menu

Saturday 19 May 2012

စာနာနားလည်ခြင်းများနှင့် နွေးထွေးသော ကမ်းလက်များဆီသို့




l571 “ကျွန်တော်တို့မိသားစု က သားလေးမွေးဖွားပြီးတဲ့ အချိန်ကစပြီး  သူ့အသက်နှစ်နှစ်ခွဲမတိုင်မီ အချိန်ထိ အရမ်းပျော်ရွှင် ချမ်းမြေ့ခဲ့ရပါတယ်။ သားလေး အသက်နှစ်နှစ်ခွဲကျော်တဲ့ အချိန်မှာတော့ မမျှော်လင့်ဘဲ ကံကြမ္မာ ဆိုးတွေနဲ့တွေ့ကြုံခဲ့ရပါတယ်။ သားလေးက ငယ်ငယ်လေးတည်းက အိမ် မှာ ကြိုးပုခက် စီးနေရတာကို အရမ်း နှစ်သက်သလို အမြဲတမ်းလည်း စီးနေတတ်ပါတယ်။ စီးနေရင်းကလည်း တီဗီကနေလာတဲ့ သူနှစ်သက်တဲ့ သီချင်းတွေကို လိုက်ဆိုနေလေ့ ရှိတတ်ပါတယ်။ တစ်နေ့မှာ ပုခက်စီးရင်း ချော်ပြီးပြုတ်ကျ သွားတယ်။ ဖြစ်ဖြစ်ချင်းတော့ ခြေထောက်နာသွားပြီး ထော့နဲ့ထော့နဲ့နဲ့လမ်းလျှောက် သေးပေမယ့် နောက်ရက်တွေကစပြီး လုံးဝ လမ်းမလျှောက်တော့ဘူး။ နှစ်ပတ် ကျော်တဲ့အထိ လမ်းမလျှောက်တော့ ကျွန်တော်တို့တွေလည်း ပထမဆုံး အရိုးဆေးရုံကိုသွားပြပြီး ဓာတ်မှန်ရိုက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို စစ်ဆေးခဲ့ပေမယ့် ဘာရောဂါ မှမတွေ့ဘူးလို့ ဆရာဝန်ကြီးက ပြောပြခဲ့ပါတယ်။
CT Scan  တွေရိုက် ကြည့်တယ်။ ဒါပေမယ့် ဘာရောဂါ မှမတွေ့ပါဘူး။ နောက်ဆုံးဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်ချက်အရ ရန်ကုန်ကလေးဆေးရုံကြီးက ဒေါက်တာ ကျော်လင်း M.B.B.S(YGN), MR CPCH(UK), Consultant Child Neurologist (Yangon Children Hospital)  နဲ့ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ ဆရာဝန်ကြီးက သားလေးရဲ့အခြေအနေ၊ အနေအထိုင် အပြုအမူတွေကို မေးမြန်းခြုံငုံသုံးသပ်ပြီး နောက်ဆုံးမှာတော့ ''Autism Possible" လို့ ဆေးမှတ်တမ်းစာအုပ်မှာ ရေးလိုက်ပြီး သားလေးကို အော်တစ်ဇင်နဲ့ပတ်သက်ပြီး အထူးသင်ကြားရေး ကျောင်းထားဖို့ ပြောပါတယ်။ ကျွန်တော်တို့ မိဘတွေအနေနဲ့ အော်တစ်ဇင်ဆိုတာကို သေသေချာချာ နားမလည်တဲ့အတွက် ဆရာဝန်ကြီး ရှင်းပြခဲ့လို့သိရှိပြီး နောက်ပိုင်းမှာ သားလေး အော်တစ်ဇင် ဖြစ်နေတယ် ဆိုတာကိုလည်း လက်မခံနိုင်ခဲ့ပါဘူး”ဟု တစ်ဦးတည်းသော သားလေး အော်တစ်ဇင်ဖြစ်နေမှုအပေါ် ဖခင်တစ်ဦး ကကြေကွဲဆို့နင့်စွာ ပြောပြခဲ့သည်။
အော်တစ်ဇင်ဆိုသည်မှာ  .  .  .
အော်တစ်ဇင်ဆိုသည့် ဝေါဟာရသည် မြန်မာနိုင်ငံ၌ ရင်းနှီးကျွမ်းဝင်မှု နည်းပါးနေသေးသည့် ဝေါဟာရတစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း၌လည်း ယေဘုယျအားဖြင့် ‘လူတစ်ဦး၏ ဘ၀တစ်လျှောက်လုံးတွင် ဖွံ့ဖြိုး တိုးတက်မှု ညီမျှနေမှုမရှိခြင်းကိုဆို လိုခြင်းဖြစ်သည်’ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ဖြစ်ပွားရခြင်း အကြောင်းရင်းကို ထင်မြင်ယူဆချက် အမျိုးမျိုး ရှိနေကြသော်လည်း ယနေ့အချိန် အထိ မည်သည့်အကြောင်းကြောင့် ဖြစ်ခြင်းဆိုသည်ကို တိကျခိုင်မာသည့် သက်သေ အထောက်အထား မပြနိုင် သေးကြောင်း သိရှိရပါသည်။
အော်တစ်ဇင်လက္ခဏာများ အနေဖြင့် ပုံမှန်သင်ကြားမှုစနစ်ကို လက်မခံခြင်း၊ မထီမဲ့မြင်ပြုသကဲ့သို့ နေတတ်ခြင်း၊ မကြောက်တတ်ခြင်း၊ အကြောင်းမဲ့ငို၊ ရယ်နေခြင်း၊ နာကျင်မှု ခံစားသိရှိမှုမရှိခြင်း၊ အချိန်ကြာမြင့်စွာ ပုံမှန်မဟုတ်သော ကစားနည်းကို ကစားခြင်း၊ အထိအတွေ့ကိုပုံမှန် မဟုတ်ဘဲ တုံ့ပြန်ခြင်း၊ မျက်လုံးချင်း ဆုံ၍မကြည့်ခြင်း၊ လိုအပ်မှုကို အမူအရာဖြင့်သာပြသခြင်း၊ ပစ္စည်းများ အပေါ်အစွဲကြီးခြင်း၊ သံယောင်လိုက်ခြင်း၊ နားမကြားသကဲ့သို့ နေထိုင်ခြင်း၊ အကြောင်းရင်းမရှိဘဲ ပြင်းထန်စွာ ငိုယိုပေါက်ကွဲခြင်း၊  ပေါင်းသင်းဆက်ဆံရေး ခက်ခဲခြင်း၊ အပြုအမူတစ်ခုကို ကြိမ်ဖန်များစွာ လုပ်ဆောင်ခြင်း၊ အလွန်အမင်း ငြိမ်နေခြင်း(သို့မဟုတ်) အလွန်အမင်း လှုပ်ရှားခြင်း စသည့်လက္ခဏာအများစု ကို အော်တစ်ဇင်များတွင် တွေ့ရှိနိုင်ပြီး ကလေးအသက်သုံးနှစ်အတွင်း၌ အဆိုပါလက္ခဏာ အများစု ပေါ်ပေါက် လာလေ့ရှိကြောင်း သိရှိရပါသည်။
ကလေးအသက် သုံးလအရွယ်တွင် ချော့မြူခြင်းကို မတုံ့ပြန်လျှင်၊ လှုပ်ရှားနေသော အရာဝတ္ထုများကို လိုက်မကြည့်လျှင်၊အသက်(၇)လ (၈)လအရွယ်တွင် အသံထွက်မရယ်လျှင်၊ စကားလုံးတိုဝါကျများ မပြောနိုင် လျှင်၊ မည်သည့် အသက်အရွယ်တွင် မဆို တတ်ကျွမ်းပြီးသားကျွမ်းကျင်မှုများ လျော့သွားလျှင်(သို့မဟုတ်) ပျောက်သွားလျှင် အော်တစ်ဇင်အကြောင်း နားလည်တတ်ကျွမ်းသူများ နှင့်ပြသ၍ စစ်ဆေးမှုကိုခံယူသင့်ပြီး လေ့ကျင့်သင်ကြားပေးမှုများကို စတင် ခံယူသင့်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၌အော်တစ်ဇင် နှင့်  ပတ်သက်၍ ဖြစ်ပွားမှုနှုန်း အခြေအနေနှင့် သတင်းအချက်အလက် ရရှိနိုင်မှုမှာ နည်းပါးနေသေးသော်လည်း၂၀၀၀ ခုနှစ်နောက်ပိုင်း၌ အော်တစ်ဇင်လက္ခာ ရှိသူကလေးဦးရေ တစ်ဖြည်းဖြည်း ပိုမိုများပြားလာခဲ့ကြောင်း သိရှိရပါသည်။ ကမ္ဘာအရပ်ရပ်၌ ပြုလုပ်ခဲ့သော သုတေသန တွေ့ရှိချက်များအရ ကလေး(၈၀)နှင့်(၁၁၀)တွင် အော်တစ်ဇင် ကလေးတစ်ဦး ပါဝင်နေကြောင်း၊ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ တစ်ရာခိုင်နှုန်းရှိကာ အရေအတွက်အားဖြင့် သန်း (၇၀) ရှိပြီး ကမ္ဘာတစ်ဝန်းလုံးတွင် အော်တစ်ဇင်ဦးရေ တစ်ဖြည်းဖြည်း များပြားလာနေကြောင်း အမေရိကန်နိုင်ငံရှိ Autism Speaks အသင်းကြီး ၏ သတင်းထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ် Autism Centre of Excellence ဌာနမှ သုတေသနပြု ချက်များအရ အော်တစ်ဇင်ဖြစ်ရခြင်း နှင့် ဦးနှောက်ဆဲလ်ဖွံ့ဖြိုးမှု ပုံမမှန်ဖြစ်နေခြင်းမှာ ဆက်စပ်နေပြီး အော်တစ်ဇင်များ၏ ဦးနှောက်တွင် လူမှုဆက်ဆံ ရေး၊ ဆက်သွယ်ရေးနှင့် အသိဥာဏ် ဖွံ့ဖြိုးမှုတို့နှင့် အဓိကဆက်စပ်နေသည့် ဦးနှောက်ဆဲလ်ဖွံ့ဖြိုးကြီးထွားမှုကို ထိန်းချုပ်သည့်စနစ်တွင် ချို့ယွင်းမှု များရှိနေခြင်းကြောင့် ဦးနှောက်၏ အချို့နေရာများတွင် ပုံမှန်ထက် လျင်မြန်မှုပိုမိုနေပြီး အချို့နေရာများတွင် နှေးကွေးနည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ထိန်းချုပ်မှု ပုံမှန်မဖြစ်ခြင်း ချို့ယွင်းချက်ကို ရှာဖွေ တွေ့ရှိပါက အော်တစ်ဇင်ဖြစ်ရခြင်း အကြောင်းအရင်းကို တိတိကျကျသိရှိရန် ပိုမိုနီးစပ်လာမည်ဖြစ်ပြီး ပျောက်ကင်းအောင် ကုသနိုင်မည့် နည်းလမ်းများကိုလည်း မကြာမီရှာဖွေတွေ့ရှိ နိုင်မည်ဟု ၎င်းကဖော်ပြထားပါသည်။
မြန်မာနိုင်ငံ၌ အော်တစ်ဇင် ကလေးများအား လက်ခံလေ့ကျင့်သင်ကြားပေးသော အထူးသင်ကြားရေး ကျောင်း(၈)ကျောင်းသာ ရှိသေးပြီး  အော်တစ်ဇင်များနှင့် ပတ်သက်သည့် လက်တွေ့နည်းပညာများ၊ သင်ထောက်ကူပစည်းများ အားနည်းနေသေး ခြင်း တို့ကြောင့် အသက်(၁၂)နှစ်အောက် ကလေးများအတွက် အထောက်အကူ ပြုနိုင်သေးကြောင်း သိရှိရပါသည်။ နည်းပညာများ ဖွံ့ဖြိုးတိုးတက်သော ပြည်ပနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အရွယ်ရောက် သူများအတွက် ၎င်းတို့၏ဘ၀တွင် အမှီခိုကင်းစွာ ရပ်တည်နေထိုင်နိုင်ရေး၊ အသက်မွေးဝမ်ကျောင်း ပညာရပ်ဖြင့်ဘ၀တွင် ရပ်တည်နိုင်ရေး၊ နိုင်ငံတော်နှင့် ပုဂလိကလုပ်ငန်းခွင်များတွင်  ပါဝင်ဆောင်ရွက်နိုင်ရေး တို့အတွက် သင်ကြားပေးနိုင်မည့် အော်တစ်ဇင်များအတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းကျောင်းများ ပေါ်ပေါက်လာနိုင်ရေး တို့အတွက်လည်း မိဘများ မျှော်လင့်စောင့်စားလျက် ရှိကြောင်း သိရှိရပါသည်။
၂၀၀၇ ခုနှစ်၊ဒီဇင်ဘာလ(၁၇) ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂဖွဲ့၏ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ နှစ်စဉ် ဧပြီလ(၂)ရက်နေ့ကို ကမ္ဘာ့အော်တစ်ဇင် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။
အာဆီယံနိုင်ငံများတွင်လည်း အော်တစ်ဇင်အသင်းများ ပူးပေါင်းဆောင်ရွက်ရန် ASEAN Autism Network (AAN) ကို၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ  (၁၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင်လည်းမြန်မာနိုင်ငံ အော်တစ်ဇင်အသင်း(ဖြစ်မြောက်ရေး ကော်မတီ)ကိုလည်းဖွဲ့စည်းခဲ့ပြီး ဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်းများကို  အပြီးသတ် ရေးဆွဲအတည်ပြုခဲ့ပြီး အော်တစ်ဇင်များနှင့် ပတ်သက်သည့် အမူအကျင့်များ၊ လမ်းညွှန်ချက်များကို သိရှိနိုင်ရေး၊ ဖေးမကူညီဆောင်ရွက် ပေးနိုင်ရေးတို့အတွက်လည်း ဧပြီလကုန်ပိုင်းမှစတင်ကာ အော်တစ်ဇင် အကြောင်း သိကောင်းစရာများ သီးသန့်လေ့လာနိုင်မည့် စာကြည့်တိုက် ကိုလည်း မြန်မာနိုင်ငံအော်တစ်ဇင် အသင်း(ဖြစ်မြောက်ရေး ကော်မတီ) ရုံးတည်ရှိရာ တိုက်အမှတ်(၃၅)၊(၅)လွှာ၊ အခန်း(၅၀၁)၊ဖျာပုံလမ်း၊ စမ်းချောင်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ဖွင့်လှစ်ထားရှိပြီး အခမဲ့ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိ ပေးထားကြောင်း မြန်မာနိုင်ငံ အော်တစ်ဇင်အသင်း (ဖြစ်မြောက်ရေးကော်မတီ) အတွင်းရေးမှူး ဦးနေထွန်းက ဆိုပါသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် လာမည့်နှစ်မှစတင်၍ ကမ္ဘာ့အော်တစ်ဇင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံအဆင့် ကျင်းပဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ အော်တစ်ဇင်များအတွက် နှိမ့်ချဆက်ဆံမှုများ၊ လျှစ်လျှူရှုမှု မပြုလုပ်ကြပဲ စာနာနားလည်မှုများ၊ နွေးထွေးကြင်နာမှုများနှင့် ဖေးမကူညီမှုများဖြင့် မှီခိုမှုကင်းစွာ ရပ်တည်နိုင်ကြစေရေး တို့အတွက် ဖန်တီးပေးနိုင်မှုများသာ များစွာအရေးပါလှကြောင်း သိရှိရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis