menu

Friday 6 April 2012

အသဲကြားက မဲတစ်ပြား

မဲမသမာမှု စွဲချက်အချို့ ရှိခဲ့သော်လည်း ရလဒ်များကို ကပြောင်းက ပြန်ဖြစ်စေသည်အထိ မဆိုးခဲ့ခြင်းကမူ  မဲဆန္ဒရှင်တို့အတွက် စိတ်ဖြေစရာ ဖြစ်ခဲ့ပါသည်။ မဲစာရင်းမပါသည့် ပြဿနာကတော့ အတိုင်းအတာ တစ်ခုအထိ  မကျေလည်မှုတွေကို ဖြစ်စေခဲ့ပါသည်။


ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသော အဖွားအိုးတစ်ဦး
မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေ မျော်လင့်စောင့်စားခဲ့ကြသော၊ စိုးရွံ့မှုကြားက မျော်လင့်စိတ်မောခဲ့ကြသော ကြားဖြတ် ရွေးကောက်ပွဲကတော့ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်သည်။ ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး နေကြချိန်ကတည်းက ဘယ်သူ့ကိုတော့ ကိုယ့်ရဲ့ရင်ထဲ၊ အသည်းထဲက မဲတစ်ပြားကို ပေးလိုက်မယ်ဆိုတဲ့ စိတ်ကပြည်သူတွေ ရင်ထဲရှိခဲ့ကြပြီး ဖြစ်သည်။ ဒီမဲတစ်ပြားစီသည် မပြောပလောက်သော အရေအတွက်ဟု ထင်စရာရှိနိုင်သော်လည်း မဲအား လုံး စုလိုက်သည့်အချိန်တွင်တော့ အပြောင်းအလဲအတွက် လမ်းစသစ်ကို ခင်းပေးနိုင်မည်ဟု မဲဆန္ဒရှင်တို့ ယုံကြည်ခဲ့ကြ ပါသည်။ မဲပေးရမည့် ဧပြီလ ၁ ရက်နေ့ နံနက်ခင်းသည် အခြားသော နံနက်ခင်းတွေလိုပဲ ပုံမှန် နံနက်ခင်းတစ်ခုလို့ သာမန်အားဖြင့်တော့ ထင်မှတ်စရာရှိခဲ့သည်။ သို့ပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသော လစ်လပ် မဲဆန္ဒနယ်တွေက ဒေသခံပြည်သူတွေအတွက်တော့ ထူးခြားသော နံနက်ခင်း၊ ရင်ခုန်စရာ နံနက်ခင်း ဖြစ်ခဲ့ပါသည်။ ထို့ထက်ပိုသည်က ဒီနံနက်ခင်းသည်  သမိုင်းဝင်သော နံနက်ခင်း၊ ထိုနေ့သည် သမိုင်းဝင်သော နေ့တစ်နေ့ ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။
အားလုံးကတော့ ကိုယ့်အကြိုက်ကို ရွေးခဲ့ကြသည်။ တချို့ကတော့ တိတ်တဆိတ်၊ တချို့ကတော့ ပွင့်ပွင့်လင်းလင်း။ ဘယ်သူ့ကို မဲပေးတယ်ဆိုတာ ရှင်းရှင်းပြောရဲသူတွေက ပိုများနေသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မဲရုံတစ်ရုံတွင် မဲပေးပြီး ပြန်လည်ထွက်ခွာလာသည့် အဘိုးအိုတစ်ဦး

''ကျွန်မ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကိုယ်စိတ်ကြိုက် မဲမပေးခဲ့ရဘူး။ ပါတီတစ်ခုက အတင်းတွန်းအားပေးလို့ မထည့်ချင် ထည့်ချင် ထည့်လိုက်ရတယ်။ အခုရွေးကောက်ပွဲကတော့ ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ပေးလို့ရခဲ့တယ်။ နောက်ပြီး ကိုယ်ပေးခဲ့တဲ့ NLD က နိုင်တယ်ဆိုတော့ အရမ်းကို ၀မ်းသာပါတယ်''ဟု မအူပင်မြို့နယ် ၃ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

''အဘွားအသက် ၈၂ နှစ် ရှိပါပြီ။ အရင်တစ်ခါ ရွေးကောက်ပွဲတုန်းက အိမ်မှာလာပြီး ကြိုတင်မဲဆိုလား ဘာလားမသိဘူး။ လာကောက်သွားတယ်။ အခုရွေးကောက်ပွဲမှာ ကျန်း မာရေး မကောင်းတဲ့ကြားထဲက ကြိုတင်မဲမပေးချင်လို့ လူကိုယ်တိုင် မဲလာပေးခဲ့တာပါ''ဟု မအူပင်မြို့နယ် အမှတ် ၇ ရပ်ကွက်မှ ဒေါ်ကြည်ညွန့်က ပြောပါသည်။ 
ကော့မှူးမြို့နယ်တွင် မဲပေးရန် မဲရုံသို့ သွားရောက်နေသူများ
လှည်းကူးမြို့ ရန်ကင်း ၄ လမ်း မဲရုံတွင် နံနက် ၇ နာရီ ၅၀ ခန့်၌ မဲပေးခဲ့သော အသက် ၂၆ နှစ်အရွယ် ဆိုင်ကယ် ကယ်ရီသမား ကိုနေလက '' အရင်တစ်ခေါက်ထက်စာရင်တော့ မဲပေးရတာ ပိုလွတ်လပ်တယ်။ မဲပေးတဲ့သူတွေလည်း ပိုများလာတယ်။ အရင်နှစ်ကလည်း ဒီအချိန်ပဲ မဲပေးတာပါ။ အဲဒီတုန်းက မဲလာပေးတဲ့ သူဒီလောက်မရှိဘူး။ ဒီတစ်ခေါက်ပေးရတာ ပိုပြီးတော့ စိတ်အားထက်သန်တယ်။ အရင်တစ်ခေါက်တုန်းက မဲပေးရတာ စိတ်မပါဘူး''ဟု ပြောခဲ့သည်။

အသက် ၆၈ နှစ်အရွယ် အနှေးယာဉ် လုပ်သားတစ်ဦးကလည်း ''အဘတို့က မိသားစုလေးယောက် ရှိတယ်။ လေးယောက်စလုံး မဲပေးခွင့်ရတယ်။ အရင်တစ်ခေါက်တုန်း ကတော့ သုံးယောက် မဲပေးခွင့်ရတယ်။ ဒါပေမယ့် ကိုယ်ပေးချင်တာ မပေးရတော့ စိတ်မပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ပေးချင်တာကို ပေးလို့ရတော့ ၀မ်းသာတယ်။ အဘက ၈၈ တုန်းကလည်း ဆိုက်ကားသမားပဲ။ အဲဒီတုန်းကတည်းက လှုပ်ရှားမှုတွေမှာပါခဲ့တာ''ဟု ပြောပါသည်။
အကြောက်တရားသည် အတိုင်းအတာ တစ်ခုထိတော့ လွှမ်းမိုးမှုရှိခဲ့ပါသည်။ သို့ပေမဲ့ မဲဆန္ဒရှင်တို့သည် အကြောက်တရားကို အောင်နိုင်ခဲ့ကြပါသည်။

ဝါးခယ်မမြို့နယ် ဘုရားကြီး ကျေးရွာနေရွာသားတစ်ဦးက ''ရွာဘက်တွေမှာက အကြောက်တရားနဲ့ နေနေရတာ တော်တော်ကြာပါပြီ။ တခြားပါတီကို မဲပေးရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုတာတွေက ကြားနေကျ စကားတွေပါ။ ဒါပေမယ့် အခုလို မီဒီယာဖွံ့ဖြိုးလာတဲ့ခေတ်မှာ အားလုံးက ပွင့်လင်းမြင်သာလာကြပါပြီ။ ဒါကြောင့် အားလုံးက ကိုယ့်ရပ်ရွာကို အမှန်တကယ် အကျိုးပြုနိုင်တဲ့ သူမျိုး၊ တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုမယ့်သူမျိုးကို ရွေးချယ်ပြီး မဲပေးခဲ့ကြတာပါ''ဟု ပြောကြားသွားခဲ့သည်။

ဝါးခယ်မမြို့နယ် ခမောက်စု ကျေးရွာနေ အသက် (၆၀)ကျော် အရွယ်လယ်သမားတစ်ဦးကလည်း '' အဘတို့ကတော့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့ပါတီကိုပဲ မဲထည့်ခဲ့တာပါ။ ဘယ်သူပဲတက်တက်ပါ၊ တိုင်းပြည်ကို တကယ်အကျိုးပြုနိုင်တဲ့သူ၊ အဘ တို့ လယ်သမားတွေ အေးအေးဆေးဆေးနဲ့ လယ်စိုက်နိုင်အောင်၊ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ကုန်ဈေးနှုန်း သက်သက်သာသာနဲ့ နေထိုင်စားသောက်နိုင်ဖို့ အရေးကြီးပါတယ်'' ဟု ပြောကြားသွားခဲ့သည်။

''NLD ကို မဲပေးချင်လို့ မဲပေးခဲ့တာပါ။ လက်ရှိနိုင်ငံရဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ပူးပေါင်းဆောင်ရွက်မှ တိုင်းပြည် တိုးတက်မယ်လို့ ယုံကြည်လို့ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD  က ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲ ရောက်စေချင်တယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကတော့ Free & Fair ကတော့ အတိုင်းအတာတစ်ခုထိ ဖြစ်ခဲ့ပါတယ်။ မဲပေးတဲ့အခါမှာ Free & Fair ဖြစ်ခဲ့ပေမယ့် တချို့မဲရုံမှူးတွေ၊ ကော်မရှင်မှာတာ ၀န်ရှိတဲ့သူတွေကတော့ ဘက်လိုက်မှုတွေ တွေ့ခဲ့ရပါတယ်'ဟု ပခုက္ကူမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သူ ကိုဇင်မင်းထွန်းက ပြောပါသည်။
နှမ်းတစ်စေ့နှင့် ဆီမထွက်မှန်းလည်း သိကြပါသည်။ တိုင်းတပါး နိုင်ငံများအတွက်တော့ အံ့အားသင့်စရာကောင်းနိုင်သည့် အချက်က ရလိုစိတ်ဖြင့် မဲထည့်ခဲ့ကြခြင်းမဟုတ်သည့်ကိစ္စ ဖြစ်သည်။ ကိုယ့်ကိုဘာလုပ်ပေးမယ်ဆိုသည့် ရွေးကောက်ပွဲ ကတိက၀တ်တွေထက် ပိုကောင်းလာမည့် အနာဂတ်ကိုသာ မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံတစ်ရုံတွင် မဲလာပေးကြသူများ

''ဘာပဲပြောပြော နိုင်ငံအတွက် အပြောင်းအလဲတစ်ခုဖြစ်ဖို့ မဲပေးခဲ့တာပါ။ NLD လွှတ်တော်ထဲရောက်မှ အတိုက်အခံ ရှိလာမှာပါ။ ဒါမှလွှတ်တော်ထဲမှာလည်း အတိုက်အခံရှိလာမှာပါ။ Check & Balance လုပ်နိုင်မှာပါ။ နိုင်ငံတကာမှာ မြန်မာနိုင်ငံ ရဲ့ image က တက်လာမှာပါ။ ပြီးတော့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေလည်း ဖြေလျော့လာနိုင်တယ်။ အခုရွေးကောက်ပွဲမှာတော့ ပြည်သူတွေ နိုင်ငံရေးအသိအမြင် တိုးတက်တာတွေ့ရပါတယ်။ ၉၈ ရာခိုင်နှုန်းလောက်ကတော့ အကြောက်တရား ကင်းသွားကြပါပြီ။ ဘာပဲပြောပြော ကောင်းပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို မဲစာရင်း အရေအတွက်အရ သက်သေပြခဲ့လို့ ပြည်သူတွေရဲ့ဆန္ဒက ဘာလဲဆိုတာ သိသာပါတယ်''ဟု ပခုက္ကူ အမှတ် ၇ ရပ်ကွက် မဲရုံအမှတ် ၁ တွင် မဲပေးခဲ့သူ သပြေညို Guest house မှ ကိုစိုးမိုးက ပြောပါသည်။ 
တစ်ချိန်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ကြိုတင်မဲသည် ယခုရွေးကောက်ပွဲတွင်လည်း သက်ရောက်မှု အနည်းငယ် ရှိခဲ့ပါသည်။ သို့ပေမယ့် ထူးခြားချက်က စိုးရိမ်ခဲ့သည့် အခြေအနေနှင့် ပြောင်းပြန်ဖြစ်ခဲ့သော အခြေအနေအချို့ ဖြစ်သည်။
''ကျွန်မတို့ မိသားစုလေးယောက်မှာ နှစ်ယောက်ကိုတော့ ထည့်၊ နှစ်ယောက်ကတော့ ကြိုတင်မဲလည်း ထည့်ပေးလို့မရဘူး။ ၁၆ ရပ်ကွက် အမှတ် သုံးမဲရုံပေါ့။ ကြိုတင်ပြီးရှာ ထားတာ။ ရှိတယ်။ ရုံးမှာသွားရှာတာ။ ငါ့ကို အခုရှာပေးဆိုပြီး ရှာတာ။ ရှိတယ်။ အခုကနှစ်ယောက်ကို ဖျောက်တာ။ အဲဒီထဲမှာတုန်းက ပါတယ်။ နံပါတ်က ၁၅၉၅ နဲ့ ၁၅၉၇။ ထည့်လို့ရတဲ့ နှစ်ယောက်က တစ်ယောက်ကလည်း မဲပေးပုံမှားလို့ ပယ်မဲ ဖြစ်သွားတယ်။ အကွက်က လေးထောင့်ကွက်၊ ခလယ်မှာ ခြစ်တာ။ ခွပ်ဒေါင်းမှာ ခြစ်လိုက်တာ။ အဲဒါကိုပြပေးမယ့် သူမရှိလို့ မှားခြစ်မိတာ။ သူများပြောမှ သိရတာပေါ့။ ဘေးက လွတ်တဲ့အကွက်မှာ ခြစ်ရမယ်ဆိုတာ။ အဲဒီတော့ လေးယောက်မှာ တစ်မဲပဲ ရတာပေါ့။ ပင်လယ်ထဲ ထွက်နေတယ်။ သားတစ်ယောက်ရယ်၊ ယောက်ျားရယ်ကျတော့ အဲဒါသွားပြောတယ်။ အဲဒါ သွားပြောတော့ မပေးဘူး။ ကြိုတင်မဲ ထည့်ရမယ်ဆို ထည့်မယ်ပေါ့။ ဟိုနှစ်ကတုန်းက မဲတုန်းကတော့လေ ကြိုတင်မဲတွေကို ယူလိုက်တာကို တစ်ပုံကြီး။ အခုကျတော့ ဘာလို့ထည့်လို့မရလဲ'ဟု အသက် ၆၀ ၀န်းကျင်ရှိ ဖျာပုံမှ ဒေါ်ဝင်းက ပြောပါသည်။
မဲမသမာမှု စွဲချက်အချို့ရှိခဲ့သော် လည်းရလဒ်များကို ကပြောင်းကပြန် ဖြစ်စေသည်အထိ မဆိုးခဲ့ခြင်းကမူ  မဲဆန္ဒရှင်တို့အတွက် စိတ်ဖြေစရာ ဖြစ်ခဲ့ပါသည်။ မဲစာရင်း မပါသည့် ပြဿနာကတော့ အတိုင်းအတာတစ်ခုအထိ  မကျေလည်မှုတွေကို ဖြစ်စေခဲ့ပါသည်။''အမေကြီးက သားအမိနှစ်ယောက်တည်း အောင်ကျော်ဝင်းပဲပါတယ်။ အမေကြီး နာမည်မပါဘူး။ အမေကြီးတစ်ယောက်ကတော့ ထည့်ချင်တာပေါ့။ တစ်သက်လုံး ၁၆ ရပ်ကွက်မှာနေတာ။ အခုမှပြောင်းလာတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက ထည့်ရတာပါ။ အဲဒီတုန်းက အမေကြီးတို့က ကြိုတင်မဲတွေ ထည့်ခဲ့ရတယ်''ဟု ဖျာပုံမြို့နယ် ၁၆ ရပ်ကွက်မှ အသက် ၇၀ အရွယ် အဘွားဒေါ်အေးက ပြောပါသည်။
''ကျွန်တော်က အိမ်ထောင်ဦးစီးဖြစ်ပြီး ကျွန်တော့်မိန်းမ နာမည်ပါတယ်။ ကျွန်တော့်နာမည် မပါဘူး။ အိအိတို့ကျတော့လည်း အဲဒီလိုပဲ။ သူ့နာမည်ပါတယ်။ သူ့ယောက်ျား မပါဘူး။ အဲဒါဆိုရင် မဲပေးလို့ မရတော့ဘူးလား ဆိုတော့ အရေးမကြီးဘူးတဲ့။နောက်ပွဲကြီးကျရင် ပေးလို့ရတယ်တဲ့''ဟု ဖျာပုံ ၁၆ ရပ်ကွက်မှ ဒေသခံတစ်ဦးက ဆိုသည်။''သူတို့ စာရင်းသွားကြည့်တာ မပါလို့ ထည့်ပေးဖို့ ပြောထားတယ်။ ဒါပေမယ့် မပါဘူး။ အခုအတိုင်း ဆိုရင်တော့ပုံမဟုတ်သေးဘူး။ ၂၀၁၀ တုန်းက ထည့်ရတယ်။ ရပ်ကွက်ရုံးသွားဆိုလို့ သွားပြီး။ အဲဒါလည်း မတွေ့ဘူး။ ကျွန်တော့်ညီကျတော့ ပါတယ်။ ကျွန်တော်ကျတော့ မပါဘူး''ဟု ဖျာပုံမြို့မှ အသက် ၂၀ ၀န်းကျင် လူငယ်တစ်ဦးက ပြောပါသည်။

မဲမသမာမှု စွဲချက်အချို့ ရှိခဲ့သော်လည်း ရလဒ်များကို ကပြောင်းက ပြန်ဖြစ်စေသည်အထိ မဆိုးခဲ့ခြင်းကမူ  မဲဆန္ဒရှင်တို့အတွက် စိတ်ဖြေစရာ ဖြစ်ခဲ့ပါသည်။ မဲစာရင်းမပါသည့် ပြဿနာကတော့ အတိုင်းအတာ တစ်ခုအထိ  မကျေလည်မှုတွေကို ဖြစ်စေခဲ့ပါသည်။
မဲပေးခွင့်ရှိမည့်သူများထံ နံပါတ်ပါ စာရွက်ငယ်များ ဝေငှအသိပေးမှုတွင်လည်း ရှုပ်ထွေးမှု အနည်းငယ်ရှိခဲ့ပြီး ရပ်ကျေးကော်မရှင်တို့၏ လုပ်ဆောင်ချက်အချို့မှာ အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါသည်။''စာရွက်က ကျွန်တော်တို့ ပေးတာမဟုတ်ဘူး။ ပြည်ထောင်စုကော်မရှင်က ညွှန်ကြားချက် မရတဲ့အတွက် ကျွန်တော်တို့ တုံကင်မဝေဘူး။ အမတို့ လာကြည့်လို့မတွေ့ရင် ကျွန်တော်တို့ ရှာပေးမယ်။ နောက်တိုးပုံစံ ၃ နဲ့ ထည့်ပေးမယ်။ ၃ လပိုင်း ၂၄ ရက်နေ့အထိ လက်ခံပေးတယ်။ ၂၄ ရက်နေ့မှာ မဲစာရင်းအချော မြို့နယ်ကော်မရှင်ကို အပ်ရတယ်။ ကျွန်တော်တို့ဆီမှာ လက်ခံမရှိဘူး။ အဲဒီအချိန်မှာ လာရှာတဲ့သူတို့။ နောက်တိုးချင်တာတို့ ဘာတို့ ပြင်ဆင်ခွင့်မရှိဘူး။ မဲပေးမယ့်နေ့ကျမှ ကျွန်တော်တို့ မတတ်နိုင်တော့ဘူး''ဟု ဖျာပုံမြို့နယ် အမှတ် ၁၆ ရပ်ကွက်မှ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြန်လည် ဖြေရှင်းသွားခဲ့သည်။
မဲဆန္ဒနယ်အားလုံး ခြုံကြည့်လျှင်တော့ မဲရေတွက်မှုနှင့် ထုတ်ပြန်မှုအပိုင်းတွင် ကျေနပ်ဖွယ်ရှိခဲ့ပါသည်။

''ကျွန်မက ၂၀၁၀ တုန်းက မဲမပေးဘဲ နေလို့ရတယ်ဆိုလို့ မဲမပေးခဲ့ဘူး။ အခုကတော့ အရင်ဦးဆုံးမဲပေးချင်လို့ အစောဆုံး ထွက်လာတာပါ။ NLD ပါတီကို မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်သွားမယ်ဆိုတာ ယုံကြည်လို့ NLD ပါတီကိုပဲ မဲပေးခဲ့တာပါ။ ယုဇနဒဂုံဆိပ်ကမ်းမှာ အဓိကလိုအပ်တာက ရေလုံလောက်စွာရရှိဖို့နဲ့ ကျန်းမာရေးအတွက် သန့်ရှင်းမှုရှိအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယူဆပါတယ်''ဟု အသက် ၂၆ နှစ်အရွယ် ဒေါက်တာမီမီခိုင်က ပြောပါသည်။

b5_1_13_5
မအူပင်မြို့နယ်အတွင်းရှိ မဲရုံတစ်ရုံ၌ မဲရေတွက်ချိန်တွင် စောင့်ကြည့်နေကြသူများ


''နိုင်ငံကောင်းစားအောင် လုပ်ဆောင်မယ်လို့ ယုံကြည်တာကြောင့် NLD  ပါတီကိုပဲ မဲပေးခဲ့တာပါ။ ၂၀၁၀ ကလည်း ကျွန်တော့်စိတ်ကြိုက် ပါတီကိုပဲ မဲပေးခဲ့တာပါ''ဟု အသက် ၄၀ အရွယ် ကိုဌေးဝင်းက ပြောပါသည်။
''အဘအသက် ၈၅ နှစ်ရှိပြီ။ ကိုယ်တိုင် မဲပေးချင်လို့ ကြိုတင်မဲတောင် မပေးဘူး။ တိုင်းပြည်အပေါ် စေတနာထားပြီး အနစ်နာခံလို့ NLD ကို မဲပေးခဲ့တယ်။ ကိုယ့်စိတ်ကြိုက် မဲပေးခဲ့ရလို့ အရမ်းပျော်ပါတယ်''ဟု အသက် ၈၅ နှစ်အရွယ် ဦးထွန်းရီက ပြောပါသည်။

မဲဆန္ဒနယ် ၄၅ နေရာမှာ ပြည်သူတို့ကတော့ နိုင်ငံ့အနာဂတ်အတွက် တာဝန်ကျေခဲ့ကြပြီ ဖြစ်ပါသည်။ အသည်းကြားက မဲတစ်ပြားကို ရိုးသားစွာ ပေးခဲ့ကြပြီဖြစ်ပါသည်။EMG
  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis