menu

Wednesday 25 July 2012

ဂျပန်မီးရထားအလုပ်သမားသမဂ္ဂ မြန်မာအလုပ်သမားများကို ကူညီမည်

 ဂျပန်နိုင်ငံမှ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံမီးရထား အလုပ်သမားများသမဂက မြန်မာနိုင်ငံတွင်းရှိ အလုပ်သမားရေးရာ ကိစ္စရပ်များအား အကူအညီပေးသွားဖြစ်ကြောင်း အဆိုပါသမဂ္ဂမှ နိုင်ငံခြားရေးရာကော်မတီ ညွှန်ကြားရေးမှူး မစ္စတာဆာတိုရုရာမာဒ (Mr. Satoru Yamada)က ပြောသည်။

“ဒီက အလုပ်သမားတွေရဲ့ တင်ပြချက်ကို နားထောင်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ကူညီမှုပေးသွားမယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် အဆိုပါတွေ့ရှိချက်များကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်းရှစ်နိုင်ငံပါဝင်သော ICLS (Interanational Centre for Labour Solidarity)သို့ တင်ပြပြီး ကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းသမဂ္ဂမှ ဒုတိယဥက္ကဋ္ဌအိုဆာမုယုမုနုက ပြောကြားသည်။


“ဒီလို နိုင်ငံတကာ အဖွဲ့အစည်းကလာတာ ဒါပထမဆုံးပဲ။ နောက်ထပ်လည်း ဒီလိုနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့် ကျွန်တော်တို့ အလုပ်သမားတွေကြုံတွေ့နေရတဲ့အခက်အခဲကို ဥပဒေဘောင်ထဲကနေ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတဲ့ နည်းလမ်းတွေ ရရှိလာနိုင်ပါတယ်”ဟု လွတ်လပ်သောအလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံဦးမြင့်စိုးက ပြောသည်။

မိမိတို့အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂတစ်ခု ဖြစ်ပေါ်လာရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အလုပ်သမားဆိုင်ရာအဖွဲ့များ ဖွဲ့စည်းခဲ့ပြီဖြစ်ပြီး ဆက်လက်၍ ဆိပ်ကမ်း၊ မီးရထားနှင့် ရေကြောင်းဆိုင်ရာ အလုပ်သမားအဖွဲ့များ ဖွဲ့စည်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်စိုးကပင် ပြောသည်။

နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော ပြည်ပကုမ္ပဏီများက ပြည်တွင်းအလုပ်သမားများအား ဖိနှိပ်မှုများ ပြုလုပ်လျှင် သက်ဆိုင်ရာနိုင်ငံမှ ကုမ္ပဏီရုံးချုပ်နှင့် အလုပ်သမားများ သိရှိစေရန် ဆောင်ရွက်သင့်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာကုမ္ပဏီမှ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပိုမိုတွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမီးရထားအလုပ်သမားများသမဂ္ဂမှ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ သမဂ္ဂသည် ကမ္ဘာပေါ်တွင် ဖွဲ့စည်းထားသော အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများတွင် ဒုတိယအကြီးဆုံးအဖွဲ့အစည်းဖြစ်ကြောင်း ဦးမြင့်စိုးက ပြောသည်။

မြန်မာနိုင်ငံသား သယ်ယူပို့ဆောင်ရေးဆိုင်ရာ အလုပ်သမားများနှင့် အထက်ပါသမဂ္ဂတို့ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၃ ရက်တွင် ယုဇနဟိုတယ်၌ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များ၊ လူမှုဖူလုံရေး ရပိုင်ခွင့်များအား အပြည့်အ၀ ရရှိရန်နှင့် နိုင်ငံတကာမှ အလုပ်သမားများနှင့်တန်းတူ လစာခံစားခွင့်များ ရရှိရန်အတွက် ရည်ရွယ်၍ အဆိုပါတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis