menu

Friday 20 July 2012

၂ဝ၁၂ အမေရိကန်ရွေးကောက်ပွဲတွင် အိုဘားမား ပြန်အရွေးခံရဖွယ် ရှိဟု အမေရိကန်ရောက် မြန်မာများ သုံးသပ်

၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေး ကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီဝင် လက်ရှိသမ္မတ အိုဘားမားကပင် ပြန်လည်အနိုင်ရစရာရှိကြောင်း၊ အမေရိကန်ရောက် မြန်မာနိုင်ငံသား အချို့ က လက်ရှိအခြေအနေများကို လေ့လာကာ ခန့်မှန်းကြသည်။
လက်ရှိသမ္မတအိုဘားမားက လိင်တူသူချင်း လက်ထပ်မှုကို မကြာသေးမီကထောက်ခံလိုက်သည့် အတွက် ရွေးကောက်ပွဲတွင် အနိုင်ရရန် ပိုများလာကြောင်း၊ ဆန်ဖရန်စစ္စကို တက္ကသိုလ်မှ အရှေ့တောင် အာရှဆိုင်ရာ လေ့လာမှု မဟာဘွဲ့ရထားသူ ကိုဇေယျာအုန်းက ပြောပါသည်။ သူက ““လူမည်း၊ ဒီမိုကရက်၊ လိင်တူဆက်ဆံသူတွေ အဲဒီလူတွေအားလုံးပေါင်းလိုက်တဲ့ မဲအရေအတွက်က အိုဘားမား အနေနဲ့ ပြတ်ပြတ်သားသား အဖြေမထုတ်နိုင်ရင်တောင် ကပ်နိုင်ဖို့တော့ လုံလောက်တယ်””ဟု သုံးသပ်ပြသည်။
ရီပါဘလီကန်ပါတီမှ သမ္မတလောင်း မစ်ရွှန်နေ နှင့် ဒီမိုကရက်တစ်ပါတီမှ လက်ရှိသမ္မတ ဘားရက်အိုဘားမား
နယူးယောက် ကိုလံဘီယာတက္ကသိုလ်က နိုင်ငံတကာရေးရာ မဟာဘွဲ့ရရှိသူ ဦးဝင်းနိုင်ကလည်း အိုဘားမားနှင့် ယှဉ်ပြိုင်အရွေးခံမည့် ရီပါဘလီကန်ပါတီ သမ္မတလောင်း မက်ရွန်နီ(Mitt Romney)အနေနှင့် ရွေးကောက်ပွဲ အတွက် မဲဆွယ်ငွေကြေးပမာဏ သုံးစွဲမှုမှာ အိုဘားမားကို မီရန်မလွယ်သည့်အပြင် အမျိုးသမီးများအရေးနှင့် စီးပွားရေးပြဿနာ ချဉ်းကပ်မှုမှာလည်း အိုဘားမားက အနည်းငယ်သာနေသည်ဟု သုံးသပ်ပါသည်။
ထို့ပြင် ရီပါဘလီကန်ပါတီ၏ သမ္မတလောင်း ရွန်နီသည် အထက်တန်းကျောင်းသားဘဝက အတန်းဖော် ကျောင်းသား အချင်းချင်းအား အနိုင်ကျင့်ခဲ့ကြောင်း၊ ဝါရှင်တန်ပို့စ် သတင်းစာတွင် မေလအစောပိုင်းက ရွန်နီနှင့်ကျောင်းနေဘက်များ အား ကိုးကားရေးသားချက်ကို ဖော်ပြခဲ့သည့်အတွက် သမ္မတလောင်း ရွန်နီ၏ ဂုဏ်သိက္ခာမှာ အထိနာခဲ့ပါသည်။
သို့သော်လည်း ရွန်နီကို ထောက်ခံသူများသည် လက်ရှိသမ္မတအိုဘားမားကို အလဲထိုးမည့်မည်သူ့ကို မဆို ထောက်ခံမည်ဖြစ်ရာ ထိုသတင်းကြောင့် ရွန်နီကို ထောက်ခံမှုမှာ ကျဆင်းဖွယ်မရှိကြောင်း၊ ဝါရှင်တန်ဒီစီ အခြေစိုက် NPR ရေဒီယိုမှ အယ်ဒီတာ Jessica Smith က မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်ကို ပြောပြပါသည်။
““ရွန်နီကိုထောက်ခံသူတွေက အိုဘားမားကို ဘယ်လိုမှမကြိုက်တာဆိုတော့ သူဘာပဲဖြစ်ဖြစ် ထောက်ခံ နေမှာပဲ၊ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ ဒီပြဿနာကြောင့် ရွန်နီကို ထောက်ခံတာ ကျဆင်းမယ်လို့ ကျမတော့ မထင်ဘူး””ဟု ဂျက်ဆီကာက ဆိုပါသည်။
လေးနှစ်တစ်ကြိမ်ကျင်းပသည့် အမေရိကန် သမ္မတရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည် ဖြစ်ပြီး၊ ဒီမိုကရက်တစ်ပါတီဝင် လက်ရှိသမ္မတ အိုဘားမားက သူ၏ ဒုတိယအကြိမ် သမ္မတ သက်တမ်းအတွက် ရီပါဘလီကန်ပါတီမှ သမ္မတလောင်းရွန်နီနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ပွဲတစ်ခု သာ ဖြစ်သော်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ သမ္မတများသည် ကမ္ဘာ့နိုင်ငံ အတော်များများအတွက် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ မူဝါဒများကို လွှမ်းမိုးမှုရရှိသည့်အတွက် တစ်ကမ္ဘာလုံးက စောင့်ကြည့်ရသည့် သမ္မတရွေးကောက်ပွဲ ဖြစ်ပါသည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis