menu

Thursday 19 April 2012

လွှတ်တော် တက်ရေး၊ မတက်ရေး အပါအ၀င် လွှတ်တော်တွင်း ဆောင်ရွက်ရမည့် ကိစ္စများကို ဆွေးနွေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးကျင်းပ





b5_3_11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးမကျင်းပမီ တွေ့ရစဉ်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို နံနက် ၁၀ နာရီအချိန်မှ မွန်းတည့် ၁၂ နာရီ အထိ ကျင်းပခဲ့ပြီး လာမည့်ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တက်ရေး၊ မတက်ရေး ကိစ္စများနှင့် လွှတ်တော်တွင်း ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ဆိုရမည့် စာပိုဒ်ပြင်ဆင်ရေးကိစ္စနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်းသည် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ သွားရောက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဆိုပါသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်သို့ တက်ရောက်မည်၊ မတက်ရောက်မည်ကို အတည်မပြုနိုင်သေးကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောပါသည်။

''ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်း ဒီနေ့ နေပြည်တော်ကို ဟိုက ဖိတ်ခေါ်လို့ သွားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရုံးက ခေါ်တာပါ။ ဦးဉာဏ်ဝင်း ဒီနေ့ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်မယ်လို့ ဥက္ကဋ္ဌကပြောပါတယ်။ ဦးဉာဏ်ဝင်းဆီက report မရသေးပါဘူး''ဟု ဦးအုန်းကြိုင်က ပြောပါသည်။

အဆိုပါ ကျမ်းကျိန်ဆိုရမည့် စာပိုဒ်ပါ 'ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်' စာသားကို 'ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ'ဟု ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါသည်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်အသစ်များ တက်ရောက်သည် ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်က တက်ရောက်ရမှာပါ။ ကျွန်တော်က ဥပဒေကြမ်း ပူးပေါင်းကော်မတီ အထူးအစည်းအဝေးကိုပါ တက်ရောက်ရမှာ။ ၂၁ ရက်၊ ၂၂ ရက်နေ့မှာတက်ရမှာပါ။ အခုဟာက ကတိသစ္စာပြုခြင်းနဲ့ပဲ ဆိုင်တဲ့အတွက်ကြောင့် ကျွန်တော်က ကတိသစ္စာပြုပြီး ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေအနေနဲ့သာ ကတိသစ္စာပြုဖို့ ပြင်ဆင်ရေးအတွက် လုပ်ဆောင်ဖို့ တာဝန်တွေရှိနေလို့ ကျွန်တော်က တက်ရမှာပါ''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါသည်။ ဧပြီလ ၁၉ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis