ကိုယ်ပထမဆုံး ကားမောင်းသင်ခါစတုန်းက ဒုန်းခနဲမြည်သံနဲ့အတူ ချိုင့်ထဲကို
ကားကျသွားရင် ကားမောင်းသင်ပေးတဲ့ ဦးလေးက ကိုယ့်ခေါင်းကို ဒေါင်ခနဲမြည်အောင်
ခေါက်လေ့ရှိပါတယ်။ ပြီးတော့မှ ဦးလေးကိုယ်တိုင် ဂျစ်ကားကိုမောင်းပြီး
တစ်ထွာလောက်နက်တဲ့ ချိုင့်ထဲကို ဂီယာ ကြီးနဲ့ ရှေ့ဘယ်ဘက်ဘီးကို
တစ်လိမ့်ချင်း အရင်စချ၊ ပြီးမှတစ်လိမ့်ချင်း ပြန်တက်ပြပါတယ်။ 'မှတ်ထားကွ
ကားဆိုတာ ဒီလိုမောင်းရတယ်၊ ဒီလိုမှ မမောင်းရင် လှည်းစီးရတာနဲ့
ဘာထူးတော့မလဲ'လို့ သြ၀ါဒလည်း ချွေခဲ့ပါသေးတယ်။
နောက်တစ်ခါ ၁၉၇၇ ခုနှစ်လောက်က ထားဝယ်မှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့
အခါတုန်းကလည်း အလားတူ အတွေ့အကြုံတစ်ခုနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒါကတော့
ကိုယ့်နိုင်ငံက ၀ယ်လိုက်တဲ့ အက်ဖ်-၂၈ ခရီးသည်တင် လေယာဉ်ရဲ့ စွမ်းရည်ပြပွဲပဲ
ဖြစ်ပါတယ်။ မြန်မာပြည်က ဂျက် လေယာဉ်နှစ်စီး ၀ယ်ပြီးခဲ့တဲ့နောက်
အဲဒီလေယာဉ်ကို ထုတ်လုပ်တဲ့ နယ်သာလင်နိုင်ငံက လေယာဉ်မှုးကြီးတွေ
မြန်မာပြည်မှာ နှစ်လကြာလာ နေပြီး ကိုယ့်ဆီက ပိုင်းလော့တွေကို အဲဒီ အက်ဖ်-၂၈
လေယာဉ်မောင်းနည်း သင်တန်းပေးပါတယ်။ အဲဒီသင်တန်းပြီးသွားလို့
သူတို့နိုင်ငံကို ပြန်ခါနီးမှာ ကိုယ့်ဆီက တာဝန်ရှိတဲ့လူတွေအားလုံးကို
ထားဝယ်ခေါ်လာပြီး သူတို့လေယာဉ် ဘယ်လောက်စွမ်းကြောင်း မောင်းပြသွားခဲ့ကြတဲ့
ပွဲပါပဲ။ အဲဒါ ကိုယ်တို့တစ်တွေက မြေပြင်ပေါ်ကနေ ကြည့်ကြရပါတယ်။
ဒတ်ခ်ျပိုင်းလော့တွေဟာ အက်ဖ်-၂၈ လေယာဉ်ကို ဂျက်တိုက်လေယာဉ်တွေလို ဘေးတ
စောင်းပျံပြလိုက်၊ လေဆိပ်မျှော်စင်အပေါ် လွတ်တယ်ဆိုရုံလေး ရှပ်ပြီး
မောင်းပျံပြလိုက်၊ နောက်လေယာဉ်ပြေးလမ်းပေါ် ဆင်းလာပြီး ရပ်မလိုလိုနဲ့ မရပ်ဘဲ
အရှိန်နဲ့ ပြန်ထောင်တက်သွားလိုက်နဲ့ ကိုယ်တို့ အောက်က နေကြည့်ကြရတဲ့
လူတွေကို သည်းထိတ်ရင်ဖို ဖြစ်စေခဲ့တာပါ။ ဒါနဲ့ ကိုယ်က ကိုယ့်ဘေးက
ဆရာဖြစ်သူကို တကယ်ခရီးသည်တွေပါတဲ့အခါ အဲလိုမောင်းလို့ရလားလို့
မေးကြည့်မိပါတယ်။ ဆရာဖြစ်သူက ကိုယ့်ကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး
အဲလိုမောင်းရင် မင့်လေယာဉ်ကိုခရီးသည်တွေ ဘယ် စီးကြတော့မလဲ၊
ခရီးသည်လေယာဉ်ဆိုတာ ကွေ့တာတောင်မှ လေယာဉ်စောင်းနေတာကို ခရီးသည်တွေ
မရိပ်မိအောင် ကွေ့ရတာကွ၊ ဆင်းတဲ့အခါမှာလည်း လေယာဉ်ဘီးတွေ ပြေးလမ်းနဲ့ထိလို့
ထိလိုက်မှန်း ခရီးသည်တွေ မသိလိုက်ရအောင် ဆင်းနိုင်မှ တော် တဲ့
လေယာဉ်မှုးလို့ ခေါ်တာ၊ ဒါ့ကြောင့် ဒီလေယာဉ်ကို အတုယူပြီး မင်းတို့ရုံးမှာ
စည်းမျဉ်းစည်းကမ်းတစ်ခုခု ဥပဒေတစ်ခုခုကို ပြောင်းတော့မယ်ဆိုရင် လက်အောက်က
လူတွေခံသာအောင် လိုက်နိုင်အောင် မသိမသာ ပြောင်းရတယ်ကွ၊ မှတ်ထားလို့
ကိုယ့်ကို ဆုံးမခဲ့ပါတယ်။
ဒီအကြောင်းတွေ ပြန်ပြောနေရတာက ခုတလော ကားသွင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ဥပဒေတွေ စည်းမျဉ်းတွေ အပြောင်းအလဲလုပ်တာ မြန်ဆန်လွန်းတဲ့အတွက် လူတွေဟာ
ဆွဲဆောင့်တာ ခံလိုက်ရသလိုမျိုး ဖြစ်ကုန်ပြီး ဒုက္ခမျိုးစုံနဲ့
ကြုံတွေ့သွားကြရတဲ့အတွက် ပြော နေရခြင်းပဲ ဖြစ်ပါတယ်။ တချို့လူတွေ
ရင်းနှီးထားတဲ့ ငွေတွေအကုန်လုံးနီးပါး ဆုံးရှုံးကုန်ပြီး
ညဘက်အိပ်မပျော်နိုင် ဖြစ်ကြရတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားသိ ရပါတယ်။
ဒီသတင်းတွေ ကြားရတဲ့အချိန်မှာ မန္တလေးတက္ကသိုလ် ရောက်ခါစတုန်းက ကြုံ
တွေ့ခဲ့ရတဲ့ စကားရည်လုပွဲတစ်ခုကိုလည်း သွားသတိရမိပါတယ်။ အဲဒီ
စကားရည်လုပွဲခေါင်းစဉ်က ခေတ်နောက်ကျတာ ကောင်းတယ်ဆိုတဲ့ဘက်က တစ်ဖက်နဲ့
မကောင်းဘူးဆိုတဲ့ဘက်က တစ်ဖက်ဖြစ်ပါတယ်။ အဲဒီစကားရည်လုပွဲကို
သွားနားမထောင်ခင် အဆောင်မှာ ကပ်ထားတဲ့ စကားရည်လုပွဲ ခေါင်းစဉ်ကိုကြည့်ပြီး
လူမမြင်ရသေးခင်ကတည်းက ခေတ်နောက်ကျတာ ကောင်းတယ်လို့ ပြောရမယ့်ဘက်က လူတွေကို
ကရုဏာ သက်ခဲ့မိရတာပါ။
ဒါပေမယ့် တကယ့်တကယ်ကျတော့ ရှုံးမယ်ထင်တဲ့လူတွေ တက်ပြောတဲ့အခါမှာ တ၀ါးဝါး
တဟားဟားနဲ့ တော်တော်ပျော်စရာကောင်းနေတယ် ဆိုတာကို တွေ့ရပါတယ်။ သူတို့အထဲက
တစ်ယောက်က ပြောတယ်ခေတ် နောက်ကျတော့ လျှပ်စစ်မီးတွေ ဘာတွေမရှိလို့ ညကျတော့
ဘာမှ လုပ်စရာမလိုဘူးတဲ့၊ ည ၈ နာရီလောက်ဆို မီးပုံဘေးမှာ ခွေအိပ်ရုံပဲတဲ့၊
အဲသလို စောစောအိပ်တော့ စောစောနိုးတယ်၊ မနက် ၅ နာရီလောက်ဆို အိပ်ရာက
နိုးနေပြီ၊ quite fresh ပဲတဲ့၊ ခင်ဗျားတို့အဆောင်မှာ စနေနေ့
ညနက်သန်းခေါင်ထိ စာကျက်ပြီးနောက် နေ့မနက် ဆယ်နာရီထိုးမှ အိပ်ရာထလည်း
အိပ်ရေးဝမယ် မထင်နဲ့တဲ့၊ အဲဒီလို ကြာကြာလုပ်ရင် ခင်ဗျားတို့ အသက်ရှည်မှာ
မဟုတ်ဘူးလို့ ပြောသွားတယ်။ နောက်တစ်ယောက် ပြောတာကတော့ ခေတ်နောက်ကျတော့
ဘာစာမှဖတ်စရာမလိုတော့လို့ မျက်စိလည်း မမှုန်တော့ဘူးတဲ့၊
ဒါ့ကြောင့်မျက်မှန်လည်း တပ်စရာ မလိုတော့လို့ အလုပ်လည်း မရှုပ်တော့ဘူးတဲ့၊
အဲဒီတော့ ဘယ်လောက်ကောင်းလဲဆိုပြီး ပြောလို့ ပရိသတ်ကြီးက အူနှိပ်ပြီး
ရယ်ကြရပါတယ်။ ဒါပေမယ့် သူတို့ပြောသွားတဲ့ အကြောင်းအရာတွေက သိပ်အရေးမကြီးဘူး
ထင်ရပေမယ့် တချို့ဟာတွေက တကယ် မှန်နေကြတယ်ဆိုတာကိုတော့
နားထောင်သူတွေမငြင်းနိုင်ခဲ့ ကြပါဘူး။
ဒါ့ကြောင့် ဒီနေရာမှာ ကိုယ်လည်းပဲ ကိုယ့်နိုင်ငံ ခေတ်နောက်ကျနေပေမယ့်
အဲဒီလို ခေတ်နောက်ကျနေတဲ့အတွက် ကောင်းကွက်ကလေးတွေတော့
ရှိနေပါသေးလားဆိုတာကို သတိပြုမိခဲ့တာပါ။ အဲဒါကတော့ ရှေ့က
တိုးတက်ပြီးဖြစ်တဲ့ နိုင်ငံက လူတွေ သူတို့နိုင်ငံကို ခေတ်မီတိုးတက်
အောင်လုပ်ခဲ့ကြရာမှာ မှားခဲ့ကြတဲ့ အချက်တွေကို ကိုယ်တို့တစ်တွေ
လိုက်မလုပ်မိအောင် ကြိုတင်သတိထားနိုင်ဖို့ အခွင့်အရေး ရလိုက်ခြင်းပါပဲ။
ထိုင်းနိုင်ငံဘန်ကောက်မှာ
မနက် ၂ နာရီထပြီး ကားနဲ့ခရီးသွားရင် နေ့လယ်ဘက် တစ်နာရီခွဲမောင်းရတဲ့
ခရီးကို မိနစ် ၃၀နဲ့ရောက်ပါတယ်။ မနက်ပိုင်း ကလေးကျောင်းပို့တဲ့အခါ
ကားကျပ်ပြီး လမ်းပေါ်မှာပဲ အချိန်ကုန် ကြရလေ့ ရှိပါတယ်။ ဒါ့ကြောင့်
အစောကြီးထပြီး ကလေးကျောင်းပို့ရလို့ ကားထဲမှာပဲ ကလေးကို ထမင်း
ခွံ့ကျွေးကြရပါတယ်။ သင်္ကြန်ကာလမှာ ဘန်ကောက်ကနေ နယ်ကိုသွားမယ် ဆိုရင်ည ၁၂
နာရီလောက်ကတည်းက အိမ်ကထပြီးထွက်မှ တော်ကာကျပါတယ်။ မဟုတ်ရင်
မြို့ပြင်ထွက်ဖို့ မလွယ်တော့ပါဘူး။ အခုကောင်းကင် လမ်းတွေ
ဆောက်လုပ်ပြီးတဲ့အခါမှာလည်း လမ်းတွေ ယာဉ်ပိတ်ဆို့မှု ဖြစ်နေကြတုန်းပါပဲ။
ကလေးမွေးချင်လို့ ဆေးရုံသွားရင် တစ်ခါတလေ ကလေးလူပျိုဖြစ်မှ
ဆေးရုံကိုရောက်တတ်တယ်လို့ ထိုင်းမိတ်ဆွေတွေက စိတ်ပျက်လက်ပျက်နဲ့ ရယ်စရာ
ပြောကြပါတယ်။
'သက်ဆင်'၀န်ကြီးချုပ် မဖြစ်ခင်က
မဲဆွယ်တရားဟောတဲ့နေရာမှာ သူသာ ၀န်ကြီးချုပ်ဖြစ်ရင်
ကားမကျပ်အောင်လုပ်ပြမယ်လို့ ဟောပြောပြီး မဲဆွယ်စည်းရုံးခဲ့တာပါ။
ဝန်ကြီးချုပ်ဖြစ်လာတော့လည်း ဒီအတိုင်း ဒီအတိုင်းပါပဲ။ ထိုင်းနိုင်ငံမှာ
ကားတွေကို တစ်နာရီအစီး ၅၀၀ နှုန်း လောက်နဲ့ ၀ယ်စီးချင်ရင်လည်း အလွယ်တကူနဲ့
ဝယ်စီးနိုင်ကြလို့ ဘန်ကောက်မှာ နောက်ထပ်ကောင်းကင်လမ်းတွေကို အာကာသထိ
တက်ဆောက်နိုင်မယ်ဆိုရင်လည်း လမ်းတွေ ပိတ်မြဲ ပိတ်နေဦးမှာပါပဲ။
ဒါ့ကြောင့် တစ်ခုတော့ မေးချင်မိပါတယ်၊ ဘန်ကောက်မှာလို ကားပေါတာကို
ကြိုက်သလားလို့။ ဒါဆိုလွယ်ပါတယ်၊ မခက်လှပါဘူး။ အခွန်တစ်ပြားမှ မကောက်ဘဲ
ကြိုက်သလောက် ကားတွေကို သွင်းခွင့်ပြုလိုက်ရုံပါပဲ။ ဒါပေမယ့် ဆူးလေဘုရားကနေ
မင်္ဂလာဒုံလေယာဉ်ကွင်းကို ၂ နာရီမောင်းမှ ရောက်မယ့်ဒဏ်နဲ့ မန္တလေးမြို့
မင်္ဂလာတံတားကနေ မနက် ၈ နာရီ စထွက်ရင် တံခွန်တိုင်အ၀ိုင်းနားက
အခုဖွင့်လိုက်တဲ့ အမြန်လမ်းမကြီး ထိပ်ကမုတ်ဦးကို မနက် ၁၀ နာရီခွဲမှ
ရောက်မယ့်ဒဏ်တွေကို သည်းခံနိုင်ဖို့တော့ လိုပါလိမ့်မယ်။ ဒါ့အပြင်
နိုင်ငံတော်မှာ ရှိသမျှ ပိုက်ဆံတွေ အကုန်လုံး ဘယ်နေရာမှ မသုံးတော့ဘဲ
အားလုံးစက်သုံးဆီဝယ်ဖို့ပဲ အသုံးပြုရပါလိမ့်မယ်။ ဒါ့ကြောင့်
သူများလုပ်သလိုလိုက်ပြီး အတင်းစွတ်မလုပ်သင့်ပါဘူး။ နားလည်တတ်ကျွမ်းသူတွေနဲ့
တိုင်ပင်ဆွေးနွေးပြီး အများဆုံးဖြတ်ချက်နဲ့လုပ်မှ အမှားနည်းပြီး ပြည်
သူအများ စိတ်ချမ်းသာ ကြရမှာပါ။
ဥပမာအားဖြင့် အမေရိကားမှာ လူဦးရေ ၃၁၃ သန်းရှိနေတဲ့နေရာမှာ ကုန်တင်ကားမပါ
ကားအစီးရေက ၂၅၇ သန်းတောင် ရှိနေပါတယ်။ ဒါကို မြန်မာပြည်မှာနေနေကြတဲ့
ကိုယ်တို့အနေနဲ့ ကောင်းသလား မကောင်းဘူးလား ငြင်းခုံနေစရာ မလိုပါဘူး။
သူတို့နိုင်ငံက ဧရိယာ စတုရန်းကီလို မီတာ ၉.၈ သန်းကျော် ရှိတာဆိုတော့
အကျယ်ကြီးမို့ အဲဒီကားတွေကို ရင်ပေါင်တန်းပြီး မောင်းချင်တယ်ဆိုရင်တောင်
မောင်းလို့ ရနိုင်ပါသေးတယ်။ ကိုယ့်နိုင်ငံ က ဧရိယာ အကျယ်စတုရန်း ကီလိုမီတာ
၆.၇ သိန်းကျော်ပဲ ရှိပါတယ်။ သူ့အချိုးအတိုင်းဖြစ်အောင်
လိုက်လုပ်ချင်တယ်ဆိုရင် ကိုယ့်နိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိတာဆိုတော့
ကားအစီးရေ ၄၉ သန်း ပြည့်အောင် တင်သွင်း ရမှာဖြစ်ပါတယ်။ နောက်ပြီး
ဗီယက်နမ်မှာ လူဦးရေသန်း ၈၀ ရှိပြီး မော်တော်ဆိုင်ကယ်သန်း ၂၀ ရှိတယ်လို့
စွယ်စုံကျမ်းတစ်ခုက ခန့်မှန်းတွက်ချက် တင်ပြထားတာရှိပါတယ်။ လူ ၄ ယောက်
ဆိုင်ကယ်တစ်စီးနှုန်း ရှိနေတဲ့ သဘောပါ။ ရန်ကုန်မှာ အတည်တကျ
နေနေကြတဲ့လူတွေရော နေ့စဉ် ၀င်ထွက်နေကြတဲ့ နယ်ကလူတွေရော ပေါင်းလိုက်ရင်
စုစုပေါင်း ၆ သန်းလောက် ရှိတယ်ဆိုပါစို့။ ဒါဆို ဗီယက်နမ်နဲ့တူအောင်
ရန်ကုန်မြို့ထဲမှာ မော်တော်ဆိုင်ကယ် အစီးရေ ၁.၅ သန်းလောက်ရှိအောင်
မဖြစ်မနေလုပ်ကြမယ်ဆိုရင် အဆင်ပြေနိုင်ပါ့မလားဆိုတာကို စဉ်းစားဖို့
လိုပါတယ်။ ဂျပန်နိုင်ငံက တိုကျိုမြို့မှာ ဒုညွှန်ချုပ်၊
ဒုဦးဆောင်ညွှန်ကြားရေးမှူးအဆင့်ထိ ရုံးတက်ရင် ကိုယ်ပိုင်ကား
စီးလေ့မရှိကြပါဘူး။ ရထားပေါ်ကဆင်းတဲ့အခါ ကုတ်အင်္ကျီလေး ကို ဘယ်ဘက်လက်ပေါ်တင်
ညာဘက်လက်က အိတ်ကလေးဆွဲပြီး ရုံးကို လမ်းလျှောက်သွားကြတာပါပဲ။ ဘူတာရုံနဲ့
ရုံးကလည်း မန္တလေးအခေါ် နှစ်ပြလောက်ထက် ပိုပြီးမဝေးတတ်ပါဘူး။
ယိုကိုဟားမားမြို့မှာ နေတဲ့လူတွေဟာ အိမ်ကနေဘူတာကို စက် ဘီးတွေ
ဆိုင်ကယ်တွေနဲ့ အရင်လာကြရပါတယ်။ ယိုကိုဟားမားဘူတာရောက်တော့ အဲဒီ စက်ဘီးတွေ
ဆိုင်ကယ်တွေကို သော့ခတ်ပြီး စင်ပေါ်မှာ သူ့နေရာနဲ့သူ အထပ်လိုက်
စီတင်ထားခဲ့ပြီးမှ တိုကျိုကို ရထားနဲ့ ရုံးသွားတက်ကြတာပါပဲ။
အဲယိုကိုဟားမားကနေ တိုကျိုထိ တစ်နာရီလောက်တော့ ရထား စီးရပါတယ်။ ဒါပေမယ့်
အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ တအားကောင်းပြီး ရထားက အင်မတန်မှ
အဆင့်အတန်းမြင့်တာမို့ အဲဒီလို ရုံးတက်ရတာ ငွေကုန်လူပန်းသက်သာတဲ့အပြင်
ရထားပေါ်မှာ ဇိမ်ကျကျ နဲ့ စာဖတ်ပြီး လိုက်နိုင်ကြပါသေးတယ်။
ကိုယ့်နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာက အတော့်ကို
အံ့အားသင့်နေကြတာပါ။ ဒါပေမယ့် တစ်ဖက်ကလည်း ပြောင်းလဲတာ
မြန်ဆန်လွန်းတဲ့အတွက် ဖြေရှင်းဖို့ မလွယ်ကူတဲ့ စိန်ခေါ်မှုမျိုးတွေနဲ့
ထိပ်တိုက် ကြုံတွေ့သွားမှာကိုလည်း စိတ်ပူမိတယ်လို့ ပြောနေကြတာဟာ ဒါတွေကို
မြင်လို့ ပြောနေကြတာဖြစ်ပါတယ် . . .
|
ဂျပန်က ကြယ်သုံးပွင့်အဆင့်လောက်ရှိတဲ့ ဟိုတယ်အခန်းတွေထဲမှာ
ရေချိုးတဲ့အခါ ရေချိုးကန်က ကျဉ်းပြီး တိုလွန်းလို့ ဒူးကွေးပြီး
ရေချိုးရပါတယ်။ ဂျပန်လို ခေတ်မီအောင် ကိုယ့်နိုင်ငံမှာ အဲဒီလို ရေချိုးကန်
ကျဉ်းကျဉ်းလေးတွေနဲ့ ဟိုတယ်တွေ ဆောက်ကြမလား။ မြေမရှိတဲ့ နိုင်ငံတွေမှာ
အထပ်ပေါင်းများစွာပါတဲ့ ကွန်ဒိုအမြင့်ကြီးတွေ ဆောက်ကြရပါတယ်။ မြေပေါတဲ့
ကိုယ်တို့နိုင်ငံမှာ အဲဒီလို အထပ်အမြင့်ကြီးတွေ ဆောက်ထားတာကိုတွေ့ရင်
နိုင်ငံခြားသားတွေက ကိုယ်တို့ကို ဆေးစားမှားလာတယ်လို့ ထင်ကြမှာပါပဲ။
ဒါ့ကြောင့် အနှစ်နှစ် အလလက ကိုယ်ပိုင်ကားစီးရဖို့ အိပ်မက်တွေမက်ခဲ့ရတဲ့
ပြည်သူတွေလည်း ကားစီးခွင့် ရကြအောင်၊ စစ်ကျန်ဘတ်စ်ကားတွေနဲ့
ငါးပိငါးချဉ်သိပ်ပြီး နေ့စဉ်နဲ့အမျှ သွားလာနေကြရတဲ့ အများပြည်သူတွေလည်း
ဒုက္ခဆင်းရဲတွင်းထဲက လွတ်ကင်းအောင်၊ ကားမကျပ်အောင် လုပ်လို့ ရပါလျက်နဲ့
မလုပ်တတ် မကိုင်တတ်လို့ မလိုအပ်ဘဲ ကားကျပ်သွားရတာမျိုးလည်း ဖြစ်မသွားအောင်
ကြံဆောင်ကြရမှာ ဖြစ်ပါတယ်။ လူကြီးကပြောလို့ဆိုပြီး လူကြီးကို
သွားအပြစ်လွှဲချလို့ မရပါဘူး။ လူကြီးက ဒီလောက်အလုပ်များပြီး
ကိုယ့်တိုင်းသူပြည် သားတွေ ဆင်းစီးမြင်းရံတာမြင်ချင်လို့ ပြောတာကို
သွားအပြစ်မတင်သင့်ဘူးလို့ ထင်ပါတယ်။
သူငယ်ချင်းတစ်ယောက် ပြောလေ့ရှိတဲ့ ကိုယ့် field မှာတော့ ကိုယ် master
ဖြစ်နေရမယ်ဆိုတဲ့ စကားကို အမှတ်ရမိပါတယ်။ 'မှန်ပါတယ် ခင်ဗျာ၊
ဒီလိုရှိတဲ့အတွက် ဒီလိုလုပ်ရင် ပိုသင့်တော်ပါတယ်ခင်ဗျား'ဆိုပြီး
ပြောင်မြောက်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ဖို့ အမြဲအားထုတ်နေကြရမှာ ဖြစ်ပါတယ်။
အခုကိုယ့်နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာကအတော့်ကို
အံ့အားသင့်နေကြတာပါ။ ဒါပေမယ့် တစ်ဖက်ကလည်း ပြောင်းလဲတာ
မြန်ဆန်လွန်းတဲ့အတွက် ဖြေရှင်းဖို့ မလွယ်ကူတဲ့ စိန်ခေါ်မှုမျိုးတွေနဲ့
ထိပ်တိုက်ကြုံတွေ့သွားမှာကိုလည်း စိတ် ပူမိတယ်လို့ ပြောနေကြတာဟာ ဒါတွေကို
မြင်လို့ ပြောနေကြတာ ဖြစ်ပါတယ်။
မပြောင်းလဲနဲ့လို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကားကိစ္စနဲ့
ပတ်သက်ပြီး လုပ်ကိုင်စားနေကြတဲ့ ပြည်သူတွေ တခြားအလုပ်ကို လွှဲပြောင်းပြီး
လုပ်ကိုင်စားနိုင်ဖို့ အခွင့်အရေးရအောင် အတိုင်းအတာတစ်ခုလောက်ထိ
အချိန်ပေးသင့်ခဲ့တာကတော့ အမှန်ပါပဲ။ ငါလေယာဉ်မောင်း တကယ် တော်တာကွ၊ မယုံရင်
ဟောဒီမှာကြည့် ဆိုပြီး ခရီးသည်တင်လေယာဉ်ကို ဆတ်ခနဲ ဆွဲဆောင့်ပြီး
ဂျက်တိုက်လေယာဉ်တွေလို ဘေးတစောင်း မောင်းပြလိုက်မယ်ဆိုရင်တော့ စားပြီးသား
အစာတွေ အကုန်အန်ထွက်ကြရမယ့်သူတွေက ကိုယ်တို့ပြည်သူတွေသာ ဖြစ်မှာပါပဲ။
EMG |
No comments:
Post a Comment