ်။

ခုနအထက်မှာပြောခဲ့တဲ့ အဖိုးကြီးအဖွားကြီးလင်မယားစုံတွေကတော့ အဖွားကြီးကအပြောဆိုးတယ်ထင်ပေမယ့် သူ့ယောကျာ်းကို တော်တော်ဂရုစိုက်ချင်တဲ့ သူလေးပါ။ ဒီလူအိုရုံလေးမှာ သူတို့စုံတွဲက ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာ ပါအခြေအနေတော်တော်လေးကို ကောင်းသေးတယ်လို့ ပြောလို့ရတဲ့အထဲပါ ပါတယ်။ မိသားစုဝင်တွေကလည်း တစ်ပတ်မှာတစ်ခေါက်ပုံမှန် လာတွေ့ကြသလို ညတိုင်းလည်းဖုန်းဆက်ကြတဲ့အတွက် ဂရုစိုက်မှုရှိတဲ့ မိသားစုလို့ပြောလို့ရပါတယ်။ အဖိုးကြီးက အစာစားချိန်ပြီးတိုင်း လူအိုရုံအပြင်ဘက် အနီးအနားလေးတွေကို ပုံမှန်လမ်းလျှောက်ထွက်လေ့ရှိပါတယ်။

အဖွားကြီးက ခြေထောက်ကလည်းနာ၊ မျက်စိလည်းမကောင်းတော့ အဖိုးကြီးလမ်းလျှောက်ထွက်ရာမလိုက်ပေးနိုင်တာကြောင့် အမြဲဆူပူနေခြင်းပါပဲ။ တကယ်လည်း သူမစိတ်ပူနေခဲ့တဲ့အတိုင်း လွန်ခဲ့တဲ့ တစ်ပတ်ကအဖိုးကြီးလမ်းလျှောက်သွားပြီး အချိန်လွန်တဲ့အထိပြန်မလာခဲ့ပါဘူး။ စိတ်ပူလို့လိုက်ရှာကြတော့လည်းမတွေ့ရလို့ ရဲတိုင်ပြီးရှာတော့မှ သူက ပြန်လမ်းမေ့ပြီး လျှောက်သွားရာကလမ်းမှားကာ အဲဒီအနီးက Shopping Centre တစ်ခုထဲမှာ မေ့လဲကျနေခဲ့ပါတယ်။ အဲဒီအတွက်လည်းအဖွားကြီးရဲ့စိုးရိမ်ပူပန်မှုသောကအရ နေ့တိုင်းမထွက်ဖြစ်အောင်မနက်တိုင်း ဆူပူကြိမ်းမောင်းခြင်းကို လုပ်နေခြင်းဖြစ်ပါတယ်တဲ့လေ။
အပြင်လမ်းကိုအဖော်မပါပဲလမ်းလျှောက်ခွင့်မရှိတော့တဲ့ အဖိုးကြီးကတော့ ဂေဟာရဲ့ စောင့်ရှောက်ပေးတဲ့အစီအစဉ်အတိုင်း နေ့တိုင်းအပြင်ထွက်ခွင့်မရှိတော့ပါဘူး။

သတ်မှတ်ထားတဲ့နေ့မှသာ အဖော်နဲ့ သွားခွင့်ရပါတော့တယ်။
တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့ စိတ်အခြေအနေနဲ့အတူ လူအိုတစ်ယောက်ရဲ့အားအင်တွေဟာ သူတို့ကိုသူတို့စောင့်ရှောက်ဖို့ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ။ ဒီလိုနဲ့ပဲ အသိုင်းအဝိုင်းပေါင်းစုံကလာတဲ့ အဖိုးကြီးအဖွားကြီးတွေဟာ လူအိုရုံရဲ့ ပုံစံတူအလျားအနံတူတဲ့ အခန်းငယ်လေးတွေထဲမှာနေရင်း သူတို့အတွက်လုံခြုံမှုတစ်ခုခုပေးထားတယ်လို့ လက်ခံလိုက်ရစမြဲပဲလေ။

တချို့မိသားစုဝင်တွေက ငါတို့ကဘယ်သူတွေဘယ်မျိုးရိုးကလာတယ် လို့ဂုဏ်ယူမောက်မာတဲ့မျက်နှာပေးနဲ့

လူအိုရုံကိုမလာချင် လာချင်တာဝန်အရလာတဲ့အချိန်မှာသူတို့ရဲ့အဖိုးအဖွားအဖေအမေတွေကတော့

အခန်းငယ်လေးတစ်ခုထဲကနေ လာတဲ့သူတိုင်းကို ကျေးဇူးတင်လိုက်တာဆိုတဲ့မျက်နှာပေးနဲ့ ကြည်နူးစွာ ဆီးကြိုနေခဲ့ပါတယ်။

သူတို့ရဲ့ ငယ်စဉ်ဘဝတွေကိုတွေးကြည့်စမ်းပါနော်။ ကိုယ့်မိသားစုအတွက်ကြိုးစားခဲ့မှုတွေ၊

သားသမီးတွေကိုပညာတတ်ဖြစ်ပါစေလို့ အပင်ပန်းခံပြီးရှာဖွေထောက်ပံ့ပေးခဲ့တာတွေ….။

အဲဒါတွေရဲ့အဆုံးတစ်ခုမှာ သားသမီးတွေရဲ့တုံ့ပြန်မှုက တခါတလေ မိုက်ရိုင်းလွန်းနေသလားလို့။

ကိုယ်ရဲ့ကျေးဇူးရှင်မိဘရဲ့ဈာပနာကိုတက်နိုင်ရဲ့သားနဲ့ သေသူရဲ့အမွေပေးခဲ့တဲ့အိမ်ပေါ်ကနေပြီး

နေရာဝေးလို့မလာဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ပြီးဆုံးစေတယ်။

(စကားချပ်- သားသမီးတွေကို တသက်တာလုံးအပြစ်မရှိပဲ နာကျင်စေတတ်တဲ့၊

သွေးရင်းသားသမီးကိုလူရှေ့လက်ခံရမှာကြောက်တတ်တဲ့ မိဘများအတွက်မဆိုလိုပါ။

အဲဒါတောင်သားသမီးတာဝန်အရ လုပ်သင့်တာလုပ်ရပါ့မယ်။)
တချို့ကလည်းလာပါတယ်။ ဒါပေမယ့်သေဆုံးတော့မယ့်ဝင်သက်ထွက်သက်ခက်နေတဲ့ နောက်ဆုးံအချိန်အဖေအမေတစ်ယောက်ရဲ့ဘေးမှာ

ချစ်သူပေါင်ပေါ်ထိုင်ပြီး အနမ်းတွေပေးလိုက်၊ခပ်တိုးတိုးရီလိုက်နဲ့ ယိုသူမရှက် မြင်သူရှက် ပလူးပလဲလုပ်နေတဲ့သူတွေ ရှိပါသေးတယ်။ သေဆုံးတော့မယ်သူရဲ့နောက်ဆုံးစက္ကန့်လေးတွေကို ဘာမှမခံစားရရင်တောင် တည်ငြိမ်စွာရှိနေပေးဖို့မသင့်ဘူးလား???

ကိုယ်တိုင်ရော ဒီလိုမျိုးနောက်ဆုံးစက္ကန့်အတွက်ရုန်းကန်အသက်ရှင်ရတဲ့ အချိန်ရောက်မှာပဲလို့ မစာနာတတ်တာလား??

ဒီတော့ကျွန်တော် စဉ်းစားမိတယ်။
လူတော်တော်များများက တသက်လုံး အပင်ပန်းခံ ကြိုးစားပြီး မိသားစုဆိုတာလေးကိုအကောင်းဆုံးပေးဖို့ကြိုးစားခဲ့ကြလိမ့်မယ်။ မိသားစုမရှိသေးတဲ့သူတွေကလည်း တနေ့ကျရင် ငါ့မိသားစုလေး ၊ငါ့ဘဝလေး ကောင်းစားဖို့ကြိုးစားနေကြတယ်။ တခါတလေမှာ မေတ္တာတရား၊ ခံစားမှုအစစ်တွေကို ဘဝအတွက်ဆိုတဲ့စကားကို လွယ်လွယ်သုံးပြီး ငွေအတွက် စွန့်လွှတ်လိုက်ကြတဲ့သူတွေ အများကြီးပါ။
လူတိုင်းကိုအခွင့်အရေးရှိမယ်ဆို ကျွန်တော်တစ်ခုတော့ မှာချင်နေမိတယ်။

ကျွန်တော်တို့ရဲ့နေဝင်ချိန်တွေကိုစောင့်ကြိုမယ့်နေရာတစ်ခုဖြစ်တဲ့ အခန်းငယ်လေးဆီကိုတချက်တွေးကြည့်ကြဖို့ပါ။

ကိုယ်ရဲ့နောက်ဆုံးနေဝင်အချိန်ကိုရင်ဆိုင်ရမယ့်အခိုက်အတန့်လေးအတွက် အခန်းငယ်တစ်ခုဆီသို့စာဖတ်သူမိတ်ဆွေတွေ စိတ်ကူးနဲ့တစ်နှစ်လောက်သွားနေဖူးပါသလား????

နောက်ဆုံးအချိန်တွေကို အိမ်ကြီးထဲကအခန်းငယ်တစ်ခုမှာ (သို့) အခန်းငယ်ပေါင်းများစွာပါတဲ့ ဆေးရုံတစ်ခုရဲ့အခန်းတစ်ခုမှာ၊ လူအိုရုံရဲ့အခန်းတစ်ခုမှာ (သို့) အခန်းမရှိတဲ့ကြမ်းပေါ်ကကျောခင်းတနေရာစာမှာ (သို့) အဲဒီနေရာတွေထက်ဆိုးရွားတဲ့ တနေရာရာမှာ ……….................................................................

အခုတွေးမိတယ်ဆိုရင်ပဲ မိဘကျေးဇူးမေတ္တာတရားကို လေးစားသောအားဖြင့် သူတို့ရဲ့ ကျန်ရှိနေသေးတဲ့အချိန်လေးတွေမှာ သင့်ရဲမေတ္တာနဲ့ လုံခြုံမှုခံစားစေလိုက်ပါ။

ငြိုငြင်မှုကင်းတဲ့ သင့်ရဲ့ဂရုစိုက်မှုလေးတွေကြောင့် သူတို့ကိုကျနပ်မှုတစ်စုံတစ်ရာခံစားခွင့်ပေးလိုက်ပါ။

ကိုယ်ရဲ့သားသမီးတွေကိုလည်း ဘွဲ့အကောင်းစားတွေရအောင်ထောက်ပံ့နိုင်ရုံ ၊ ငွေရှာနည်းသင်ပေးနိုင်ရုံ နဲ့မကျေနပ်လိုက်ကြပါနဲ့။ အကြင်နာတရားနဲ့ တရားမျှတမှုသဘောဆောင်တဲ့ ၊ဘဝရဲ့ရင့်ကျက်တဲ့ ဘာသာရေးအသိတွေကို သင်ပေးပါ။
ကိုယ်တိုင်လည်းကောင်းအောင်နေပြီး သူတို့လေးတွေအတုယူတတ်အောင် သင်ပေးဖို့လိုအပ်ပါတယ်။

ဒါမှသာ ကိုယ်ကစလိုက်တဲ့ မျိုးရိုးအစဉ်အဆက်က စိတ်သဘောထားပြည့်ဝစွာ ဘဝတလျှောက်မှာ နေထိုင်နိုင်ပြီး

နောက်ဆုံးကိုယ်တိုင် ကြုံတွေ့ရမယ့် နေဝင်ချိန်ကိုလည်း မတုန်မလှုပ်ပဲ ငြိမ်းချမ်းစွာလက်ခံနိုင်တဲ့သူတွေဖြစ်မှာပါ။

မေတ္တာတရားနဲ့အတူရှင်သန်နိုင်သော သူဖြစ်ပါစေလို့ စာဖတ်သူအားလုံးကို ဆန္ဒပြုရင်း-


 ရေးသားသူ ကိုသူရိန်ဇင်ထွန်း 
 by မြဲမြဲခိုင်တဲ့အိမ်ကလေး ဘယ်လိုတည်ဆောက်မလဲ group facebook 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis