menu

Monday 28 May 2012

Mr.Kien Pham (Vice Chairman) VMG Media JSC နှင့် တွေ့ဆုံခြင်း




"ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံး တိုးတက်ပြီး လူတိုင်း ဖုန်းသုံးစွဲနိုင်ဖို့အတွက်ဆိုရင်တော့ တစ်ဦးတစ်ယောက်ထဲက ချုပ်ကိုင်ထားမှုထက် အပြိုင်အဆိုင်ရှိအောင် ဖွင့်ပေးဖို့ လိုအပ်ပါတယ်"

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီး မကြာခင် အချိန်အတောအတွင်းမှာပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ထွက်ပေါ်လာတော့မှာပါ။ ပြည်ပလုပ်ငန်းရှင် အများစုကတော့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုများနေတဲ့ အချိန်ထဲမှာပဲ ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေလည်း ရှိနေတုန်းပါပဲ။ ဒီအထဲ လျှပ်စစ်မီးရှိမှု၊ ဆက်သွယ်ရေး ကွန်ယက်တွေ ကောင်းမွန်မှု၊ သတင်းအချက် အလက်တွေ မြန်မြန်စီးဆင်းနိုင်မှုတွေအပြင် စီးပွားရေးလုပ်ငန်းတွေ efficiency ကောင်းကောင်းနဲ့ လည်ပတ်နိုင်တဲ့ ပတ်ဝန်းကျင် ဟုတ်၊ မဟုတ် ဆိုတဲ့အပေါ်မှာလည်း လေ့လာဆန်းစစ်မှုများ ရှိလာသလို လက်ရှိအခြေအနေမှာ အဆင်သင့်မဖြစ် သေးဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အလားတူပါပဲ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍမှာလည်း ဘယ်လောက်အတိုင်းအတာအထိ စွမ်းအားပြည့် လည်ပတ်နိုင်သလဲဆိုတာနဲ့ လူတိုင်းဖုန်းသုံးစွဲနိုင်မှု ရာခိုင်နှုန်းစတဲ့ အခြေခံအကြောင်း တရားတွေနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေမှာ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နဲ့ infrastructure ပိုင်းမှာ အကောင်းဆုံးလို့ပြောနေတဲ့ ဗီယက်နမ်နိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေး အခြေအနေကိုပါ တင်ပြချင်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေသူ ဗီယက်နမ်နိုင်ငံ VMG Media JSC (Mobile Service Compuy)ဒုတိယဥက္ကဋ္ဌနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ဖော်ပြလိုက်ပါတယ်။

မေး - ဒီကိုရောက်လာတဲ့ အဓိက ရည်ရွယ်ချက်လေးကို သိပါရစေ။

ဖြေ - မြန်မာနိုင်ငံကို လာရခြင်းက လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို လာရောက်လေ့လာတာပါ။ ရင်းနှီးမြုပ်နှံမှု လုပ်ကိုင်နိုင်တဲ့ အခင်းအကျင်းမျိုး ရှိ၊ မရှိ အခြေအနေတွေကို သိချင်တာလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာ အခုစီးပွားရေးနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ ပြည်ပလုပ်ငန်းရှင်တစ်ဦးအနေနဲ့ စိတ်ဝင်စားတာတော့ အမှန်ပါပဲ။  

မေး - ပထမဦးဆုံး Mr.Kien Pham ရဲ့ ကုမ္ပဏီအကြောင်းလေး အရင်သိပါရစေ။

ဖြေ - ကျွန်တော်က ဗီယက်နမ်အခြေစိုက် VMG Media ရဲ့ ဒုတိယ ဥက္ကဋ္ဌပါ။ ဗီယက်နမ်ဖွား အမေရိကန်လူမျိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ လောလောဆယ်တော့ အမေရိကန် passport ကိုင်ထားပါတယ်။ ကျွန်တော့်ကို ဗီယက်နမ်မှာ မွေးပေမယ့် ၁၉ နှစ်သားလောက် ကစပြီး အမေရိကားကို ထွက်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ခြောက်နှစ်လောက်ကမှ ဗီယက်နမ်ကို ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ပြန်ဝင်လာတာပါ။ ဗီယက်နမ်ကိုမလာခင်လည်း Social Charity project တွေ လုပ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း Company တွေ project တွေ လုပ်ခဲ့ပါတယ်။ အဲဒီ အထဲကတစ်ခုက VMG Media ပါ။ Mobile Content တွေကို Provide လုပ်တဲ့ ကုမ္ပဏီပါ။

မေး - ဗီယက်နမ်နိုင်ငံရဲ့ လက်ရှိ ဖုန်းသုံးစွဲမှု အနေအထားအပေါ်မှာ သိပါရစေ။

ဖြေ - တချိန်တုန်းကတော့ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပေါ့ ဗီယက်နမ်မှာ ဖုန်းလိုင်းတစ်ခုရဖို့ အမေရိကန်ဒေါ်လာ ၁၀၀၀ လောက် ကျတယ်။ နှစ်ပတ်၊ သုံးပတ် စောင့်ရတယ်။ အခုဆိုရင် အမေရိကန် ဒေါ်လာ ၂၀ လောက်နဲ့ ရတယ်။ cell phone  နံပါတ်ပါတဲ့ SIM card က အလကားရတဲ့အဆင့်ထိ ဖြစ်သွားပြီ။ ချက်ချင်းလည်း ၀ယ်လို့ရတယ်။ ဖုန်းသုံးစွဲမှုက လောလောဆယ် ၁၂၅ သန်းလောက်ရှိတယ်။ လူဦးရေက ၈၆ သန်းဆိုတော့ လူတစ်ယောက် ဖုန်းတစ်လုံးနဲ့ နှစ်လုံးကြား သုံးစွဲနိုင်တဲ့ သဘောကို တွေ့ရတယ်။ အဓိက က ယှဉ်ပြိုင်မှုရှိတယ်။ ဈေးတွေကျလာတော့ လူတိုင်းသုံးစွဲနိုင်တယ်။

မေး - မိုဘိုင်းဆက်သွယ်ရေးလုပ်တဲ့ စုစုပေါင်းကုမ္ပဏီ ဘယ်နှစ်ခုလောက် ရှိလဲ။

ဖြေ - ဟိုတုန်းကတော့ VNPT (Viet- nam Posts and Telecommunication Group ရဲ့ လက်အောက်မှာ အဓိကကုမ္ပဏီ နှစ်ခုရှိတယ်။ တစ်ခုက Mobifone နောက်တစ်ခုက Vietnam Phone။ ဒီနှစ်ခုပဲ ရှိတယ်။ နောက်ပိုင်း Viettel Mobile  ၀င်လာတယ်။ သူက စစ်တပ်နဲ့ ဆက်စပ်တယ်။ လောလောဆယ် ခုနစ်ခုလောက်ရှိပေမယ့် အဓိက သုံးခုက သူတို့ပဲ။ ဈေးကွက်ဝေစုရဲ့ ၉၀ ရာခိုင်နှုန်း ရထားတယ်။ Telecommunication sector မှာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က လက်ဝါးကြီးအုပ်ချုပ် ကိုင်မှု ရှိခဲ့တယ်။ နောက်ပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းအားဖြင့် လူတိုင်းသုံးစွဲနိုင်လာတယ်။ အဲဒီအတွက် နေ့စဉ်လူမှုဘ၀တွေမှာ အဆင်ပြေစေတယ်။ ဥပမာဗျာ Traffic Jamp ဖြစ်တာမျိုးကအစ၊ ဘယ်နေရာမှာ accident ဖြစ်နေတယ် အဆုံး  Phone line တွေက နေသိနိုင်တယ်။  radio station ကနေတစ်ဆင့် ကြေညာပေးတဲ့ စနစ်ရှိတယ်။ ဖုန်းကနေတစ်ဆင့် နားထောင်လိုက်တာနဲ့ ဘယ်နေရာ ဘာဖြစ်လဲ သိနိုင်တယ်။ အချိန်ကုန် သက်သာတယ်။

မေး - မြန်မာနိုင်ငံရဲ့ ဖုန်းဈေးကွက်နဲ့ ဖုန်းသုံးစွဲနိုင်မှု အနေအထားကို ဘယ်လိုမြင်လဲ။

ဖြေ - ကျွန်တော်သိသလောက် မြန်မာနိုင်ငံမှာ ဖုန်းတစ်လုံး၊ ဥပမာ SIM card ၀ယ်မယ်ဆို အမေရိကန်ဒေါ်လာ ၃၀၀ လောက်ကျတယ်လို့ သိရတယ်။ တော်တော်လေး အံ့သြမိတယ်။ ဒီလောက်ဈေးနဲ့ဆို လူတိုင်းသုံးစွဲနိုင်ဖို့ မလွယ်ဘူး။ ဗီယက်နမ်မှာဆို ဥပမာ ဘဏ်နဲ့ပတ်သက်တဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို ဖုန်းနဲ့ လုပ်သွားကြတာပဲ များတယ်။ ဗီယက်နမ်မှာ အဲဒီကိစ္စက မထူးဆန်းတော့ဘူး။ ဘဏ်ကနေ SMS လာလေ့ရှိတယ်။ Credit Card balance amount ဘယ်လောက်ရှိတယ်။ ဘယ်လောက်ပေးရမယ် ဆိုတာမျိုး။ ဥပမာ စားသောက်ဆိုင်တစ်ဆိုင်မှာ စားသောက်ပြီး Credit Card နဲ့ ရှင်းလိုက်တယ်။ မိနစ်ပိုင်းအတွင်း message ၀င်လာတယ်။ ဆိုလိုတာက ကျွန်တော့်ကတ် အခိုးခံရရင်တောင် မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ e-commerce ကိစ္စတွေ အဆင်ပြေတယ်။ ဘဏ်ကိုသွားပြီး balacnce ကို သွားမေးစရာ မလိုဘူး။ သွားမေးရင် ယာဉ်ကြောပိတ်ဆို့မယ်။ ဓာတ်ဆီစရိတ် ရှိမယ်။ အချိန်ကုန်မယ်။ ရန်ကုန်မြို့မှာ လူငါးသန်း ရှိတယ်ဆိုပါတော့ တစ်ယောက်ကို တစ်မိနစ်ပဲသက်သာ အချိန်ဘယ်လောက် ပိုထွက်သွားမလဲ။ အသုံးများလေ အချိန်ကုန်သက်သာလေ။ telecommunication sector လည်း ဖွံ့ဖြိုးလေပဲ။ ဒါဆိုရင် The whole economic system တစ်ခုလုံးအတွက် အ များကြီး အထောက်အကူဖြစ်တယ်။

မေး - ဗီယက်နမ်ရဲ့ ကျေးလက်ဒေသ ဖုန်းသုံးစွဲမှု အခြေအနေကကော။

ဖြေ - ကျေးလက်ဒေသက တောင်သူတွေလည်း ဖုန်းကိုင်နိုင်ပါတယ်။ ဘာပြဿနာမှ မရှိဘူး။ သူတို့တွေက သူတို့ရဲ့ cell phone တွေကနေတစ်ဆင့် ဈေးကွက်ပေါက်ဈေးတွေကို သိခွင့်ရမယ်။ Internet service ကလည်း Phone line ရှိရင် ADSL နဲ့ တွဲသုံးလို့ရတယ်။ 3G ဖုန်းတွေဆိုရင်လည်း ကွန်ပျူတာတစ်လုံးလိုပဲ အဆင်ပြေတယ်။ အင်တာနက်တပ် ဆင်ခက (installation fee) ကလည်း မပေးရဘူး။ သုံးစွဲခကတော့ တစ်လကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဒေါ်လာနဲ့ရတယ်။ Internet backbone နဲ့ ပတ်သက်ရင် Fiber optic line က အရမ်းကြီးတယ်။ ကျွန်တော် သိရသလောက် မြန်မာပြည်မှာ သုံးနေတာ လေးဂစ်လောက်ပဲ ရှိမယ်ထင်တယ်။ ဗီယက်နမ်မှာ ၁၀၀ ဂစ် သုံးနေတာက အခုဆိုပိုပြီးထပ်ချဲ့ထားတာ တွေ့ရတယ်။ ဒီနေရာမှာလည်း ယှဉ်ပြိုင်နိုင်မှုလိုတာပါပဲ။ ကုမ္ပဏီတွေကို ခွဲဝေပြီး ပေးနိုင်တယ်။ အပြိုင်အဆိုင် လုပ်ကြရင် ကုန်ကျစရိတ်သက်သာပြီး တိုးတက်လာမှာ အမှန်ပဲ။

မေး - ဒီ Telecommunication sector နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အနေအထားပေါ် ဘယ်လိုမြင်လဲ။

ဖြေ - မြန်မာနိုင်ငံက ပိုပြီးလုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ အခုဆို ဗီယက်နမ်ထက် နိုင်ငံရေးစနစ်မှာ အားသာချက် ရှိနေပါပြီ။ ဥပမာ-ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ရှိနေပြီ။ ဗီယက်နမ်လို တစ်ပါတီတည်း မဟုတ်တော့ဘူး။ ဒီအခြေခံအချက် တွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံက ပိုပြီး သတင်းအချက်အလက် စီးဆင်းမှုကို ဖွင့်ချပေးနိုင်ပါတယ်။ ဒီကဏ္ဍ ပိုပြီးဖွံ့ဖြိုးအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် မူဝါဒပိုင်းဆိုင်ရာတွေ သိပ်အရေးကြီးလာပြီ။ ပေါ်လစီကလည်း ယှဉ်ပြိုင်မှုကို အားပေး သင့်တယ်။
မေး - ဟန်းဆက်နဲ့ပတ်သက်ပြီး ဗီယက်နမ် လုပ်ငန်းရှင်တွေရဲ့ ဟန်းဆက် ကုမ္ပဏီတွေ ရှိလား။ ပြည်ပက သွင်းရတာမျိုးကော။

ဖြေ - ဟန်းဆက်ကုမ္ပဏီတွေထဲမှာ local company တွေ ရှိပါတယ်။ ဒီ technology ကလည်း ဘာမှ ထူးဆန်းတာမျိုး မဟုတ်ပါဘူး။ မခက်ခဲပါဘူး။ အရမ်းရိုးစင်းတယ်။ ဗီယက်နမ် ကုမ္ပဏီတွေကိုယ်တိုင် cell phone ထုတ်နိုင်တယ်။ အပြင်ကဆိုရင်တော့ ဆမ်ဆောင်းရှိတယ်၊ ကိုရီးယားက ၀င်လာတာ Nokia Cell Phone Company ကတော့ ၀င်ဖို့ လုပ်နေတယ်။
မေး - နောက်ဆုံးမေးချင်တာက ဗီယက်နမ် စီးပွားရေးပုံစံပါ။ အောင်မြင်မှုရဲ့ အဓိကသော့ချက်က ဘာလဲ။

ဖြေ - ဗီယက်နမ်လည်း ဟိုတုန်းကဆို မြန်မာနိုင်ငံလိုပဲ ဆင်းရဲတယ်။ အခြေခံ အဆောက်အအုံပိုင်းကအစ ညံ့ဖျင်းတယ်။ ဒါပေမယ့် ၁၉၉၆ လောက်မှာ စီးပွားရေးနဲ့ပတ်သက်ပြီး economic reform လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးပေါ်လစီဟာ မှန်ကန်တယ်လို့ ပြောရမယ်။ ဒီ နေ့အထိ အောင်မြင်နေတာ တွေ့ရတယ်။

ဥပမာ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အမေရိကန်ရဲ့ အကူအညီနဲ့ ရေးဆွဲနိုင်ခဲ့တယ်။ လိုအပ်တဲ့ နည်းပညာကို သူတို့က ကူညီခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဒေသခံကုမ္ပဏီတွေနဲ့ ပြည်ပက၀င်လာတဲ့ ကုမ္ပဏီအတွက် အကျိုးရှိအောင် ဘယ်လို ရေးဆွဲရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့တယ်။ ပြီးတော့ transparency ရှိရှိပဲ ချပြခဲ့တယ်။ မူဝါဒပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး ရှင်းလင်းထားတယ်။ ကျွန်တော်တို့ရဲ့ economic reform ကအောင်မြင်တယ်လို့ ပြောရမှာ။ နှစ်ပေါင်း ၂၀ ကျော် အတွင်း ဗီယက်နမ် အရမ်းတိုးတက်သွားခဲ့တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အများကြီး လုပ်လို့ရတဲ့ အခြေအနေရှိတယ်လို့ မြင်မိပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis