menu

Wednesday 25 July 2012

ဖျက်အားပြင်း ဓာတုလက်နက်များရှိသည်ဟု ဆီးရီးယား ထုတ်ဖော်ဝန်ခံ




အယ်ဗျူဒါမြို့တွင် တစ်ဆိုင်တည်းကျန်ခဲ့သောဆိုင်၌ မုန့်ဝယ်ရန် တန်းစီနေသူများကို ဇူလိုင်လ ၂၃ ရက်က တွေ့ရစဉ်
ဆီးရီးယားတွင် ဖျက်အားပြင်း ဓာတုလက်နက်များ၊ ဇီဝလက်နက် များရှိကြောင်း အစိုးရက ထုတ်ဖော်ဝန်ခံခဲ့ပြီး နိုင်ငံတွင်းမည်သည့်အခြေ  အနေရောက်ရှိနေပါစေ ပြည်သူများ ကို ယင်းလက်နက်များဖြင့် တိုက်ခိုက် သွားမည်မဟုတ်ဘဲ ပြည်ပမှ ကျူးကျော်လာမှသာ အသုံးပြုသွား မည်ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျီဟတ်မက်ဒက်ဆီက ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ကြေညာအပြီး အမေရိကန်သမ္မတ အိုဘားမားက ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အနေဖြင့် ဓာတုလက်နက်များ အသုံးပြုမည်ဆိုပါက အလွန်အဖြစ်ဆိုးသော အမှားအယွင်းတစ်ခု ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အာဆတ်အစိုးရသည် ၁၆ လ ကြာမြင့်လာခဲ့သော လူထုတော်လှန်ရေး အဆုံးသတ်ပစ်ရန်အတွက် ဓာတုလက်နက်များ ရွှေ့ပြောင်းချထားရန် ပြင်ဆင်နေသည်ဟု နိုင်ငံတကာက စိုးရိမ်နေစဉ် ယင်းကဲ့သို့ ဆီးရီးယားအစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးကလည်း ဆီးရီးယား၏ အဆင့်မြင့် လက်နက်အချို့ ဟစ်ဇ်ဘိုလာတို့လက်ထဲ ကျရောက်သွားခဲ့ပါက စစ်ရေးဖြင့် အရေးယူသွားမည်ဟု သတိပေးခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း မည်သည့်နိုင်ငံမဆို ဖျက်အားပြင်း လက်နက်များကို အသုံးမပြုရန် တာ ၀န်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းအချိန်တွင် ဥရောပသမဂ္ဂက ဇူလိုင်လ ၂၃ ရက်တွင် အာဆတ် အစိုးရအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ခဲ့ပြီး လက်နက်များသယ်ဆောင်လာသည်ဟု သံသယရှိသော သင်္ဘောများ၊ လေယာဉ်များကို ရှာဖွေစစ်ဆေးခြင်း စသော လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်းပြုလုပ်ရန် သဘောတူညီချက် ရခဲ့ကြောင်း သိရသည်။ အာဆတ်အစိုးရနှင့် နီးစပ်သော ကုမ္ပဏီသုံးခုနှင့် လူပုဂ္ဂိုလ် ၂၆ ဦးတို့၏ ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်သွားမည်ဖြစ်သည်။
ဆီးရီးယား အတိုက်အခံခေါင်းဆောင် Abdel Basset Sayda က အာဆတ်အစိုးရသည် ယင်းဖျက်အား ပြင်းလက်နက်များဖြင့် ပြည်သူများကို မတိုက်ခိုက်ဟု ထုတ်ပြန်နေသော်လည်း ယင်းအစိုးရသည်ကလေးများကို အစုလိုက်သတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းတို့ကို ပြုလုပ်ထားသဖြင့် ဓာတုလက်နက်များကိုလည်း အသုံးပြုနိုင်ခြေရှိကြောင်း သတိပေးခဲ့သည်။ ထို့ပြင် ဆီးရီးယားသည် ယင်းဓာတုလက်နက်များနှင့် ပတ်သက်၍ မည်သည့် နိုင်ငံတကာသဘောတူညီချက်မှ ရေးထိုးထားခြင်းမရှိကြောင်း ဆီးရီးယား အတိုက်အခံဖြစ်သော ဆီးရီးယား လွတ်မြောက်ရေးတပ်မတော် (FSA) မှခေါင်းဆောင်တစ်ဦးကလည်း ထောက်ပြခဲ့သည်။
ဇူလိုင်လ ၂၂ ရက်က ဒိုဟာတွင် ပြုလုပ်ခဲ့သောဆွေးနွေးပွဲ၌ အာရပ်အဖွဲ့ချုပ်က အာဆတ်အနေဖြင့် အာဏာအမြန်စွန့်လွှတ်ပြီး နိုင်ငံမှ ချက်ချင်းထွက်ခွာပါက ဘေးကင်းစွာ ခိုလှုံခွင့်ပေးမည့် အစီအစဉ်တစ်ရပ်ကို ကမ်းလှမ်းခဲ့သည်။ သို့သော် ယင်းကမ်းလှမ်းချက်ကို ဆီးရီးယားအစိုးရက ပယ်ချခဲ့သည်။
ဆီးရီးယားတွင် အစိုးရတပ်များနှင့် အတိုက်အခံ တော်လှန်ရေးသမားတို့အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် အထူးသဖြင့် ဒမတ်စကတ်တွင် တိုက်ခိုက်မှုပြင်းထန်နေကာ လူထောင်ပေါင်းများစွာမှာ အိမ်နီးချင်း နိုင်ငံများစွာသို့ ထွက်ပြေးနေရသည်။ အီရတ်ဝန်ကြီးချုပ် နူရီအယ် မာလီကီက ဆီးရီးယားဒုက္ခသည်များကို ကူညီပေးနိုင်ရန်အတွက် နိုင်ငံတွင်း အဖွဲ့အစည်းများကို ညွှန်ကြားခဲ့သည်။
တိုက်ခိုက်မှု တစ်ပတ်ခန့် ရှိလာချိန်တွင် ဒမတ်စကတ် နေရာအတော်များများကို ပြန်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ တော်လှန်ရေးသမားများကမူ ပြောက်ကျားစစ်ဆင်ရေး ဆင်နွှဲရန် စီစဉ်နေသည်ဟု သိရသည်။        
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis