menu

Wednesday 25 July 2012

အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရှိ မြန်မာ့ကြွေးမြီ လျော့ချရေး လုပ်ငန်းစဉ် ဂျပန် စတင်



မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ရှိခဲ့သော ကြွေးမြီများအနက် ဂျပန်အစိုးရမှ လျော်ပေးခဲ့သည့် ကြွေးမြီ ဖြေလျော့ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မီဇူဟိုကော်ပိုရိတ်ဘဏ်မှ သိရသည်။

မီဇူဟိုကော်ပိုရိတ်ဘဏ်၏ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ အထက်တန်းအရာရှိ ဒေါ်မီမီနေမင်းဝင်းက ''ဂျပန်အစိုးရအတွက် လုပ်ပေးနေတာပါ။ မြန်မာနိုင်ငံကို ဖြေလျော့ပေးဖို့ သဘောတူညီခဲ့တဲ့ ကြွေးမြီ ဖြေလျော့ပေးတဲ့ လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပေးနေပါတယ်။ အခု ပထမအဆင့် ဖြေလျော့မှုပြီးရင် နောက်ထပ်ဖြေလျော့မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားပါသည်။

အဆိုပါကြွေးမြီ ဖြေလျော့ပေးရေး အစီအစဉ်ကို ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ငါးရက် ကြာသွားရောက်ခဲ့သည့်ခရီးစဉ်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ကြွေးမြီဖြေလျော့ရေး အစီအစဉ်တစ် ခုလုံးတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ လျော်ပေးမည်ဖြစ်ပြီး အစီအစဉ် ပထမအဆင့် အနေဖြင့် ယန်း ၁၂၇ ဒသမ ၄ ဘီလျံ လျော်ပေးမည်ဖြစ်ကာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်များ တိုးတက်မှု အရှိန်အဟုန်ကို မူတည်ပြီး ကျန်ရှိသည့် ယန်း ၁၇၆ ဒသမ ၁ ဘီလျံ ကိုလျော်ပေးမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိအစိုးရမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ဂျပန်နိုင်ငံထံမှ ၁၉၈၈ ခုနှစ် မတိုင်မီချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၆၃၈၈ ဒသမ ၃၂၀ သန်းဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၅၃၆ သန်း ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis