menu

Friday 4 May 2012

သေဒဏ်ကျရာမှ လွတ်မြောက်လာသူ နိုင်မျိုးသွေးနှင့် တွေ့ဆုံမေးမြန်းခြင်း


“ကျွန်တော်တို့လူမျိုးစုအရေးပေါ့နော် ဒါကသမိုင်းပေးတာဝန်လို့ခံယူထားတာကို… မပြီးမမြောက် မခြင်းတော့ တတ်နိုင်သမျှလုပ်ဆောင်သွားမှာပါ” (နိုင်မျိုးသွေး)
ပြီးခဲ့တဲ့လ ဧပြီလ ၃၀ ရက်နေ့က မော်လမြိုင်မြို့ strand ဟိုတယ်မှာ ရာမညမြေအတွက် သမ္မတဦးသိန်းစိန်ရဲ့လက်ဆောင်အနေနဲ့ မွန်ပြည်သစ်ပါတီကတောင်းဆိုထားတဲ့ အကျဉ်းကျနေတဲ့ပါတီဝင်နှစ်ဦးကို မိခင်ပါတီ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီထံ  လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ယက္ခနဲ့ နိုင်မျိုးသွေး နှစ်ဦးထဲမှ မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက် ရေးတပ်မတော်မှ ယခင်ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၄၀ အရွယ်ရှိတဲ့  နိုင်မျိုးသွေးကို YPI မှ တွေ့ဆုံမေးမြန်းထားတာကို ဖေါ်ပြလိုက်ပါတယ်။


YPI              အရင်ဆုံးဦးရဲ့နာမည်ကို တချို့နိုင်မျိုးထွေးလို့သုံးနေကြတယ်၊ တချို့နိုင်မျိုးသွေးလို့ ပြောတယ် ဘယ်နာ မည်ကအမှန်လဲမသိဘူး။

နိုင်မျိုးသွေး              အမည်ရင်းက နိုင်မျိုးသွေးပေါ့နော် ဒါပေမဲ့ ထောင် register (မှတ်ပုံတင်) ကောက်တဲ့အခါမှာနားကြားလွဲ သွားပြီး နိုင်မျိုးထွေးဖြစ်သွားတာပါ။

YPI              ဘယ်နှစ်ခုနှစ်ကတည်းက ထောင်စကျသွားတာလဲ၊ဘာအမှုနဲ့ ကျခဲ့တာလဲ
နိုင်မျိုးသွေး              ၂၀၀၃ ဇူလိုင် ၁၇ မှကျသွားတယ်။ အခုဆို ကိုးနှစ် နီးပါးလောက် ရှိသွားပြီပေါ့။ အဓိက ကတော့ သူတို့က ကျွန်တော်တို့ကို ပြည်တွင်းဖောက်ခွဲမှု ဖောက်ခွဲရေးလုပ်ငန်းလုပ် ဆောင်ဖို့ ကြံစည်တဲ့သဘောမျိုးပေါ့နော် အဲဒါနဲ့စွပ်စွဲတယ်။ မဟုတ်မမှန်တဲ့လုပ်ကြံသတင်းတွေ ပို့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ (၁၂၂) (၁) ပုဒ်မ နဲ့ ချလိုက်တာပေါ့နော် ။ စစချင်းကသေဒဏ်နဲ့ကျတယ် သေဒဏ် က ၆လလောက် နေပြီးမှ အယူခံနိုင်တာပေါ့နော် နောက်၂၅ နှစ်ကျွန်း အဲဒီကနေပြီး တော့ သမ္မတကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့ လျော့ရက်ရတယ် အနှစ်နှစ်ဆယ်ပေါ့ အခုတော့ လွတ်လာတာပေါ့။ ကျတာက ၉နှစ်ဆိုတော့ ၁၁ နှစ်ကျန်သေးတယ်။

YPI              ဘယ်ထောင်တွေမှာ ပြောင်းခဲ့ရသေးလဲ။       
နိုင်မျိုးသွေး              ကျွန်တော် ၂၀၀၈ခုနှစ်မှာ ရန်ကုန်ထောင်ကနေ သာယာဝတီကိုပြောင်းပြီး သာယာဝတီမှာသုံးနှစ်ကျော်ကျော်လောက် နေရတယ် အခု သာယာဝတီထောင်ကနေ ရန်ကုန်ထောင်ကို ကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ပြောင်းလာတာ ၃ ညလောက်အိပ်လိုက်ရတယ် အရေးပေါ်အနေနဲ့ သာယာဝတီကနေ ရန်ကုန်ထောင်ကို ပြောင်းလာရတာပေါ့။

YPI              လွတ်တော့မယ်ဆိုတာ ကြိုသိလား ။ဘယ်နှစ်ရက်လောက်ကြိုသိလဲ
နိုင်မျိုးသွေး              မသိဘူး ၊ဂျာနယ်တွေမှာဖတ်ပြီးတော့ လွတ်တော့မယ်ဆိုပြီး ကိုယ့်ဟာကိုယ်သုံးသပ်ယူတာပေါ့။ ဒီနေ့လွတ်တယ်ဆိုတာ အဲဒီမနက်မှသိတာပါ ။

နိုင်မျိုးသွေးကို လွှဲပြောင်းပေးသည့်နေ့က မိသားစုနဲ့အတူတွေ့စဉ်။ (သတင်းဓါတ်ပုံ-ဟံသာ-YPI)

YPI               အခုလိုလွတ်လာတော့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ
နိုင်မျိုးသွေး              ၀မ်းသာတာပေါ့ဗျာ ကိုယ့်မိသားစုနဲ့ ပြန်တွေ့တယ် ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေနဲ့ ပြန်တွေ့ရတယ်။

YPI              ရှေ့ဆက်ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ မွန်ပြည်သစ်ပါတီ ထဲကိုပြန်ဝင်မှာလား
နိုင်မျိုးသွေး              ကျွန်တော်တို့လူမျိုးစုအရေးပေါ့နော် ဒါကသမိုင်းပေးတာဝန်လို့ခံယူထားတာကို… မပြီးမမြောက် မခြင်းတော့ တတ်နိုင်သမျှလုပ်ဆောင်သွားမှာပါ။ မွန်ပြည်သစ်ပါတီထဲ ထပ်ဝင်ဖို့ဆိုတာ ကတော့ အခြေအနေအရပေါ့ မဆုံးဖြတ်ရသေးဘူး။

YPI              အရင်ဆုံး ဘာစလုပ်မှာလဲ
နိုင်မျိုးသွေး              မိသားစုတွေနဲ့ ရင်းနှီးမှုတည်ဆောက်မယ် သားသမီးတွေနဲ့ပေါ့ သားသမီး ကလေးယောက်ရှိတယ်၊ နောက် ကိုယ့်ဘ၀ရပ်တည်ဖို့အတွက်တော့ တခုခုလုပ်ရမှာပေါ့။

YPI              ထောင်ထဲမှာနေရတဲ့အခြေအနေရောဘယ်လိုရှိလဲ၊စားတာသောက်တာရော အဆင်ပြေလား

နိုင်မျိုးသွေး               ထောင်ထဲမှာက အခြေအနေကဒီလိုပါပဲ ကျွန်တော်တို့ကို သီးသန့်အကျဉ်းသားအနေနဲ့ ထားတာပါ ။စားတာက ကိုယ့်က ပိုက်ဆံရှိရင်တော့ ကောင်းကောင်း စားရတာပေါ့ဗျာ။       ။
Yangon Press International

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis