menu

Thursday 19 April 2012

သတ္တမမြောက် ငါး (၂)(ဂျူး)


          သူမနှင့် သူမယောက်ျား လိုဏ်ဂူထဲက ကျောက်စားပွဲဆီသို့ သွားသောညသည် လ ကွယ်ည ဖြစ်ခဲ့သည်။ ဆင်းရဲနွမ်းပါးလှ၍ တစ်ကြောင်း၊ ယောက်ျားဖြစ်သူ အပျော်အပါး လိုက်စားမှု လျော့စေလို၍ တစ်ကြောင်း သူမသည် အားကိုးရာရှာသည့်အနေနှင့် ကျောက် စားပွဲနတ်ဆီသို့ နတ်တင်ရန် သွားခဲ့ခြင်း ဖြစ်သည်။ ကောက်ညှင်းနှင့်လုပ်သော မုန့်တချို့၊ သစ်သီးအချို့ကို ဇလုံထဲ ထည့်ယူသွားခဲ့၏။ လကွယ်ညဖြစ်၍ ဆီမီးခွက်ပါ ယူသွားသည်။
          သူမ ယောက်ျားသည် အကူအညီအဖြစ် လိုက်ပါလာခြင်း မဟုတ်။ အဖော်အဖြစ် သာ လိုက်ပါလာခြင်း ဖြစ်သည်။ မုန့်တွေအသီးတွေကို ကျောက်စားပွဲပေါ် တင်တော့လည်း သူမပဲ တင်ခဲ့သည်။ နတ်ကို ပူဇော်ပသတော့လည်း သူမပဲ ရွတ်ဆိုပူဇော်ခဲ့သည်။ တဟဲဟဲ တဝေါဝေါမြည်သော ရေစီးသံသည် လိုဏ်ဂူထဲတွင် ဟိန်းနေကာ ချောက်ချားစရာ ကောင်း လွန်းသဖြင့် သူမလည်း ခပ်မြန်မြန် ဆုတောင်းကာ လှေကို ပြန်ထွက်ခဲ့သည်။ နောက်ဆုံး တောင်းဖြစ်လိုက်သော ဆုကတော့ “ကျွန်တော်မျိုးမ ... ဤဝဋ်ဆင်းရဲမှ လွတ်မြောက်လိုလှ ပါပြီ၊ လွတ်ကင်းအောင် မ,တော်မူပါ” ဟူ၏။

          သူမ ထင်ထားသည်က နတ်တင်ပြီးလျှင် ထီပေါက်ချင်ပေါက်မည်၊ ရွှေငွေရတနာ များ ကောက်တွေ့ ဆယ်ယူရချင် ရမည်။ မုန့်ကြာစေ့တွေ အများကြီး ရောင်းရပြီး ဤရွာမှာ ပါမက တခြားရွာတွေ မြို့တွေကပင် သူမ၏ မုန့်များကို အော်ဒါမှာယူကြပြီး နေ့ချင်းညချင်း တိုးတက်ကြီးပွားသွားမည်။
          သို့သော် မထင်သည့်အရာက ဖြစ်ခဲ့၏။
          ကျောက်စားပွဲမှအပြန် လှေကို ပြန်အလှည့်တွင် တစ်ချိန်လုံး အရက်ကလေး ထွေ ထွေဖြင့် ငြိမ်နေသော သူမယောက်ျားက ဗြုန်းခနဲ လှေပေါ်မှ ရေထဲသို့ ခုန်ချပြီး ငုပ်သွား သည်။
          “ဟာ ... ဟိုမှာ ပုလဲကြီးတစ်လုံးပါလား” ဟု ပြောသွားသတဲ့။ သူမသည် ရုတ်တ ရက်ဖြစ်ပျက်သွားခြင်းမို့ ယောက်ျားကို လှမ်းဆွဲဖို့ မမီလိုက်ပေ။ ကျောက်စားပွဲ၏ ညာဘက် ဘေးတွင် ရေစီးသန်သော နေရာတစ်ခုရှိ၏။ ရေတံခွန်သေးသေးလေး တစ်ခုလိုပင် ရေတွေ ထိုနေရာဆီသို့ စီးဆင်းသွားကြသည်။ ထိုနေရာမှ အသံတွေ မြည်ဟိန်းနေခြင်း ဖြစ်သည်။ သူမ ယောကျာ်းသည် ထိုနေရာဆီသို့ မျောပါသွားခဲ့သည်။ သူမကတော့ ညမှောင်မှောင် ဆီမီးခွက် အလင်းအောက်မှာ ဘာပုလဲမှလည်း မမြင်ရခဲ့။
          သူမ ယောက်ျား ပြန်တက်လာမလားဟု ဂူအဝတွင် ဂူနံရံကို လက်ဖြင့် မြဲမြဲကိုင် လျက် စောင့်နေခဲ့ရာ နောက်ဆုံးတော့ သူမ ယောက်ျားအစား ငါးတစ်ကောင်သာ ဘွားခနဲ ပေါ်လာပြီး လှေဆီသို့ ကူးခတ်လာခဲ့သည်ကို မြင်ရတော့သည်။
          ထိုငါးသည် အညိုရောင်အပြောက်များ ရှိသည်။ သူမ ယောက်ျားသည် အညိုရောင် အပြောက်များပါသော အင်္ကျီကို ဝတ်ထားခဲ့သည်။ ထိုငါး၏ ပါးစပ်တွင် ဟပြဲဒဏ်ရာ တစ်ခု ရှိသည်။ ငါးမျှားချိတ်စာ မိထားသလို ဒဏ်ရာ ဖြစ်သည်။ သူမ ယောက်ျား၏ ပါးစောင်တွင် လောလောလတ်လတ် ဖန်ခွက်ကွဲ ရှထားသော စုတ်ပြဲဒဏ်ရာတစ်ခု ရှိသည်။ သူမသည် လှေဘေးနားမှာ ရေလှိုင်းစီးနေသော ငါးအား အသာလေး ကောက်ယူပြီး ဇလုံထဲ ထည့် လိုက်ရုံပဲ။ ငါးသည် လိုလိုလားလားပင် သူမဇလုံထဲ ခုန်ဆင်းလိုက်သည်။
          မုန့်ကြာစေ့သည် တစ်ယောက်တည်း၏ အတွေ့အကြုံဆိုလျှင် ဤအဖြစ်သည် တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်ဟု ယူဆရမည်။ ရေထဲသို့ ခုန်ဆင်းသွားသော လူ တစ်ယောက်သည် နာရီဝက် တစ်နာရီအတွင်း ငါးတစ်ကောင်အဖြစ်သို့ ဘဝပြောင်းသွား ရသည်ဆိုတာ ယုံတမ်းစကား သက်သက်ပဲ မဟုတ်လား။
          သို့သော် ဒုတိယမြောက်ငါး၊ တတိယမြောက်ငါး စသည်ဖြင့် ငါးပေါင်း ခြောက် ကောင်တိတိ ရလာခဲ့ပြီဖြစ်သော အဖြစ်အပျက်တူ မုဆိုးမခြောက်ယောက် ကိစ္စကတော့ တိုက်ဆိုင်မှု မဟုတ်တော့ပေ။
          ဒုတိယမြောက်ငါးသည် စက်ချုပ်ဆိုင်မိန်းမ၏ ယောက်ျားဖြစ်သည်ဟု အထူးပြော ဖွယ် မလိုပါ။ သူမ၏ ယောက်ျားသည် ရေထဲသို့ ခုန်မဆင်းမီက “လက်ခနဲ မြင်လိုက်ရတာ ငါတော့ ရွှေအိုးကြီးလို့ ထင်တာပဲ၊ မင်းစောင့်နေ၊ ငါငုပ်ကြည့်လိုက်ဦးမယ်” ဟု ပြောသွားသ တဲ့။ သူသည် အပြာရောင်အင်္ကျီကို ဝတ်ထားသတဲ့။ သူမ လှေအနီးသို့ ရောက်လာသော ငါးမှာ အပြာရောင်လက်နေသော အကြေးခွံများ ရှိသတဲ့။ ထိုငါးသည် သူမယောက်ျားလိုပင် မျက်လုံးကို ပေကလပ် ပေကလပ် လုပ်နေလိုက်သည်မှာ အလွန် သနားစရာကောင်းသတဲ့။
တတိယမြောက် ငါးသည် ရေသည်မိန်းမ၏ ယောက်ျား ဖြစ်သည်။ ထိုသူကတော့ လှေပေါ်မှ ခုန်မဆင်းမီမှာ ရေအောက်ထဲ တစ်နေရာမှာ ပြိုးပြိုးပြက်ပြက် ရတနာအပုံကြီး တစ်ခု တွေ့လိုက်ရသည်ဟု ပြောသွားသတဲ့။ ငါတို့လှေနဲ့တောင် ဆံ့ပါ့မလားမသိဘူးဟု ပြောလိုက်သေးသတဲ့။ သူသည် အနီရောင်အင်္ကျီကို ဝတ်ထားခဲ့သတဲ့။ လှေအနီးသို့ ဘွားခ နဲရောက်လာသော ငါးမှာ အနီရောင် လဲ့လဲ့ဖြာသော အကြေးခွံများ ရှိသတဲ့။ ထိုငါးသည် သူမ၏ ယောက်ျားလိုပင် မျက်လုံးတစ်ဖက်မှာ အမည်းရောင်ကွက်ကြီး တစ်ကွက် ရှိနေသ တဲ့။
          ဤနှစ်လအတွင်း ဤရွာတွင် မုဆိုးမ ခြောက်ယောက်နှင့် ငါးခြောက်ကောင် အ ကြောင်းသည် တိုးတိုးတိတ်တိတ် ပြောကြသော သတင်းစကား ဖြစ်ခဲ့သည်။ အမှန်လား ယုံ တမ်းစကားလား သဲသဲကွဲကွဲ သိလိုသူများသည် မုဆိုးမများ၏ အိမ်တွေသို့ မသိမသာ သွား လည်၍ သတင်းမေးရင်း ငါးကြည့်ကြသည်။ ဤရက်ပိုင်းများတွင် ရွာ၌ ငါးကြည့်ခြင်းသည် မိန်းမတွေအတွက် ထုံးစံကြီးတစ်ခုပင် ဖြစ်နေ၏။ မြင်ရသောငါးနှင့် မုဆိုးမ၏ ကွယ်လွန်သူ ယောက်ျား ဘယ်နေရာတွေတွင် တူညီသည်ဟု အားတက်သရော ပြန်ပြောရသည်ကိုက အရသာတစ်ခု ဖြစ်သည်။ တူညီသည့်အချက်တစ်ခုမှာ ကွယ်လွန်သွားသူ (ကွယ်လွန်သည် ဟု ထင်ရသူ) ယောက်ျားအားလုံးသည် သူတို့မိန်းမတွေအပေါ် တစ်မျိုးမဟုတ် တစ်မျိုး ဆိုး ကြသူများချည်း ဖြစ်နေသည်။ ရွာက ထိုမိန်းမများအား “လင်ဆိုးမယားများ” ဟု သတ်မှတ် ထားကြသည်။
          ထိုကိစ္စဖြစ်ပြီးနောက် လင်ဆိုးမယားတွေ တော်တော် အားတက်သွားကြသည်။ ထို အုပ်စုထဲတွင် ကျွန်မလည်း ပါဝင်ပါသည်။ တချို့များ ကိုယ့်ယောက်ျား ငါးဖြစ်သွားလျှင်ထား ဖို့ အုတ်ကန်တွေ ဘာတွေတောင် ကြိုတင်ပြီး ဆောက်နေကြပြီဟု ကြားရသည်။ တချို့က တော့ အချိန်ကို စောင့်ရင်း ကိုယ့်ကိုယ်ကို သေချာအောင် စစ်မေးနေခြင်း ဖြစ်ရမည်။ “ငါ့ ယောက်ျားကို ငါးတစ်ကောင် အဖြစ် ဘဝပြောင်းဖို့ ငါ တကယ်ဆန္ဒရှိရဲ့လား” ဟူသော မေး ခွန်း ဖြစ်သည်။
          ထိုမေးခွန်းကို ကျွန်မ ထပ်ကာတလဲလဲ ကိုယ့်ကိုယ်ကို မေးမိသမျှ အဖြေက တစ်ခု တည်းသာ ရ၏။
          သူသာ တကယ်ငါးဖြစ်သွားခဲ့လျှင် ကျွန်မ သူ့ကို မှန်လှောင်ကန် လှလှလေးနှင့် ထားမည်။ သူအဖော်ရဖို့ ငါးမကလေးတွေ ထားပေးလိုက်ဦးမည်။

*

          လိုဏ်ခေါင်းအဝင်ဝသို့ ရောက်သောအခါ နေလုံးသည် ပင်လယ်ထဲသို့ စုန်းစုန်းမြုပ် သွားပြီ။ ပတ်ဝန်းကျင်ရှိ အလင်းရောင် ပျပျကလေးဖြင့် ရေလှိုင်းများ တစ်ချက်တစ်ချက် လက်နေသည်။
          မကောင်းဆိုးဝါးတစ်ကောင်၏ အသံလိုပဲ တဟဲဟဲ ခြိမ်းခြောက်နေသော ရေသံ သည် လိုဏ်သံဖြင့် ဟိန်းလျက်ရှိရာ ကျွန်မ ယောက်ျားသည် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
          ဤအသံကြီးသည် တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်နေသလို ရှိသည်။ ဒါကို သူခံစား မိသွားလေသလား။ ကျွန်မသည် လှေဦးကို ယခုချိန်မှာ ပြန်လှည့်ချင်လျှင် ရသေးသည်။ ပြန်လှည့်၊ အိမ်ဆီကိုပဲ ပြန်။ အိမ်မှာ သမီးနှင့် သားက သူတို့ မိဘနှစ်ပါးကို စောင့်နေကြ ရော့မည်။
          လှော်တက်ကိုင်ထားသော ကျွန်မ၏ လက်တွေ လှုပ်ရှားမှု နှေးကွေးသွား၏။ ဖြစ် သင့်ရဲ့လား။ သည်အတိုင်း ဖြစ်သင့်ရဲ့လား။
          မျက်စိမှိတ်ပြီး ဇွတ်တိုးလုပ်လိုက်လို့ ပြင်မရသည့် အမှားတစ်ခုခု ဖြစ်သွားပြီ ထား။ တစ်ချိန်ချိန်မှာ နောင်တ ရမလာနိုင်ဘူးဟု သေချာရဲ့လား။ ထိုနောင်တဖြင့် ကျွန်မဘဝမှာ ဆက်လက် အသက်ရှင်ရတာ ဘယ်လောက်ခက်ခဲလိုက်မလဲ။
          ကောင်းပြီ။ ကျွန်မ ပြန်လှည့်တော့မည်။ သူ လူအဖြစ် ဆက်လက် ရှင်ခွင့်ရပါစေ တော့။ သူ့ကံကြမ္မာကို သူ့ဘာသာ စီရင်ပါစေတော့။ ကျွန်မက တခြားလူတစ်ယောက်၏ ကံ ကြာမ္မာကို အဆုံးအဖြတ် ပေးရလောက်အောင် ကျွန်မက ဘာမို့လဲ။ ကျွန်မသည် ပြန်လှည့် ရန် လှော်တက်ကို အနေအထား ပြောင်းကိုင်လိုက်၏။
          မဟုတ်ဘူး။ သူ့ကံကြမ္မာကို ကျွန်မက ဆုံးဖြတ်ပေးမှာ မဟုတ်။ သူ့ဟာသူ ဆုံးဖြတ် မှာ။ သူ ရေထဲသို့ ခုန်ဆင်းဖို့ ကျွန်မက တွန်းချမှာ မဟုတ်။ တိုက်တွန်းစကားပင် ပြောမှာ မ ဟုတ်။ သူ့ဟာသူ ခုန်ချသွားလိမ့်မည်။ သူ့ဟာသူ ခုန်ချသည့် ကိစ္စမှာ ကျွန်မ အပြစ် ပါမှာ မ ဟုတ်။ ကျွန်မ ဘာနောင်တ ရစရာ လိုမည်နည်း။
          “ဝင်လေကွာ ... ဘာလုပ်နေတာလဲ၊ မှောင်လှပြီ”
          မိုးထစ်ချုန်းသလို သူ့စကားသံကြောင့် ကျွန်မ အသည်းထဲမှာ စိမ့်ခနဲ အေးသွား သည်။
          “သွားရမလား ... မသွားရဘူးလားဆိုတာ ...”
          ကျွန်မအသံတွေ ခြောက်ကပ်ပြတ်တောက်စွာ ထွက်သွား၏။
          “ဟ ... သွားလေ၊ ဒီခရီးထိအောင် လာခဲ့ပြီးမှ မင်းရူးနေလား”
           အဲဒါ သူ့ဆုံးဖြတ်ချက်ပဲ။ ကျွန်မ ဤစကားကို ကြားချင်နေခဲ့ပုံ ရပါသည်။ သူ့စကား အဆုံးတွင် ကျွန်မသည် လိုဏ်ဂူပေါက်ထဲသို့ လှေဦးကို တည်လိုက်ကာ ခပ်သွက်သွက် လှော်ခတ်သွား လိုက်မိတော့သည်။
          လိုဏ်ဂူသည် မှောင်မည်းရုံသာမက လှောင်ပိတ်မွန်းကျပ်နေသေး၏။ အဆင်သင့်ပါ လာသော ဆီမီးခွက်ကို မီးထွန်းလိုက်ရသည်။ ဆီမီးခွက် ငြိမ်းမသွားပုံထောက်တော့ ကျွန်မ တို့ အသက်ရှုကျပ်လောက်အောင် လေ မညစ်သေးဘူးပေါ့။ ရေကျသံသည် လိုဏ်ထဲမှာ တဝုန်းဝုန်း မြည်ဟိန်းနေသည်ဖြစ်ရာ အခုနေ တစ်ယောက်က စကားပြောလိုက်လျှင် တောင် တစ်ယောက်က သဲသဲကွဲကွဲ ကြားလိုက်ရမှာ မဟုတ်။
          ကျောက်စားပွဲသည် ခပ်ဝေးဝေး ကျောဘက်နံရံနားတွင် ရှိနေ၏။ ကျွန်မ ငယ်ငယ် တုန်းက ကျောက်စားပွဲက ရေထက်မှာ တစ်ထွာသာသာ ပေါ်နေ၏။ ယခုကျောက်စားပွဲမှာ ရေပြင်နှင့် မထိတထိ ဖြစ်နေသည်။ ပင်လယ်ရေပြင်က မြင့်လာတာလား၊ ကျောက်ဆောင် မျက်နှာပြင်က နိမ့်ကျသွားတာလား။ ထိုနေရာဆီသို့ သွားဖို့ မခက်ခဲလှပါ။ ရေစီးကြောင်း သည် လှေကို ထိုနေရာဆီသို့ ရောက်အောင် အလိုအလျောက် ဆွဲခေါ်ယူနေသလို ခံစားရ သည်။ ကျွန်မ တစ်ကိုယ်လုံး အေးစက်စွာ တောင့်တင်းလာ၏။ ကျွန်မ ကြောက်နေတာများ လား။
          ကျောက်စားပွဲပေါ်မှာ ကျွန်မ မျှော်လင့်ထားသလို ဘာအစားအစာ ဘာသစ်သီးမှ မ  ရှိပါ။ ကျွန်မ အရင်က နောက်ဆုံးမိန်းမ တင်ခဲ့သည်ဆိုသော မုန့်တွေ အသီးတွေ ဘယ် ရောက်သွားသလဲ။ တစ်ယောက်ယောက် စားလိုက်သလား။ စားလိုက်သူမှာ ဘယ်သူလဲ။ ကျွန်မသည် ကြက်သီးထသွားသည်ကို ခံစားလိုက်ရ၏။ ကျောက်ဆောင် လိုဏ်ဂူက စိမ့် အေးနေလို့ ချမ်းလို့ ကြက်သီးထတာ ဖြစ်မှာပါ။ နောက်ပြီး အဝင်ဝက နံရံကို ရေလှိုင်း ပုတ် ခတ်မှုများကြောင့် ရေပန်းများ ဖွာခနဲ ဖွာခနဲ လွင့်နေလိုက်သည်မှာ ကျွန်မ၏ ကိုယ်ခန္ဓာကို စိမ့်အေးစိုစွတ်စေခဲ့သည်အထိ မဟုတ်လား။
          ကျွန်မသည် ဆီမီးခွက်ကို ကျောက်စားပွဲပေါ် တင်လိုက်၏။ ထို့နောက် မုန့်နှင့် အ သီးများကို တစ်ခုချင်း ခပ်သွက်သွက် တင်လိုက်၏။ ထို့နောက် ပူဇော်ပသမှုကို အလောတ ကြီး ပြုလုပ်မိသည်။
          ကျွန်တော်မျိုးမ သန့်ရှင်းသောအလုပ်မှ သန့်ရှင်းစွာ ရထားသော ငွေကြေးဖြင့် ယခု လို မုန့်များ အသီးများ စီမံထားခြင်း ဖြစ်ပါတယ်။ ဤစားသောက်ဖွယ်များကို အရှင်မအား ဆက်ကပ် ပူဇော်ပသပါတယ်။ ဤကဲ့သို့ ပူဇော်ပသရသော ကောင်းမှုကြောင့် ကျွန်တော်မျိုး မ၏ ဒုက္ခ ဆင်းရဲခြင်းများ ယနေ့မှစ၍ ပျောက်ကွယ် လွတ်မြောက်ရပါလို၏။
          ထိုအချိန်တွင် လိုဏ်ဂူဝဆီမှ ဝုန်းခနဲ တိုက်ခတ်လာသော လေကြောင့် ဆီးမီးငြိမ်း သွားတော့သည်။ ဘုရား ... ဘုရား။ ကျွန်မ ပူဇော်နေသည်က နတ်၊ ကျွန်မ တ,မိသည်က ဗုဒ္ဓမြတ်စွာဘုရား။ ကျွန်မ မှားသွားပြီဟု ခံစားရသည်။
         “သွားစို့တော်”
         ကျွန်မသည် လှေဦးကို လိုဏ်ဂူပေါက်ဆီသို့ အလောတကြီး ပြန်လှည့်လိုက်သည်။ မှိန်ပျပျ အလင်းရောင်လေးကြောင့်သာ အဲဒါ လိုဏ်ဂူဝပဲဟု မှန်းဆရသည်။ တကယ်တော့ အပြင်မှာလည်း အလင်းရောင် တော်တော် ပျောက်ခဲ့ပြီ။
         ထိုအချိန်မှာ ဝုန်းခနဲအသံကြီး နှင့်အတူ ကျွန်မတို့ လှေသည် ယိမ်းခါ မြောက်တက် သွား၏။ ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် ကျွန်မ၏ ကိုယ်ခန္ဓာသည် ရေထဲသို့ ပြုတ်ကျသွား သည်။ ရေထဲကျသွားပြီ ဆိုတာကိုလည်း ရေနှင့်ထိမှ ကျွန်မ သိလိုက်ရပါသည်။ ကျွန်မ ဦးနှောက်တွေ ဆူပွက်သွား၏။ ပထမဆုံး သိလိုက်သည့် အသိအာရုံမှာ “သွားပြီ ... ငါသေ ပြီ” ဟု ဖြစ်သည်။ ဤအသိဖြင့် တစ်ကိုယ်လုံး တုန်လှုပ်ကာ ဝူးဝူးဝါးဝါး ရုန်းကန်မိသွား သည်။ သို့သော် ချက်ချင်းပင် ကျွန်မ အသိတရားရလာသည်။ မသေရဘူး၊ ကျွန်မ ရေကူး တတ်သည်။
          ကျွန်မသည် ရေပေါ်သို့ စနစ်တကျ ပြန်တက်ဖို့ ကိုယ်ကို ဖော့လာအောင် တစ်ကိုယ် လုံး ဖျော့ချပြီး အသက်ရှူ အောင့်ထား လိုက်သည်။ သို့သော် ကျွန်မ၏ ကိုယ်ခန္ဓာသည် ရေ ပြင်ဆီသို့ ကြွတက် မသွားဘဲ အောက်တစ်နေရာရာဆီသို့ ဆွဲယူခြင်း ခံနေရသည်။ ကျွန်မ အားကုန်ရုန်း၍ ခြေထောက်များ လက်များကို ခတ်ထုတ်ကြည့်သည်။ မရပါ။ ကျွန်မသည်  ရေဝဲကဲ့သို့သော အားပြင်းလှသည့် စီးကြောင်းထဲမှာ စုပ်ယူခြင်း ခံနေရသည်။ ကျွန်မ ဘယ် ကို ရောက်သွားမှာလဲ၊ ကျောက်ဆောင်၏ အခြေဆီသို့လား၊ သို့မဟုတ် ပင်လယ်ကြမ်းပြင် ဆီသို့လား။ အဲ့သည်နေရာမှာ ဘာရှိမလဲ။
          ကျွန်မသည် ရေဝဲထဲတွင် လျင်မြန်စွာ ပတ်ချာလှည့်နေရပြီး အောက်ထဲသို့ တစ် ဆင့်ပြီး တစ်ဆင့် နိမ့်ဆင်းလျက်ရှိသည်။
          မုဆိုးမ ခြောက်ယောက်၊ ငါး ခြောက်ကောင်၊ ကျောက်စားပွဲနတ် ... အဲသည်အရာ တွေသည် တကယ်လား၊ ထင်ယောင်ထင်မှား အရာတွေလား။ ထိုယောက်ျားတွေ ရေထဲခုန် ချဖြစ်အောင် သူတို့ကို ဘယ်အရာက ဆွဲဆောင်ခဲ့သလဲ။ သူတို့ ရေထဲခုန်ချပြီးနောက် သူ တို့ ဘယ်ဆီရောက်သွားသလဲ။ အခု ကျွန်မ ရောက်မည့်နေရာသည် သူတို့ ရောက်ခဲ့သော နေရာ ဖြစ်မှာလား။ ထိုနေရာမှ သူတို့ အားလုံးကို ကျွန်မ ပြန်တွေ့ရမှာလား။ သို့မဟုတ် သူ တို့သည် ထိုနေရာတွင်ပင် လူအဖြစ်မှ ငါးအဖြစ်သို့ တကယ်ပြောင်းသွားခဲ့သလား။ ငါးဖြစ် ပြီးလျှင် ရေပြင်ထက်သို့ ပြန်တက်သွားနိုင်မှာလား။ လူအဖြစ်မှ ငါးအဖြစ်သို့ ပြောင်းလဲ အောင် မည်သည့် တန်ခိုးရှင်၊ မည်သည့် စက်ကိရိယာကြီးက ပြုလုပ်ဖန်တီးပေးလိုက် ပါသလဲ။
         ကျွန်မရော ငါးတစ်ကောင် ဖြစ်သွားမှာလား။
         ထိုမေးခွန်းတို့သည် ၀ဲကြီးထဲသို့ စုပ်ယူခံနေရစဉ် ကျွန်မအာရုံထဲသို့ ဖျတ်ခနဲ ဖျတ်ခ နဲ ပေါ်လာသော မေးခွန်းများ ဖြစ်သည်။      ထိုမေးခွန်းတို့၏ အဖြေကို ကျွန်မ ယခုပဲ သိခွင့်ရ တော့မည်။
         တစ်ခုပဲရှိသည်။ ကျွန်မ ငါးဖြစ်သွားခဲ့မည်ဆိုလျှင် ကျွန်မ ယောက်ျားသည် ကျွန်မ အား ကျွန်မဟု မှတ်မိပါ့မလား။ ကောက်ယူပြီး ရေဇလုံထဲထည့်ဖို့ သတိရပါ့မလား။ ကျွန်မ ၏ အကြေးခွံတွေက ဘာရောင် ဖြစ်လာမလဲ။ ကၽြန္မ ယခု ဘာအက်ႌဝတ္ထားမိသလဲ။ ကျွန်မ ဦးနှောက်တွေ ဆူပွက်နေသဖြင့် ကျွန်မ ဘာမှ မတွေးနိုင်တော့ပါ။
          အရေးကြီးဆုံးအချက်မှာ ကျွန်မ၏လှေ အထက်ရေပြင်ဆီမှာ ရှိသေးရဲ့လား။ ကျွန်မ မော့ကြည့်ဖို့ ကြိုးစားသည်။ မရပါ။ ကျွန်မ ကိုယ်ခန္ဓာသည် ကျွန်မနှင့် လုံးဝကင်းကွာလျက် ရှိသည်။ ထို့ပြင် မော့ကြည့်လျှင်လည်း ဘာမှမြင်ရမည် မဟုတ်ပါ။
          ကျွန်မ စိတ်ထဲကတော့ သိနေသလိုလိုပဲ။ သူ ... ကျွန်မ ယောက်ျား ရေပြင်ထက်မှာ ကျွန်မကို စောင့်နေမှာ မဟုတ်။ လိုဏ်ဂူပေါက်သို့ အမြန်ဆုံး လှော်ပြေးမှာပါပဲ။ ကျွန်မ ငါး အဖြစ် ရေပေါ်ပြန်တက်ခဲ့ဖြစ်လျှင်တောင် ကျွန်မ ဘာမှတတ်နိုင်မှာ မဟုတ်။ မိန်းမတွေက ငါးဖြစ်သွားသော သူတို့ယောက်ျားတွေကို မျှော်လင့်တကြီး စောင့်၍ အိမ်ပြန်သယ်သွားကြ ပေမယ့် ယောက်ျားတွေက ငါးဖြစ်သွားသော သူတို့မိန်းမတွေကို စောင့်ပြီး အိမ်ပြန်ခေါ်ပါ့မ လား။ ဒါကို ကျွန်မ မကြာခင် သိခွင့်ရမှာပါပဲ။
          ရေဝဲကတော့ထဲသို့ လျင်မြန်စွာ စိုက်ဆင်းကျနေသော ကျွန်မ ကိုယ်ခန္ဓာသည် မ တန်တဆ လေးပင်သော ဖိအားတို့ဖြင့် ပိ၍ ပိ၍ လာသည်။ ကျွန်မ၏ အဆုတ်တွေ ပေါက် ကွဲ ထွက်တော့မည်။ ကျွန်မသိသည်။ ကျွန်မ ဘယ်အချိန်မှာများ ငါးဖြစ်လာပါ့မလဲ။ သို့မ ဟုတ် မုဆိုးမခြောက်ယောက်က သပ်သပ်၊ ငါးခြောက်ကောင်က ဘာမှ မပတ်သက်ဘဲ သပ်သပ် ဖြစ်နေခဲ့သလား။ ဒါဖြင့် ...
          ကျွန်မ၏ အသိစိတ်တွေ လွတ်ထွက်မသွားမီ ကျွန်မ နောက်ဆုံးတွေးလိုက်မိသည် မှာ ကျွန်မ သမီးနှင့်သားကို ဘယ်သူက ရှာကျွေးမှာလဲ။ ကျွန်မယောက်ျားကိုရော ဘယ်သူ က ပြုစုစောင့်ရှောက်ပါ့မလဲ။
 From Ju facebook page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis