News And Library
Fresh News And Some Knowledge For You
menu
မူလစာမျက်နှာ
သတင်း
နိုင်ငံတကာသတင်း
နည်းပညာသတင်း
ဆောင်းပါး
အက်ဆေး
ဝတ္ထုတို
သရော်စာ
အင်တာဗျူး
အနုပညာ
ပညာရေး
ကာတွန်း
မှုခင်းသတင်း
ကျမ်းမာရေး
စီးပွားရေး
Saturday 19 May 2012
ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို အမေရိကန်သမ္မတ ဘားရက်အိုဘားမား လျှော့ပေါ့၊ ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အမည်စာရင်းသွင်း
နှစ်နိုင်ငံ ၀န်ကြီးများ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့အားတွေ့ရစဉ် Photo: AFP
အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက မေလ ၁၇ ရက်နေ့တွင် လျော့ပေါ့ခဲ့ပြီး
နှစ်ပေါင်း
၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် လက်ရှိ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်ကို အမည်စာရင်းသွင်းခဲ့သည်။
ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကိုအား ပေးထောက်ခံရန်အတွက်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမား၏ ဒဲရစ်မစ်ချယ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု၏ သံအမတ်ကြီးအဖြစ် အမည်စာရင်း တင်သွင်းမှုကို အမေရိကန်အထက် လွှတ်တော်မှ အတည်ပြုရန် လိုအပ်သေးကြောင်း လည်း သိရသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် လက်ရှိနယူးယောက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော သံအမတ်ကြီး ဦးသန်းဆွေကို ခန့်အပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံအပြီး မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားအချို့ကို ခွင့်ပြုသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ခွင့်ပြုသွားမည်ဖြစ်သည်။
''ဒါက တိုးတက်မှုကို အသိအမှတ်ပြုတာပါပဲ။ နှစ်နိုင်ငံကြား စီးပွားရေးပတ်သက်မှု ပိုမိုပွင့်လင်းလာမှုဟာ ပြုပြင်ပြောင်းလဲရေးသမားတွေကို ထောက်ခံရာမှာ အရေးကြီးပါတယ်''ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
သို့ရာတွင် အမေရိကန်သမ္မတ အိုဘားမားက ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ပေါ်လာရေးကို အားပေးရန်အတွက် လက်ရှိအရေးယူ ပိတ်ဆို့မှုများဆိုင်ရာ ဥပဒေကို ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၀ါရှင်တန်ဒီစီတွင် မေလ ၁၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ပြီးနောက် မြန်မာနိုင်ငံတွင် လွှတ်ပေးရန် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
နှစ်နိုင်ငံ ၀န်ကြီးများ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံတွင် လွှတ်ပေးရန် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ မည်သည့်အချိန်တွင် လွှတ်ပေးမည်ဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အစိုးရအနေဖြင့် သင့်တော်သည့်အချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့်များ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ''အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြပါ။ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြပါ''ဟု နှစ်နိုင်ငံဝန်ကြီးများ၏ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး အအမေရိကန်အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန် အထွေထွေ ခွင့်ပြုမိန့်တစ်ရပ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကာ ယင်းကဲ့သို့ ထုတ်ပြန် ပေးခြင်း အားဖြင့် အမေရိကန် စွမ်းအင်၊ သတ္တုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အ လမ်းများကို လွတ်လပ်စွာ ရှာဖွေနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံတွင် အမေရိကန် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ခြင်းသည် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျနေပြီဖြစ် သည့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာရောက်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ကုမ္ပဏီများသည် အာရှနှင့် ဥရောပမှ ပြိုင်ဘက်များ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်ကို လက်ဦးရယူသွားမည်ကို စိုးရိမ်ကြောင့်ကြသည့်အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စိတ်ထက်သန်လျက်ရှိနေကြောင်း လည်း သိရသည်။
EMG
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
ShareThis
No comments:
Post a Comment