menu

Thursday 19 April 2012

သတ္တမမြောက် ငါး (၁)(ဂျူး)



          ဤရွာ၏ သန်းခေါင်စာရင်းကို စစ်တမ်းပြုစုမည်ဆိုလျှင် အိမ်ခြေ ၂၃၃ အိမ်၊ လူဦး ရေ ၁၁၅၆ ယောက်၊ ငါးဦးရေ ခြောက်ကောင်ဟု ပြောမှ မှန်မည်။ သို့သော် အဲသည်အတိုင်း မည်သူမျှ မပြောကြပါ။ တချို့က အဲသည်လို အတိအကျမသိ။ တချို့က အတိအကျ သိ လျက်နှင့် မပြော။ ဤရွာတွင် အမှန်တရားဟူသည် တိုးတိုးတိတ်တိတ်သာ ပြောရမည့် အခြင်းအရာ ဖြစ်သည်။
          ယောက်ျားတွေသည် သူတို့ကိုယ်သူတို့ သိလှတတ်လှပြီ ထင်နေသည်။ ဤရွာမှာ ဘာပြဿနာပဲဖြစ်ဖြစ်၊ ထိုကိစ္စကို သူတို့သာ အသိဆုံးဟု ယူဆကြသည်။ ထို့ကြောင့်လည်း အခုတလော သူစိမ်းတစ်ယောက် ရောက်လာပြီဆိုလျှင် အောက်ပါစကားတို့ကို ပြောပြလေ့ ရှိသည်။
          “ပင်လယ်မှာ ငါးဖမ်းသွားရတာ လွယ်တာမှတ်လို့၊ တော်တော် အန္တရာယ်ကြီးတာဗျ၊ အခု နှစ်လအတွင်း ကျုပ်တို့ရွာမှာ လူခြောက်ယောက် သေသွားတာသာ ကြည့်တော့၊ ကံ ဆိုးရှာတဲ့ မုဆိုးမတွေတော့ ဒုက္ခအကြီးအကျယ် ရောက်တော့တာပေါ့၊ သနားပါတယ်ဗျာ”
          သူတို့ မသိသည့် အချက်နှစ်ချက် ရှိသည်။

          တစ် ... ကျန်ခဲ့သော မုဆိုးမများ ဒုက္ခမရောက်ပါ၊ သနားစရာလည်း မကောင်းပါ။ ဘာကြောင့်လဲဆိုတော့ ထိုမုဆိုးမတို့၏ ယောကျာ်းများသည် လူ့ဘဝတွင် ရှိစဉ်က အိမ် ထောင်ဦးစီးအဖြစ်လည်း စီးပွားရှာမကျွေး၊ နောက်လိုက်ကောင်းလည်း မလုပ်။ မိန်းမတွေ ကို ကိုယ်ခန္ဓာအားဖြင့်လည်း နာကျင်စေ စိတ်အားဖြင့်လည်း နာကျင်စေခဲ့သူများ ဖြစ်သည်။ ယခုအခါ ထိုမုဆိုးမများ စိတ်ချမ်းသာကြပါသည်။
          နှစ် ... လူဦးရေသာ ၁၁၆၂ ယောက်မှ ၁၁၅၆ ယောက်အဖြစ် ခြောက်ယောက် လျော့သွားခဲ့သော်လည်း ငါး ခြောက်ကောင် တိုးလာပါသည်။ ကျန်ရစ်သူ မုဆိုးမ တစ် ယောက်စီ၏ အိမ်တွင် ငါးတစ်ကောင်စီနှုန်းဖြင့် မုဆိုးမ ခြောက်ယောက်တွင် ငါး ခြောက် ကောင် ရှိနေပါသည်။
          ဤကိစ္စကို ယောကျာ်းများ မသိကြပါ။ မိန်းမများသာ သိကြပါသည်။ လင်ဆိုးမယား များက ပို၍သိပါသည်။
          လူအားလုံးထက် ပိုပြီး ကျွန်မ သိနေသည့် အချက်ရှိသည်။ ၎င်းမှာ မနက်ဖြန်ဆို လျှင် လူဦးရေသည် ၁၁၅၅ ယောက်သာ ရှိတော့မည်။ ငါးဦးရေ ခုနစ်ကောင် ဖြစ်လာလိမ့် မည်။
          ဘာကြောင့် ကျွန်မ သည်လောက်တောင် အတိအကျ ပြောနိုင်သလဲ။
          ဘာကြောင့်လဲဆိုတော့ အခုညတွင် ကျွန်မ ယောက်ျားသည် ဤရွာ၏ ခုနစ်ကောင် မြောက် ငါးအဖြစ် ဘဝပြောင်းရတော့မှာမို့ပဲ ဖြစ်သည်။

*

          ကျွန်မသည် လှေကို ခပ်သွက်သွက် လှော်ခတ်နေရသည်။ ကျွန်မ လက်မောင်း လက်ဖျန်တွေ နာကျင်လာသည်အထိ ဖြစ်သည်။ ကျွန်မ အလျင်လိုနေ၏။ တစ်ကြောင်းက ထိုနေရာသို့ နေဝင်သည်နှင့် ရောက်သွားမှ ဖြစ်မည်။ နောက်တစ်ကြောင်းက နောက်သို့ ပြန်မလှည့်ချင်လို့ ဖြစ်သည်။
          အဝေးမှာ မှုန်ပျပျ မြင်နေရပြီဖြစ်သော ကျွန်းသည် လူတွေ ပြောသလောက်တော့ ထိတ်လန့်စရာ မြင်ကွင်း မဟုတ်ပါ။ သွားဖြဲပြနေသော မကောင်းဆိုးဝါး တစ်ကောင်နှင့် တူ သတဲ့။ ကျွန်မတော့ အဲသည်လို မထင်ပါ။ ထိုကျွန်းတွင် ပါးစပ်နှင့် တူသော လိုဏ်းခေါင်း ကျယ် တစ်ပေါက် ရှိနေသည်။ ထိုလိုဏ်ခေါင်းထဲသို့ ရေတွေ စီးဝင်နေရာက တဟဲဟဲ အသံ မြည်နေခြင်း ဖြစ်သည်။ ထိုလိုဏ်းခေါင်းထဲသို့ ကျွန်မ ကလေးဘဝအရွယ်က သူငယ်ချင်း တွေနှင့် ရောက်ဖူးသည်။ ဘာမှ ကြောက်စရာ မကောင်းပါ။ ထိုလိုဏ်းခေါင်း၏ နောက် ဘက် နံရံအနီးတွင် ကျောက်ဆောင်စွန်းတစ်ခု ရှိသည်။ စားပွဲခုံတစ်ခု၏ မျက်နှာပြင်လို ခပ်ညီညီ ဖြစ်နေသဖြင့် ၎င်းအရာကို ကျောက်စားပွဲဟု ခေါ်ကြသည်။ ထိုကျောက်စားပွဲပေါ် တွင် စားသောက်ဖွယ်ရာ မုန့်များ၊ သစ်သီးများ တင်ထားတာ တွေ့ရတတ်သည်ဟု လူတွေ က ပြောသော်လည်း ကျွန်မ ရောက်တုန်းကတော့ ဘာမှ မရှိပါ။ “အဲဒီစားစရာတွေကို သွား မစားလိုက်နဲ့နော်၊ အဲဒါ နတ်တင်ထားတာဖြစ်မှာ” ဟု အမေက ပြောခဲ့ဖူးသည်။ ကျွန်မတို့ ဘာမှမတွေ့၊ ဘာမှလည်း မစားခဲ့ရပါ။ လူကြီးတွေ ပြောသလောက်လည်း ကြောက်စရာ မ ဟုတ်ပါဘူးဟု ယူဆခဲ့သည်။ တစ်ခုတော့ ရှိသည်။ ကျွန်မတို့ အဲသည်လိုဏ်းခေါင်းဆီ သွား ခဲ့ကြတုန်းက နေ့လယ်ချိန်၊ အလင်းရောင်သည် လိုဏ်းခေါင်းပေါက်မှ တစ်ဆင့် အထဲမှာ ဖြာကျနေသည်ဖြစ်ရာ လိုဏ်တစ်ခုလုံး ကွက်တိ ကွက်ကျား လင်းနေခဲ့၏။ ယခုလို နေဝင်စ မှောင်ရီပျိုးသည့် ကာလတွင်တော့ ထိုလိုဏ်းခေါင်းသည် ဘယ်လိုအသွင် သဏ္ဌာန်ရှိမလဲ ကျွန်မ မသိပေ။
          နေလုံးသည် ပင်လယ်ထဲသို့ တစ်ဝက်နစ်နေပြီ ဖြစ်သည်။ နေဦး ... နေ နစ်ဝင်ရာ မိုးကုပ်စက်ဝိုင်း ပင်လယ်ပြင်သည် ခပ်မောက်မောက် ခပ်ခုံးခုံး ဖြစ်နေသည်။ ဟုတ်ရဲ့လား။ ပင်လယ်ရေပြင်ဆိုသည်မှာ မျဉ်းဖြောင့်တစ်ညီတည်း ဖြစ်ရမှာ မဟုတ်လား၊ ရေပြင်ညီမျဉ်း ဆိုသည့် စကားတောင် ရှိသေးတာပဲ။ အခု ဘာကြောင့် ခုံးနေရတာလဲ။ အပူကြောင့်လား၊ အလင်းကြောင့်လား။
          ချက်ချင်းပင် ကျွန်မအကြည့်ကို ထိုနေရာမှ ပြန်လွှဲယူလိုက်၏။ လူတစ်ယောက်လုံး ငါးဖြစ်သွားသည် ဟူသော ဖြစ်စဉ်ကိုပင် လက်ခံပြီး ယခုလို ခရီး ရောက်လာခဲ့ပြီးသည့် နောက်မှာ မိုးကုပ်စက်ဝိုင်းဆီက ပင်လယ်ခုံးခြင်း ခွက်ခြင်းသည် ဘာများ ယုတ္တိတန်စရာ လိုသေးသလဲ။
          ကျွန်မ မျက်စိက လှေဝမ်းထဲမှ ကောက်ညှင်းမုန့်များ၊ သစ်သီးများဆီ ရောက်သွားသည်။      
          ကျွန်မတို့သည် နတ်အသစ်နှင့် သိပ်မရင်းနှီးသေးသဖြင့် သူမအား ဘာမုန့် ပူဇော်ပ သရမည်ဟု အစဉ်အလာ မရှိသေးပါ။ ကောင်းနိုးရာရာ မုန့်များကို စီစဉ်ပြုလုပ်ပြီး စမ်းတဝါး ဝါး ပူဇော်နေကြရဆဲ ဖြစ်သည်။ တစ်ချိန်ချိန်မှာတော့ သူမ အနှစ်သက်ဆုံး အစားအစာကို သိလာကြဖွယ်ရာ ရှိပါသည်။
          နတ်တင်မည့်ကိစ္စတွင် နတ်တင်ဖို့ မုန့်စီစဉ်ရခြင်းမှာ ကျွန်မအတွက် ခက်ခဲလှသည် မဟုတ်။ ကျွန်မထက် အရင်နတ်တင်ခဲ့သူ ခြောက်ယောက်ထံမှ အကြံဉာဏ်များ ရခဲ့သည်။ မုန့်ပြုလုပ်သည့် နေရာမှာလည်း သိပ်အခက်အခဲ မရှိပါ။ ကျွန်မ၏ အပျိုပေါက်အရွယ် သမီး လေးက အစစအရာရာ အမေကို ကူညီဖို့ တတ်သိ နားလည်နေပြီ။ သမီး အကူအညီဖြင့် ကျွန်မ အဆင်ပြေခဲ့ပါသည်။
          အခုကိစ္စတွင် အခက်ခဲဆုံးအပိုင်းမှာ ကျွန်မ ယောက်ျားကို ဤလှေပေါ် အပါ ခေါ်ရ သည့်အပိုင်းပင် ဖြစ်သည်။ သူသည် နတ်ကို မယုံကြည်ပါ။ နတ်တွေ ရှိချင်ရှိမည်၊ မရှိချင် မ ရှိဘူး။ သို့သော် လူတွေနှင့် ဘာမှ မဆိုင်၊ သီးသန့် တစ်ကဏ္ဍဟု သူက ယူဆသည်။ နတ် စိမ်းဆိုသည်မှာ သူကိုယ်တိုင်ကတောင် ဒုက္ခရောက်ပြီး သေသွားခဲ့လို့ နတ်ဖြစ်သွားတာ သူ က လူတွေကို ဘာလုပ်ပေးနိုင်မှာလဲဟု ကျွန်မယောကျာ်းက ဆင်ခြေပေးသည်။
          “ငါ မလိုက်ဘူး၊ မင်းဟာမင်း သွားချင်သွား၊ တင်ချင်တင်”
          ထိုစကားကြောင့် ကျွန်မ မျက်လုံးပြူးသွားခဲ့ရသည်။ သူ မလိုက်လို့ မဖြစ်ပါ။ ဤအ ကြံအစည်အားလုံး သူလိုက်မှ အကောင်အထည် ပေါ်မည်ဖြစ်သည်။ ထိုအခါ သူ့အား ကျွန်မက ချော့မော့တောင်းပန် ရလေသည်။
          “ရှင် မလိုက်လို့ မဖြစ်ဘူး၊ အိမ်ထောင်ဦးစီးက တင်မှ ထိရောက်မှာပေါ့၊ ဒါမှ ကျွန်မ တို့ မိသားစု ချောင်ချောင်လည်လည် ရှိမှာပေါ့၊ ဒါမှ ရှင်လဲ ရှင်သောက်ချင်တဲ့ အရက်ကို စိတ်ကြိုက် သောက်နိုင်မယ်၊ အမြည်းကောင်းကောင်း စားနိုင်မယ်၊ အဝတ်အစားသစ်တွေ ဝယ်နိုင်မယ်၊ မြို့တက်ပြီး လည်နိုင်။ ရှင်ပိုက်ဆံဖြုန်းပြီး ရွာပြန်လာတဲ့အချိန်မှာ ကျွန်မက ရှင့်ကို ပိုက်ဆံထပ်ပေးနိုင်မယ်၊ အခုလို ကျွန်မတို့ ပူညံပူညံ ရန်မဖြစ်ရတော့ဘူး၊ ငွေရှိရင် အားလုံး ပြေလည်သွားမှာ ... ဒီလောက်ကလေးတော့ ရှင်လိုက်လျောပေါ့”
          ငွေဟူသည့် စကားကတော့ သူ့အကြိုက်ပဲ ဖြစ်သည်။ သူ မျက်မှောင် ကြုတ်၍ စဉ်း စားနေသည်။
          “ရှင့်ကို ကျွန်မ အခုနောက်ပိုင်းမှာ ဘာများ ခိုင်းခဲ့တာ ရှိလို့လဲ၊ ရှင်သွားချင်တဲ့ အ ချိန်သွား၊ ပြန်ချင်တဲ့ အချိန် ပြန်လာ၊ အချိန်တန် ထမင်းပွဲရှေ့ရောက် ရှင့်ကို ကျွေးခဲ့တာပဲ၊ မိသားစု စီးပွားရေးမှာ ရှင် ဘာများ လက်တစ်ချက် လှုပ်ခဲ့ဖူးလို့လဲ၊ အဲဒါတွေ ကျွန်မ ဘာ များ အပြစ်ပြောခဲ့သလဲ။ အခုကိစ္စမှာလဲ ရှင်က လိုက်ရုံလေးပဲ လိုက်၊ ဘာမှ လုပ်စရာ မလို ဘူး၊ လှေတောင် လှော်စရာ မလိုဘူး၊ ကျွန်မလှော်မှာ၊ ရှင်လုပ်ရမှာက ဒီအိမ်ရဲ့ အိမ်ထောင် ဦးစီးအဖြစ် အရှင်သခင်အဖြစ် မုန့်တွေကို ကျောက်စားပွဲပေါ်မှာ ကိုယ်တိုင်တင်ပေးဖို့ပဲ၊ ကျန်တာ ကျွန်မ တာဝန်ထား”
          အရှင်သခင် ... ဟူသော စကားကိုလည်း သူ နှစ်သက်ပုံရသည်။ မျက်လုံးတွေ ပြုံး သွားလိုက်ပုံများ ရယ်စရာပင် ကောင်းသေးတော့သည်။
          ကျွန်မသည် ကျွန်မ မယုံကြည်သော စကားကို သုံးနှုန်းလိုက်မိသဖြင့် ဘုရားရဟန္တာ နှင့် တကွ ရှိသမျှ နတ်ဒေဝတာတွေ အားလုံးကို စိတ်ထဲက ရှိခိုးတောင်းပန်လိုက်မိသည်။ သူ  လိုက်အောင်လို့ သူ့ကို မြှောက်ပင့်ရတဲ့ စကားပါ။ ဘုရားတပည့်တော်မ မယုံတာကို ပြော လိုက်ရတဲ့အတွက် ခွင့်လွှတ်တော်မူပါ ဘုရား။
          ယခုတော့ သူ ပါလာခဲ့ပြီ။
          ကျွန်မ ယောက်ျားသည် လှေဦးတွင် အကျအန ခြေဆင်းထိုင်ကာ လိုက်ပါလာ သည်။ တကယ်ပဲ လှေကို တစ်ချက်မှ မလှော်၊ လှေတက်ကို လက်ဖျားနှင့်ပင် မတို့၊ ကွမ်း ယာကို ဇိမ်ဖြင့် ဝါးလိုက် ကွမ်းတံတွေးကို ရေထဲ ပျစ်ခနဲ ထွေးချလိုက်ဖြင့် အကြီးအကျယ် စည်းစိမ်ယူနေခဲ့သည်။ ကိစ္စမရှိပါ။ အဲသည် စည်းစိမ် ကြာကြာခံမှာ မဟုတ်။
          သူ ထွေးထုတ်လိုက်သော အနီရောင် ညစ်ညစ် ကွမ်းတံတွေးများသည် ရေထဲတွင် ရုတ်တရက် ပျော်ဝင်မသွားဘဲ အကွက်လိုက် စွန်းထင်းပြီးမှ ပျံ့နှံ့စိမ့်ဝင်သွားသည်။ ကျွန်မ ဘဝထဲသို့ သူ ကွမ်းတံတွေးတွေ ထွေးချနေခဲ့သည်မှာ နှစ်တွေ မနည်းတော့ပါ။ ပထမတော့ စိတ်ဆိုးမိ နာကြည်းမိသေး၏။ သို့သော် ကျွန်မတို့ မိန်းမများသည် ကံ ကံ၏ အကျိုးကို ပိုပို သာသာလေး ယုံကြည်ဖြေသိမ့်ခြင်း အတတ်နှင့် ရင်းနှီးနေခဲ့ပြီ။ အရင့်အရင် အတိတ်ဘဝ တွေတုန်းက သူ့အပေါ်မှာ ကျွန်မ ပြုမိဖူးခဲ့သည့် ကံတွေ၏ အကျိုးပဲဟု ကိုယ့်ကိုယ်ကို တ ရား ချပါသည်။ ငါ သူ့ဝဋ်ကို ခံရလှ ဒီတစ်ဘဝပေါ့ဟု အားတင်းရသည်။
         လွန်ခဲ့သည့် နှစ်လကအထိ ကျွန်မနှင့် ကံနှင့် နေသားကျခဲ့ပြီးသား ဆိုပါတော့။

*

          ဤဖြစ်စဉ်များအားလုံး လွန်ခဲ့သည့် နှစ်လ မုန့်ကြာစေ့သည် မိန်းမ နတ်တင်သွားရာ မှ စခဲ့သည်။
          နတ်တင်သည် ဆိုတာကလည်း အဖြစ်အပျက် ဖြစ်သွားပြီး တစ်ပတ် ဆယ်ရက်ကြာ မှ၊ ထိုမိန်းမက အဖြစ်မှန်ကို ပြောပြမှ ကျွန်မတို့ သိခဲ့ရတာပါ။ မူလက ကျွန်မ သိထားသည် က မုန့်ကြာစေ့သည် မိန်းမသည် သူ့ ယောက်ျား ပိုက်ချသည့် နေရာသို့ လိုက်သွားခဲ့သည် ဟု ဖြစ်၏။
          ညနေ နေဝင်ရီတရောအချိန်မှာ မုန့်ကြာစေ့သည်လင်မယား လှေကလေးဖြင့် ထွက် သွားသည်ကို မြင်လိုက်သူက စက်ချုပ်ဆိုင်က မိန်းမ ဖြစ်သည်။ ဒါကိုလည်း နောက်တစ်နေ့ နံနက် ကျွန်မ၏ ကုန်စုံဆိုင်မှာ သူမ ကြက်သွန်လာဝယ်တော့မှ သိရခြင်း ဖြစ်သည်။
          ညဥ့်နက်နက် ညအမှောင်မှာ မုန့်ကြာစေ့သည်မိန်းမ လှေဆိုက်လိုက်ပြီး လှေပေါ်မှ မိန်းမတစ်ယောက်တည်း ဆင်းလာသည်ကို ဝိုးတဝါးမြင်လိုက်ရသူက ကျွန်မ ဖြစ်သည်။ ထို ညက မြင်ကွင်းကို အမှတ်တမဲ့သာ မြင်လိုက်ခြင်း ဖြစ်သဖြင့် နောက်ပိုင်းမှာ သတိရအောင် ပြန်ပုံဖော်ကြည့်သောအခါ ဘာကိုမှ သဲသဲကွဲကွဲ မမှတ်မိတော့ပေ။
          ကျွန်မ မှတ်မိသမျှတော့ ထိုညက လကွယ်ည ဖြစ်သည်။ (သို့မဟုတ် လကွယ်ခါနီး ည ဖြစ်မည်။) ကောင်းကင် မြေပြင်နှင့် ရေပြင်မှာ တစ်သားတည်း ရောနေသလိုပဲ။ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရအောင် မှောင်နေသည့် အချိန်ကာလ ဖြစ်သည်။ ကမ်းစပ် အိမ်အချို့မှ ရေနံဆီမီးခွက် အလင်းရောင် မှိန်ပျပျသည် ဖျင်ကြမ်းပဝါကို ခေါင်းပေါင်းထားသည့် မိန်းမ၏ မျက်နှာဆီသို့ တစ်ချက်လေးမှ ရောက်မလာခဲ့။ ထို့ကြောင့် မိန်းမ၏ မျက်နှာသွင်ပြင် ဘယ် လိုရှိမလဲဟု ကျွန်မ ပြန်လည် မှန်းဆ၍ မရပေ။ သို့သော် ကျွန်မအိမ် နောက်ဘက်မှ ခပ် သွက်သွက် လျှောက်သွားသော မိန်းမ၏ ခပ်မတ်မတ် ခပ်တောင့်တောင့် ဟန်ကို မှန်းဆရ သလောက်တော့ သူမ အလောတကြီး ဖြစ်နေသည်။ သူမ၏ ရင်ခွင်ထဲတွင် ခပ်ဝိုင်းဝိုင်း ခပ်ကြီးကြီး လေးပင်သော အရာတစ်ခုကို ပွေ့ထားသည်။ အဝတ်လျှော်သည့် ဇလုံလို ကြွေ ရည်သုတ်ဇလုံလို အရာမျိုးများလားဟု နောက်ပိုင်းကျမှ ကျွန်မ စဉ်းစားမိပါသည်။
          ကျွန်မ မြင်ရသမျှတော့ အဲဒါပဲ။ အဲသည်လောက်နှင့်တော့ ဘာမှ မှန်းဆလို့ မရနိုင် ပေ။
          ထိုည၏ နောက် တစ်ပတ်လောက်ကြာသည်အထိ မုန့်ကြာစေ့သည်၏ ယောက်ျား ကို ရွာထဲမှာ မမြင်ရ။ သူမတို့ အိမ်ရှေ့မှ ဖြတ်သွားတော့လည်း ယခင်ကလို အရက်မူးသံ ဖြင့် ဆဲသံဆိုသံ မကြားရ။ မိန်းမ၏ အော်ဟစ်ရန်တွေ့ ငိုယိုသံ မကြားရ။ မိန်းမကလည်း မုန့်ကြာစေ့ ရောင်းမပျက်။ သူမ ယောက်ျား ဘယ်မှာ ကျန်နေခဲ့တာလဲ။
          လှေဖြင့် ထွက်သွားတုန်းက နှစ်ယောက် ... တဲ့။ လှေဖြင့် တစ်ယောက်တည်း ပြန် လာတာကို ကျွန်မ သိသည်။ မုန့်ကြာစေ့သည်၏ ယောက်ျား ဘယ်ရောက်သွားသနည်း။
          စက်ချုပ်ဆိုင်မိန်းမနှင့် ကျွန်မ နှစ်ယောက်အတူပေါင်း၍ စပ်စုမေးမြန်းရန် မုန့်ကြာ စေ့သည်အိမ်သို့ ညဦးပိုင်းတစ်ခုတွင် ရောက်သွားကြပါသည်။
          မုန့်ကြာစေ့သည် မိန်းမသည် အိမ်နောက်ဖေးဘက် ရေထည့်သည့် တိုင်ကီပြတ် တစ်ခုအနီးမှာ ကုန်းကုန်းကွကွ အလုပ်ရှုပ်နေသည်။ ကျွန်မတို့ နှစ်ယောက် သူမနောက်သို့ ရောက်လာသည်ကို သူမ မသိခဲ့ပါ။
          “ဒေါ်ကြာစေ့”
          ကျွန်မ၏ အသံကို ကြားလိုက်တော့ ထိုမိန်းမသည် ကိုယ်နေဟန် လုံးဝပျက်သွားပြီး အထိတ်တလန့် ဖြစ်သွားသည်။ အနီးက စဥ့်အိုးအဖုံးပေါ်တွင် ရေနံဆီမီးအိမ်တစ်ခုကို ထွန်း ထားရာ ထိုအလင်းရောင်ဖြင့် ဒေါ်ကြာစေ့ ငုံ့ကြည့်နေသော တိုင်ကီပြတ်ထဲမှ အရာကို ထင် ထင်ရှားရှား မြင်လိုက်ရသည်။
          ငါးကြီးတစ်ကောင် ဖြစ်သည်။ တိုင်ကီသေးသေးထဲမှာ တဖျတ်ဖျတ် လွန့်လူးလျက် မဆံ့မပြဲ ရေကူးနေသည့် ငါးတစ်ကောင် ဖြစ်သည်။ ငါးသည် ကျွန်မ လက်မောင်းလောက် တုတ်ပြီး ကျွန်မ လက်လောက် ရှည်ပါသည်။
          “ဘာကိစ္စရှိလို့လဲ”
          မိန်းမက ကျွန်မတို့အား ကြောင်တောင်တောင် မျက်လုံးများဖြင့် လှည့်ကြည့်ပြီးမေး ၏။ သူမ၏ အာရုံများ ကျွန်မတို့ထံတွင် မရှိပါ။ သူမအာရုံသည် တစ်နေရာသို့ ရောက်နေခဲ့ သည်။ ဘယ်နေရာမှန်းတော့ မသိ။
          “သြော် ... ရွာထိပ်သွားရင်းနဲ့ ဒီခဏ ဝင်လာတာပါ၊ ရှင့် ယောက်ျားရော မမြင်ပါ လား ... ဘယ်ရောက်နေလဲ”
          ထိုအခါ သူမ၏ လက်ထဲမှ ဇလုံလေး လွတ်ကျသွားသည်။ ဇလုံထဲမှ ရေများ မြေ ကြီးပေါ် မှောက်ကျသွားသည်။ မိန်းမသည် မြေကြီးပေါ် ထိုင်ချလိုက်ပြီး မြေပေါ် တဖျတ် ဖျတ် လှုပ်ရှားနေသော အရာတို့ကို သွေးရူးသွေးတန်း လိုက်ကောက်နေ၏။ ဘာတွေပါ လိမ့် ... ။ မီးရောင်ဖြင့် ကျွန်မ မြင်ရသည်မှာ ငါးသလဲထိုးလောက် ပမာဏရှိသော ငါး ကလေးများ ဖြစ်သည်။ ငါးတို့သည် မြေကြီးထဲ ဖုန်ထဲမှာ ဖလပ် ဖလပ်ဖြစ်နေ ခုန်နေ၏။ မိန်းမက တစ်ကောင်ချင်း လိုက်ကောက်သည်။ ထို့နောက် ငါးကြီး ရှိနေသော ရေတိုင်ကီ ပြတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ငါးကြီးသည် ငါးလေးများကို တစ်ကောင်ချင်း လျင်မြန်စွာ ဟပ်ယူလိုက်တော့သည်။
          “ဒီငါးကြီးက အချိန် မနည်းလောက်ဘူးနော်၊ လေးပိဿာလောက် စီးလိမ့်မယ်”
          အပ်ချုပ်ဆိုင်မိန်းမက သဘောကျဟန်ဖြင့် ရေရွတ်လိုက်သည်။ ဒေါ်ကြာစေ့က ဘာ မျှမပြောဘဲ ရေနံဆီမီးအိမ်ကို မ,ယူကာ ကျွန်မတို့နှစ်ယောက်အား အိမ်ဆီသို့ ခေါ်ပါသည်။
          “စားဖို့လား ...  ရောင်းဖို့လား”
          ကျွန်မက မသိသားဆိုးဝါးစွာ မေးလိုက်မိသေး၏။      
          “စားလဲ မစားဘူး၊ ရောင်းလဲ မရောင်းပါဘူးတော်”
          အံ့သြစရာပဲ။ ကျွန်မတို့ရွာတွင် ငါးကို ဘယ်သူမှ အိမ်မွေးတိရစ္ဆာန်အဖြစ် အိမ်မှာ  မ မွေးကြပါ။ အကယ်၍ အလှမွေးမည် ဆိုလျှင်လည်း ရွှေငါးကလေးတွေကိုသာ မွေးကြမှာ ပေါ့။ အခုလို ရုပ်ဆိုးဆိုး ပုံပျက်ပန်းပျက် ငါးကြီးတစ်ကောင်ကိုဖြင့် ဘယ်သူမှ မွေးထားရန် စိတ်ကူးမှာ မဟုတ်။
          “ကျုပ်ယောက်ျား မရှိတော့ဘူး တော့်”
          ထိုညက ကျွန်မတို့အား ပြောပြခဲ့သည့်စကားမှာ ထိုမျှသာ ဖြစ်သည်။
          သူမ ယောက်ျား မရှိတော့ဘူး ဟူသော စကားနှင့် သူမအိမ်မှာ ရောက်နေသည့် ငါး ကြီးကို ဘယ်သူက ဆက်စပ်တွေးတောမိမှာလဲ။
          နောက်ရက်များတွင် မုန့်ကြာစေ့သည်မိန်းမသည် ရေကန်ကြီးတစ်ခု တူးဖို့ ကြိုးစား လေသည်။ ငါးကို ထည့်ထားဖို့ဟု ဆိုသည်။ ဒေါ်ကြာစေ့ ရူးများသွားပြီလားဟု ကျွန်မ နားမ  လည်နိုင် ဖြစ်ရ၏။ သူမသည် ငွေကြေး ဖူလုံသူ မဟုတ်။ မိသားစုလေးယောက်လုံး သူမ၏ ဝင်ငွေကလေးဖြင့် စားနေရခြင်း ဖြစ်သည်။ ရေကန်တူးဖို့ မဆိုထားနှင့်၊ ရေတိုင်ကီ လုံ လောက်အောင်ပင် မဝယ်နိုင်ခဲ့ပေ။ ကျွန်မက သူမအား ငါးကို ဈေးထဲမှာ သွားရောင်းပစ် လိုက်ဖို့ ပြောတော့ သူမ တော်တော်တုန်လှုန်သွားခဲ့သည်။
          “ဘယ်ဖြစ်မလဲ၊ သူ့ကို သတ်ပစ်ကြမှာပေါ့”
          “ဟင် ... ငါးဆိုတာ သေမှ လူ့အတွက် အသုံးဝင်တာပဲ၊ သတ်ပြီး စားပစေပေါ့၊ ရှင် ပိုက်ဆံရတာပေါ့၊ ဒါဆို ရေကန်တူးဖို့လဲ ငွေ မကုန်တော့ဘူး”
          နောက်ဆုံးတော့ မုန့်ကြာစေ့သည် မိန်းမသည် ကျွန်မနှင့် စက်ချုပ်ဆိုင် မိန်းမအား ထူးဆန်းသောစကားကို ဖွင့်ပြောခဲ့၏။ သူမသည် ဤစကားကို ဖွင့်ပြောချင်နေသည်မှာ ဆယ်ရက်ရှိနေပြီဟု ဆိုပါသည်။
          “အဲဒီငါးဟာ သာမန်ငါး မဟုတ်ဘူးတော့်၊ ကျုပ်ယောက်ျား ဝင်စားတဲ့ ငါး”
          သူမယောက်ျား သေဆုံးသွားသည်မှာ ဆယ်ရက်လောက်သာ ရှိသေးချိန်တွင် အ သက်တစ်နှစ်ခွဲအရွယ်ခန့် ရှိနေပြီဖြစ်သော ငါးကြီးသည် ဘယ်နည်းနှင့်မျှ လူဝင်စား ငါး မ ဖြစ်နိုင်။ သည်လောက်တော့ ကျွန်မတို့ မတုံးကြပါ။ ဒေါ်ကြာစေ့လည်း သည်လောက်တော့ မတုံးပါ။ သို့သော် အဖြစ်အပျက်သည် ယုတ္တိတန်မှု ဆိုတာကို ကျော်လွန်စွာ ထူးဆန်းလှပါသည်။
 From Ju facebook page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis