menu

Sunday 15 July 2012

လက်ကျိုး၊ ခေါင်းပေါက်၊ မီးကြွေအိုးနှင့် အကပ်ခံရသူ မိန်းမငယ်လေး တစ်ဦးက အိမ်ရှင်ကို တရားစွဲရန် မီဒီယာ မှတစ်ဆင့် ရှင်းလင်း ပြောကြား


မတင်နီလာအေးအား အရှင် ဝီရသူမှ လှူဒါန်းငွေ ပေးအပ်နေစဉ်
မဟာအောင်မြေ မြို့နယ်၊ မစိုးရိမ်တိုက်သစ်၌ ဇူလိုင် ၈ ရက် ပြုလုပ်သောမီဒီယာများနှင့် တွေ့ဆုံရှင်းလင်း ပွဲတွင် လူသားချင်း စာနာထောက်ထားခြင်း မရှိသည့် အိမ်ရှင်ဖြစ်သူအား ဥပဒေကြောင်းအရ တရားစွဲဆိုသွား မည် ဖြစ်ကြောင်း ညှင်းပန်းနှိပ်စက်ခံ မိန်းမငယ်လေးနှင့် ယင်း၏ မိသားစုတို့က ပြောကြားလိုက်သည်။
အိမ်ရှင်အမျိုးသမီး၏ ညှင်းပန်း နှိပ်စက်မှုဒဏ်ကို မခံနိုင်သည့်အဆုံး ထွက်ပြေး လွတ်မြောက်လာသည့် အသက် ၁၄ နှစ်အရွယ် မိန်းမငယ်လေး တစ်ဦးက အိမ်နီးချင်းများ၏ အကူအညီဖြင့် မဟာအောင်မြေ မြို့နယ်၊ ဒီ/ချုပ်ရုံးခန်းသို့ လာရောက် တိုင်ကြားခဲ့ရာ ဒီ/ချုပ် တာဝန်ရှိသူများက မစိုးရိမ်တိုက်သစ် ဆရာတော်ထံ တင်ပြလျှောက်ထားပြီး အဆိုပါကိစ္စအား မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

အသက် ၁၄ နှစ်အရွယ်၊ မိုးကုတ်သူ မတင်နီလာအေးသည် မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ အိမ်ဖော်အဖြစ် လုပ်ကိုင်ရန် လွန်ခဲ့သော ခြောက်လခန့် က ရောက်ရှိလာကြောင်း၊ ရောက်ရှိလာပြီးနောက် ယင်းအလုပ်လုပ်သည့် နေအိမ်မှ အိမ်ရှင်ဖြစ်သူ၏ ညှင်းပန်း နှိပ်စက်မှုများအား နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် ညှင်းပန်း    နှိပ်စက်မှုများအား မခံနိုင်တော့သည့်အတွက် အိမ်ရှင်များ အလစ်တွင် ထွက်ပြေးခဲ့ရကြောင်း၊ ထွက်ပြေးပြီးနောက် အိမ်နီးချင်းများ၏ အကူအညီဖြင့် ဆေးပေးခန်းနှင့် ဆေးရုံများတွင် တက်ရောက်ကုသနေရကြောင်း အစရှိသဖြင့် ယင်းအား စောင့်ရှောက် ကယ်တင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပါသည်။
““ခိုင်းတဲ့အလုပ် မလုပ်ပေးရင် ရိုက်တယ်။ အိမ်နားဝန်းကျင်က လူတွေ အကုန်သိတယ်။ ကျွန်မတို့ အိမ်မှာ ထမင်းလာဝယ်ရင် ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတတ်တယ်။ ကျွန်မတို့အိမ်ကို အကူအညီတောင်း တောင်းနေတာကြာပြီ။ နောက်ရက်ကျရင် ဒီဘက်ကို ရွှေ့လာခဲ့လို့ ကျွန်မတို့က ပြောပါတယ်။ နောက်ရက်ကျတော့ ဒီကို ပြေးလာတဲ့အချိန်မှာပဲ မူးလဲသွားတယ်။ ကျွန်မတို့က ဆေးခန်းကို ပို့တာ။ ဆေးခန်းက ဒီလိုလုပ်လို့ မရဘူး။ ရဲစခန်းကို အကြောင်းကြားရမယ်လို့ ပြောတာနဲ့ စခန်းကို အကြောင်းကြားပြီး ပို့လိုက်တယ်။ ဒီလ ၅ ရက်က ရပ်ကွက်လူကြီးတွေနဲ့ ရဲစခန်းက နေတစ်ဆင့် ဆေးရုံ ပို့လိုက်တယ်”” ဟုဖြစ်စဉ်အကျဉ်းအား ယင်း၏ ပြောပြချက်အရ သိရသည်။
အဖြစ်အပျက်နှင့် ပတ်သက်၍ ညှင်းပန်းနှိပ်စက်ခံ မတင်နီလာအေးကလည်း မီဒီယာများအား ယခုလို ပြောပါသည်။ ““ရောက်ရောက်ချင်း ညကတည်းက ရိုက်တယ်။ အိမ်သာသွားတဲ့နေရာ မသိလို့ ရေချိုးခန်းထဲ မှားပြီး ဝင်မိတာ လက်ဝါးကို ဖြန့်ခိုင်းပြီး ဝါးခြမ်းပြားနဲ့ရိုက်တာ၊ မနေချင်တော့ဘူးလို့ပြောတော့ နင့်အမေက တစ်နှစ်စာ ထုတ်သွားပြီးပြီလို့    ပြောတယ်၊ အဲလိုဆိုရင် ရဲစခန်းပို့ပေး၊ ရဲစခန်းကနေ အမေ့ကို ပိုက်ဆံတောင်းပြီး ပြန်ပေးမယ်လို့ ပြောတာ မရဘူး””ဟု ယင်းက ပြောပါသည်။
ထို့နောက် အဆိုပါ မိန်းမငယ်လေးက ပြောရာတွင် ယင်းအနေဖြင့် အဆိုပါ အိမ်အတွင်း သုံးလမျှ ဆက်လက် နေထိုင်စဉ်  အတွင်းတွင်လည်း အိမ်ရှင်ဖြစ်သူ အမျိုးသမီးက အကြောင်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်ခဲ့ ပါကြောင်း၊ ယင်းအနေဖြင့် မိဘများနှင့် ဆက်သွယ်နိုင်ရန် အခြေအနေ မပေးသဖြင့် ခြောက်လခန့် အဆိုပါအိမ်တွင် နေထိုင်ခဲ့ရကြောင်း၊ အဆိုးရွားဆုံးအနေဖြင့် မီးကြွေအိုးဖြင့် ကပ်ခြင်း၊ ချွန်ထက်သောအရာ တစ်ခုခုဖြင့် ထိုးနှက်ခြင်း၊ မာကျောသော အရာများဖြင့် ဦးခေါင်းသို့ ရိုက်နှက်ခြင်း များအပြင် နောက်ဆုံးတွင် ခန္ဓာကိုယ် အစိတ်အပိုင်း ကျိုးပဲ့သည်အထိ    နှိပ်စက်ခြင်းများ ပြုလုပ်လာပါသဖြင့် မခံနိုင်သည့်အဆုံး အိမ်ရှင် အမျိုးသမီး၏ အလစ်တွင် ထွက်ပြေး လွတ်မြောက်ခဲ့ရကြောင်းများကို သတင်းသမားများအား ရှင်းပြပါသည်။
““သုံးလလောက်နေတော့ ကြမ်းတိုက်ခိုင်းတဲ့ တစ်နေ့မှာ ဖုန်မပြောင် လို့ဆိုပြီးတော့ ဒီမှာလာခဲ့ ဖုန်မပြောင် ဘူးဆိုပြီး အုန်းမှုတ်ခွက်နဲ့ ခေါင်းကို ခေါက်တယ်၊ အုန်းမှုတ်ခွက်အစက ခေါင်းကိုဝင်သွားတယ်၊ ကြောက်လို့ ထွက်ပြေးတာ အင်းနားရောက်တော့ သမီးကို ပြန်မိသွားတယ်၊ သူတို့က ကားနဲ့ဆိုတော့ ပြန်မိတာပေါ့၊ နင့်ကို ရဲစခန်းပို့ရမလား၊ အင်းထဲ ပစ်ချရမလားလို့ မေးတယ်”” ဟု ယင်း၏ အဖြစ်အပျက်အား ပြောပါသည်။
ဆက်လက်၍ ယင်းက ပြောရာ တွင် ““နောက်ထပ်သုံးလလောက် နေတော့လဲ ဒီလိုပဲ ဆက်အရိုက်ခံ နေရတယ်၊ ပေါင်ကို မီးကြွေအိုးနဲ့ ကပ်တယ်၊ နဖူးကို ဒေါက်ဖိနပ်နဲ့ ခေါက်တယ်၊ မီးကြွေအိုးနဲ့ကပ်တာက အင်္ကျီတိုက်တာ မပြန့်လို့တဲ့၊ သူ့သမီးကျောင်းသွားခါနီး ဖိနပ်ရိုးရိုး ထုတ်ပေးတာ မှားလို့ဆိုပြီး ရိုက်တယ်၊ တစ်ခေါက်ကကျတော့ သူတို့က ဒေါက်ဖိနပ်က ဆိုက်စုံစီး တာ၊ သမီးက ဒေါက်ဖိနပ် မှားထုတ်လို့ဆိုပြီး ရိုက်တာ၊ အဝတ်လျှော်တာ မပြောင်လို့ဆိုပြီး သံဘရှပ်နဲ့ ခြစ်သေးတယ်၊ မန်ကျည်းပင်အောက် တံမြက်စည်း လှဲခိုင်းတာ မပြောင်လို့ဆိုပြီး လျှာနဲ့လျက်ခိုင်းတယ်””ဟု ငိုယိုရင်း ဆက်လက် ပြောပါသည်။
မတင်နီလာအေး လွတ်မြောက်ပြီး ဆေးကုသနေစဉ်အတွင်း ယင်း၏ မိခင်နှင့် အစ်ကိုဖြစ်သူတို့ ရောက်ရှိလာပြီး ထိုကိစ္စနှင့် ပတ်သက်၍ မိခင်ဖြစ်သူမှလည်း ကျေနပ်မှု မရှိပါသဖြင့် အိမ်ရှင်ဖြစ်သူ အမျိုးသမီးအား တရားဥပဒေကြောင်းအရ တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်းကိုလည်း သတင်းသမားများအား ပြောပါသည်။

ယင်းအမှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား ဆက်သွယ်မေးမြန်းရန် အခက်အခဲများ ရှိခဲ့ပါသဖြင့် သက်ဆိုင်ရာအပိုင် ရဲစခန်း ဖြစ်သော မဟာအောင်မြေမြို့နယ်၊ အမှတ် ၇ ရဲစခန်းသို့ သွားရောက် စုံစမ်း မေးမြန်းကြည့်ရာ ၆.၇.၂ဝ၁၂  ရက်စွဲဖြင့် တရားဝင် အမှုဖွင့်ထား သည်မှာ မှန်ကန်ပါကြောင်း စခန်းမှူး၏ ပြန်လည် ဖြေကြားချက်အရ သိရပါသည်။
အဆိုပါ ညှင်းပန်းနှိပ်စက်ခံ မိုးကုတ်သူ မတင်နီလာအေး၏ ဆေးကုသစရိတ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် သုံးစွဲရန် မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူက ငွေကျပ်တစ်သိန်း ပေးအပ်ကူညီခဲ့ပါသည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis