menu

Friday 6 April 2012

မြန်မာ့ပညာရေး ဘာလဲ၊ ဘယ်လဲ(ပိုတာ)

များသောအားဖြင့် ဘွဲ့တစ်ခုခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကိုယ်သင်ကြားခဲ့ရသမျှနှင့် ဘာမှ မဆိုင်သော လုပ်ငန်းနယ်ပယ်များတွင် ကျင်လည်ကြရလေသည်။ ဓါတုဗေဒဘာသာရပ်နဲ့ ဘွဲ့ယူခဲ့သူ ဘတ္ထရီ အားသွင်းပြုပြင်ဆိုင် ဖွင့်တာမျိုး ၊ ရူပဗေဒ ဘာသာဖြင့် ကျောင်းပြီးခဲ့သူသည်လည်း တန်ပိုစစ်ဆေးရေးဂိတ်တွင်
လူ့အဖွဲ့အစည်းတစ်ခုတွင် လူရယ်လို့ ဖြစ်လာပြီဆိုလျှင် ငယ်စဉ်ကတည်းကစပြီး ပညာသင်ကြားကြရလေသည်။
ကလေးဘ၀တွင် လမ်းလျှောက်သင်ခဲ့ရသည်။ စကားပြောသင်ခဲ့ရသည်။ ကျောင်းနေနိုင်သည့် အရွယ်မှစ၍ ကျောင်းနေကြရသည်။ ဆယ်တန်းအောင်မြင်ပြီးပါက တက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ကာ ဘွဲ့ဒီဂရီတစ်ခုခု ယူကြသည်။ ဒါက အများသိပြီးသား ပညာရေးကိစ္စဖြစ်သည်။

တစ်ချို့ကတော့ ဆယ်တန်းစာမေးပွဲပင် အောင်မြင်အောင် မဖြေဆိုတော့ဘဲ၊ ကျောင်းထွက်လိုက်ကြကာ မိဘ လက်ငုတ်လက်ရင်းဖြစ်စေ၊ ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုခုဖြစ်စေ၊ ကိုယ်နှီးနွယ်ရာ စက်မှုလက်မှုလုပ်ငန်း တစ်ခုခုတွင်ဖြစ်စေ မိမိဘ၀ကို နှစ်မြှုပ်ကာ ပညာရေးကို အဆုံးသတ်သွားကြသည့် လူများလည်း ရှိသည်။ တစ်ချို့မှာကား
တက္ကသိုလ်တစ်ခုခုကို တက်ရောက်ကာ တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်လိုက်သူများရှိသလို ဘွဲ့ရသည်အထိ တက်ရောက်ခဲ့သူများလည်း ရှိလေသည်။

များသောအားဖြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် (သို့မဟုတ်) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုခုတွင် ၀ါသနာပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ တက်ရောက်ခဲ့သူများ၊ တက်ရောက်နေဆဲများလည်း အများအပြားရှိလေသည်။


များသောအားဖြင့် ဘွဲ့တစ်ခုခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကိုယ်သင်ကြားခဲ့ရသမျှနှင့် ဘာမှ မဆိုင်သော လုပ်ငန်းနယ်ပယ်များတွင် ကျင်လည်ကြရလေသည်။ ဓါတုဗေဒဘာသာရပ်နဲ့ ဘွဲ့ယူခဲ့သူ ဘတ္ထရီ အားသွင်းပြုပြင်ဆိုင် ဖွင့်တာမျိုး ၊ ရူပဗေဒ ဘာသာဖြင့် ကျောင်းပြီးခဲ့သူသည်လည်း တန်ပိုစစ်ဆေးရေးဂိတ်တွင် အလုပ်လုပ်ခြင်း စသဖြင့်မဆိုင်၊ ဆိုင်အောင် တွေးမည်ဆိုပါက တွေးနိုင်လေသည်။

ကျွန်တော် ပြောချင်သည့် အကြောင်းအရာမှာ အာမခံချက် မရှိလောက်အောင် အားနည်းချိနဲ့နေသော နိုင်ငံပညာရေး၏ စံလွဲကာ ကစဥ့်ကလျားဖြစ်နေခြင်းကို တင်ပြလိုရင်း ဖြစ်သည်။

လက်ခုပ်သည် နှစ်ဖက်တီးမှ မြည်သလို ပညာရေးတွင်လည်း သင်ကြားပို့ချသူ၊ သင်ယူသူ နှစ်ဦးနှစ်ဖက် ကြိုးစား သင်ကြားပါမှ အောင်မြင်နိုင်သည်။ အထက်က ပညာရေးအရာရှိကြီးများမှသည် အောက်ခြေရှိ မူလတန်း ကျောင်းသားထိတိုင် ကိုယ့်တာဝန်ကိုယ်ကျေပွန်မှသာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်သော ပညာရေး အဆင့်အတန်း ရရှိမည် ဖြစ်သည်။ ခိုင်မာကျစ်လစ်သည့် ပညာရေးစီမံကိန်းများချမှတ်ကာ အားလုံး အကောင်အထည်ဖော်ရမည်ဖြစ်သည်။

ကိုယ့်ဌာနေမှာ မသင်ကြားနိုင်သည့် ဘာသာရပ်များကို နိုင်ငံခြားကျောင်းများသို့ ပညာတော်သင်များ စေလွှတ်ကာ ပညာရေးကို အဆင့် မြင့်သထက်မြင့် အောင် ကြိုးပမ်းဆောင်ရွက်သင့်သည်။ ရေမြင့်မှ ကြာတင့်မည်ဖြစ်သလို ပညာရေးကောင်းမှသာ လူနေမှုအဆင့်အတန်း မြင့်မားကာ ယဉ်ကျေးလိမ္မာ၍ သိက္ခာရှိသော လူ့အဖွဲ့အစည်းဖြစ်မည် ဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံ၏ ပညာရေးအခြေအနေကို ပြန်လှန်သုံးသပ်ကြည့်ဖို့ များစွာလိုလေသည်။ နိုင်ငံသားတစ်ယောက် အနေဖြင့် ကိုယ့်နိုင်ငံ၏ လက်ရှိပညာရေးကို ဂရုတစိုက်အလေးပေးသင့်သည်။ အဖြေကရှင်းပါသည်။ ကိုယ့်အိမ်ကို ကိုယ်မှ ဂရုမစိုက်လျှင် ဘယ်သူကလာပြီး ဂရုစိုက်မည်နည်း။

ကျွန်တော်တို့ လူမျိုးအတော်များများ၏ သန္တာန်တွင် "ပညာရေးဆိုသည်မှာ ဘာမှသုံးစားလို့မရဘူး။ ဘွဲ့ရတော့ရော မင်္ဂလာဆောင်ဖိတ်စာမှာ နာမည်ရှည်လာတာအပြင် ဘာပိုထူးသလဲ။ နှစ်ရှည်လများပညာသင်မယ့်အစား အဲဒီကုန်ကျစာရိတ်တွေကို ရင်းနှီးမြှုပ်နှံပြီး အရောင်းအ၀ယ်လုပ်တော့မှာပေါ့။ သေစာ၊ရှင်စာဖတ်တတ်ရင် တော်လှပါပြီ" ဆိုသည့် အတွေးအခေါ်တွေ များစွာ လွှမ်းမိုးနေလေသည်။
ဤစိတ်ဓာတ်သည် ကြောက်စရာအကောင်းဆုံး အဆိပ်ပင်ဖြစ်သည်။ နိုင်ငံ အောက်တန်းကျသထက်ကျလာအောင်လုပ်မည့် စိတ်ဓာတ်ပင်တည်း။ ဒါတွေ ဘာ့ကြောင့် ဖြစ်ပွားလာသနည်း။လက်သည်ရှာကြည့်သော် အောက်ပါ အချက်များ တွေ့မြင်ရသည်။

၁။စားဝတ်နေရေး မပြည့်စုံခြင်း (ဆင်းရဲမွဲတေမှုများခြင်း)
၂။ အမျိုးသားရေး စိတ်ဓာတ် ခေါင်းပါးလာခြင်း
၃။ အမြင် ကျဉ်းမြောင်းခြင်း (ပညာမတတ်ခြင်း)
၎။ အသိဥာဏ် နည်းပါးခြင်း (စာမဖတ်ခြင်း)
၅။ စိတ်ဓာတ်၊ စည်းကမ်း ညံ့ဖျင်းလာခြင်း
၆။ အလုပ်အကိုင် ၊ အခွင့်အလမ်း နည်းပါးခြင်း
၇။ လက်ရှိ ပညာရေးစနစ် တိုးတက်မှု မရှိခြင်း၊ နှေးကွေးခြင်း စသည့် အချက်များကို ယေဘုယျ တွေ့မြင်နိုင်သည်။

တိုင်းပြည်တစ်ပြည်၏ အနာဂတ်သည် ပညာသင်ကြားနေသည့် လူငယ်များအပေါ်တွင် များစွာ တည်မှီနေပါသည်။ ဤအတိုင်းသာ ဆက်လက်စခန်းသွားမည်ဆိုပါက နောင်အနာဂတ် တိုင်းပြည် သာယာဝပြောရေးအတွက် ရင်လေးစရာပင်ဖြစ်သည်။ အမျိုးပါပျောက်သွားနိုင်သည်အထိ အန္တရာယ်များလှသည်။

ဘယ်လိုဘယ်ပုံ ပျောက်ကွယ်နိုင်မလဲ။ နည်းပညာ မရှိသ၍ ရှိသမျှ အရင်းအမြစ်များကိုသာ ထုတ်ရောင်းနေရကာ ကြာလျှင် တက်တက်ပြောင်ကာ နည်းပညာရှင်များလက်သို့ ထိုးအပ်လိုက်ရတော့မည့် ကိန်းဆိုက်နိုင်သည်။

လက်ရှိ ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ကြည့်ရလျှင် ရှေးဦးစွာ မူကြိုခေါ် မူလတန်းအကြို သင်တန်းများမှစ၍ သုံးသပ်ကြည့်ရမည်။ နေ့ကလေးထိန်းကျောင်းဟုလည်း ဆိုလျှင်ရသည်။ ယနေ့ခေတ်တွင် မိဘများသည်
ကိုယ့်အလုပ်နှင့်ကိုယ် မအားလပ်ကြသည်ကတစ်ကြောင်း၊ နည်းနည်းလောက် ကလေးထိန်းသက်သာလိုသည်က တစ်ကြောင်းကြောင့် နေ့ကလေးထိန်းကျောင်းများသို့ မိမိတို့ ရင်သွေးငယ်များကို သွားရောက်အပ်နှံထားလေ့ရှိကြသည်။

ပထမဦးစွာ ပြောလိုသောအချက်မှာ နေ့ကလေးထိန်းကျောင်း အတော်များများသည် ကစားခုန်စားစရာ ကစားကွင်း၊ မြေကွက်လပ် မရှိခြင်း၊ ကျဉ်းမြောင်းလွန်းခြင်းဖြစ်လေသည်။ ကလေးဟူသည် အငြိမ်မနေတတ်ကြောင်း လူတိုင်းသိပါသည်။ ဤအရွယ်တွင် ကလေး၏ တစ်ခုတည်းသော တာဝန်မှာ ဆော့ကစားဖို့ရန်သာဖြစ်လေသည်။
အမှန်မှာ ကလေးများတွင် အားအင်များသည် အမြဲတမ်းလိုလို ဖြစ်ထွန်းလေ့ရှိသဖြင့် ထိုအားအင်များကို ဆော့ကစားခြင်းဖြင့် အသုံးချကြပါသည်။ ကလေးငယ်တစ်ဦး ခုန်ပေါက်မြူးတူးနေခြင်းသည် သူ၏ အားအင်များကို အသုံးချနေခြင်းသာ
ဖြစ်ပါသည်။ ဤသည်ကို အတင်းအကြပ် ပိတ်ပင်တားမြစ်ဖို့ မသင့်ပေ။ ဤနေရာတွင် မူကြိုဆရာ၏ ကဏ္ဍသည် လွန်စွာ အရေးပါလေသည်။ ကလေးကို မိဘရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး မဆက်ဆံသင့်ပေ။

ဤအရွယ်တွင် ကလေးတို့၏ စိတ်သည် လွန်စွာနုနယ်သေးသည့်အတွက် ဆူခြင်း၊ငေါက်ခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်း၊
အတင်းအကြပ်စေခိုင်းခြင်း လုံးဝ မပြုသင့်ပေ။ ဆူငေါက်ခံရပါများသော ကလေးငယ်၏ စိတ်တွင် စိတ်ဒဏ်ရာရသွားပါက သူ၏ မသိစိတ်အလျင်တွင် မိမိကိုယ်ကို ယုံကြည်စိတ်ပျောက်ဆုံးကာ အားလုံးကို အားငယ်ထိတ်လန့် သွားနိုင်သည်။
ရိုက်နှက်ဆုံးမခြင်းသည် အဆိုးဝါးဆုံး ကိစ္စဖြစ်သည်။ ပွင့်သစ်စအငုံအဖူးလေးကို နင်းခြေဖျက်ဆီးသည်နှင့်တူလေသည်။

အရိုက်ခံဖူးသော ကလေးငယ်၏ စိတ်တွင် စူးစမ်းလေ့လာလိုသောစိတ်ကို ဒဏ်ပေးခံရမှာ စိုးရိမ်ထိတ်လန့်သော
ကြောက်စိတ်က အမြဲတမ်းလွှမ်းမိုးသွားနိုင်သည်။ ဤသည်မှာ အထူးအရေးပေးသင့်သော ကိစ္စကြီး ဖြစ်သည်။ ကစားကွင်းထဲမှာ ကလေးငယ် လွတ်လပ်ပျော်ပါးစွာ ကစားပါစေ။ စူးစမ်းပါစေ။ သူငယ်ချင်းများနဲ့ ကစားပါစေ။

ကလေးငယ်များ အမေးအမြန်းထူပါစေ။ ကျွန်တော်တို့ ပြောနေကျ စကားတစ်ခွန်းရှိပါသည်။ "ဘယ်ပညာမှ မွေးကတည်းက မတတ်ဘူး" ဟူသည့် စကားဖြစ်ပါသည်။ ဤစကားသည် သွေးထွက်အောင်မှန်ပါသည်။ ဒါပေမယ့် အမေးအမြန်းထူသည့် ကလေးကို စိတ်ရှည်သည့်သူ လွန်စွာ ရှားလေသည်။ ဤသို့ လုံးဝ မလုပ်သင့်ပါ။ ကလေးငယ် မေးပါစေ။ လောကကြီးထဲကို ရောက်ခါစ ကလေးငယ်အဖို့ အရာအားလုံးသည် အထူးအဆန်းချည်းဖြစ်သည်။ ကလေးငယ်တို့ ဦးနှောက်ဖြင့်
နားလည်နိုင်သည့် ၀ါကျများဖြင့် တတ်နိုင်သမျှ ပြောပြရမည်။

ကလေးငယ် အမေးအမြန်းထူခြင်းသည် သူ့ဘာသာ ပညာသင်ကြားနေခြင်းဖြစ်ပါသည်။ ဤသည်ကို စိတ်မရှည်ဘဲ အော်လွှတ်လိုက်မည်ဆိုပါက ကလေးငယ်၏ စိတ်တွင် မည်သို့ ဖြစ်သွားမည်နည်း။ နောက်တစ်ခါ မမေးရဲတော့ဘဲ ထုံထိုင်းသော ကလေးငယ် ဖြစ်သွားနိုင်ပေသည်။ ကလေးငယ်များ အမေးအမြန်း ထူပါစေ။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် နေ့ကလေးထိန်းကျောင်းများကို အထူးအရေးပေးကာ ဆောင်ရွက်ပေးကြသည်။ အုပ်ချုပ်သူ အစိုးရမှ ဤကိစ္စကို အထူးအလေးပေး ဆောင်ရွက်ပေးကြသည်။ မူကြိုဆရာများကို လည်း အထပ်ထပ် လေ့ကျင့်သင်ကြားပေးကာ
စနစ်တကျ ရေးဆွဲထားသော ပညာရေး စီမံကိန်းများဖြင့် ကလေးငယ်များ၏ သင်ယူလိုစိတ်ကို အစွမ်းကုန် ပံ့ပိုးပေးကြလေသည်။ ကျွန်တော်တို့ ဆီမှာလည်း မူကြိုပညာရေးကို အမျိုးသားရေး စီမံကိန်းတစ်ခုအဖြစ်သတ်မှတ်ကာ အထူးအရေးပေး ဆောင်ရွက်သင့်လေသည်။

ဆက်လက်၍ မူလတန်းကျောင်းများနှင့် ကျောင်းသားများ၏ ဘ၀ကို ထပ်မံ သုံးသပ်ကြည့်ကြပါစို့။ မူလတန်း အရွယ်များသည်လည်း အရေးပါသည့် အရွယ်အပိုင်းအခြား ဖြစ်လေသည်။ ပထမဦးစွာ ပြောလိုသည့် အချက်မှာ ကလေးငယ်များကို ကျောင်းပျော်အောင်ထားရေး ဖြစ်သည်။

ယနေ့ ကျောင်းများကို ကြည့်လျှင် ကျောင်းပျော်သည့် ကလေးငယ် နည်းပါးလေသည်။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ကျောင်းသည် ပျော်စရာ မကောင်း၍ ဖြစ်သည်။ အဘယ့်ကြောင့် ပျော်စရာ မကောင်းရသနည်း ။ ပျော်စရာကောင်းအောင်၊ မွေ့လျော်ဖွယ်ဖြစ်အောင် ပြုလုပ်ဆောင်ရွက်မှု အားနည်းခြင်းကြောင့်ဖြစ်သည်။ မူလတန်းကျောင်း၏ အင်္ဂါရပ်များ မပြည့်စုံ၍ ဖြစ်သည်။
ကျောင်းဟူသည် စာချည်းပဲ သင်ရမည့် ဌာန မဟုတ်ပါ။ ကစားကွင်းရှိရမည်။ လက်တွေ့စမ်းသပ်ခန်းများ ပြည့်စုံရမည်။
စာကြည့်တိုက်ရှိရမည်။ အားကစား ဌာနရှိရမည်။ အနုပညာ ပျိုးခင်းများ ရှိရမည်။ ပန်းချီခန်းများ ထားရှိရမည်။ အတီး၊ အမှုတ်၊ အဆို၊ အက သင်ကြားပေးရမည်။ ထိုမှသာ ကလေးငယ်၏ သင်ယူလိုမှု တိုးတက်လာမှုနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများလည်း ရင့်သန်လာမည်ဖြစ်သည်။ လေးဘက်လေးတန် အကာအရံများနှင့် စာသင်ခန်းတွင် ကလေးငယ်များကို လက်ပိုက်ခိုင်းကာ ကြိမ်လုံးဖြင့် စည်းကမ်း မကျ၊ကျအောင်
ပုံစံခွက်ဖြင့် အတင်းလုပ်ယူနေမည်ဆိုပါက စာရှုသူကိုယ်တိုင်သာ စဉ်းစားကြည့်ပါ။

ဤသို့သော ကျောင်းတွင် အဘယ်သို့သော ကလေးငယ်သည် ပျော်ရွှင်တော့မည်နည်း။ ပျော်ရွှင်နေသော ကျောင်းသားသည် ကျောင်းစည်းကမ်းကို ပျော်ပျော်ကြီး လိုက်နာနိုင်ပေလိမ့်မည်။ ကလေးများကိုသာ ပျော်အောင်ထားပါ။
စည်းကမ်းသေ၀ပ်မှုသည် အလိုလို ပြည့်စုံပြီးသား ဖြစ်မည်ကို ကျွန်တော် ပြောရဲပါသည်။ အလိုလို စည်းကမ်းသေ၀ပ်မှု ရှိသော ကျောင်းသားသည် ကျောင်းပြင်ပတွင်ပါ အလိုလို စည်းကမ်းတကျ နေတတ်၊ ထိုင်တတ်သွားမည်ဖြစ်သည်။

နောက်တစ်ချက်မှာ စာသင်ကြားသည့်ပုံစံဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် အရိုးစွဲနေပြီ ဖြစ်သော သင်ကြားရေးမှာ ရှေ့က ဆရာ ပြောသမျှကို ငြိမ်ငြိမ်လေး လက်ပိုက်ကာ နားထောင်ရသော စနစ် (Broadcast System) ဖြစ်သည်။ အလွန်မှားပါသည်။ ကျောင်းသားသည် ဆရာကို ကြောက်၍သာ ငြိမ်ငြိမ်လေးနားထောင် နေရသည်။ သူ၏ စိတ်ကတော့ သင်ကြားနေရသော စာအပေါ်တွင် လုံးဝနီးပါး ငြီးငွေ့လာမည်ဖြစ်သည်။ စာကို စိတ်မပါတော့ ၀တ္တရားအရသာ စာလုပ်နေရသော်လည်း သင်သလောက် အကျိုးဖြစ်ထွန်းမှု မရှိနိုင်ပေ။ ဖြစ်သင့်သည်မှာ ဆွေးနွေး ငြင်းခုံမှု (Argumentative Learning) ဖြင့် သင်ကြားရမည် ဖြစ်သည်။

ဆရာနှင့် ကျောင်းသား အပြန်အလှန် ဆွေးနွေးရမည်။ ကျောင်းသာချင်း ဆွေးနွေး ငြင်းခုံရမည်။ အလွတ်မှတ်ရမည်ကို အလွတ်ကျက်မှတ်ခိုင်းမည်။ ဘုန်းကြီး စာသင်သလိုမျိုး အရာအားလုံးကို နှုတ်တိုက်အာဂုံ ဆောင်ခိုင်းနေသ၍ ကလေးငယ်သည် အဘယ်မှာလာပြီး  ကိုယ်ပိုင် အသိဥာဏ် ရင့်သန်တော့မည်နည်း။ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ပေးတာယူ၊ ပြောတာနားထောင် နေရသ၍ အဘယ်သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်နိုင်မည်နည်း။

စည်းကမ်းပေးခြင်းလို့ နားထောင်ကောင်းအောင် ပြုလုပ်နေကြသော ချုပ်ခြယ်မှုတွေ ရှိနေသ၍ ကျောင်းသားလူငယ်များ၏ ဘ၀မှာ ဆူးခြုံပင်များကြားထဲမှာ ရှင်သန်ရသော ဘူးသီးပင် ပမာသာ ဖြစ်ပေလိမ့်မည်။ လွတ်လပ်စွာကြီးထွားခွင့် မရသဖြင့် ထိုကလေးငယ်သည် အဘယ်မှာလာပြီး နိုင်ငံ အကျိုးကို ထမ်းရွက်နိုင်သူဖြစ်မည်နည်း။

အလယ်တန်းအရွယ် ပညာသင်ကြားရေးကို ကြည့်မည်ဆိုလျှင်လည်း ဘ၀င်မကျစရာတွေကိုချည်း မြင်ရသည်။ အဓိကပြောလိုသည့် အချက်မှာ ကျူရှင် ပညာရေးဖြစ်သည်။ ဤနေရာတွင် ကျူရှင် ဆိုသည်မှာဘာလဲ။ ကျူရှင်မှာ
ဘာတွေသင်ပေးတာလဲ။ ကျောင်းက သင်ကြားပို့ချမှုဖြင့် မလုံလောက်ဘူးလား။

ကလေးငယ်များအတွက် ကျောင်းဆင်း နားနေချိန်ဆိုသည်မှာ ဘယ်မှာလဲ။ ကစားချိန်၊
နားချိန်၊ မိသားစုနဲ့ အတူနေချိန် ဘယ်မှာလဲ။ တစ်ချိန်လုံးစာတွေချည်းနင်းကန်သင်ကြားပေးနေသ၍ ကလေးငယ်များ ပိုတော်လာသလား။ လုံးဝမှားယွင်းပါသည်။ စာသင်ကြားဖို့အတွက် ကျောင်းချိန်ဖြင့်ပင် လုံလောက်ပါသည်။ မလုံလောက်သည်မှာ ပညာရေးဝန်ထမ်းတို့၏ လစာဖြစ်ပါသည်။

ဘာကြောင့် ကျူရှင်ကျောင်းတွေ မှိုလိုပေါက်နေရသလဲ ဆိုတာ ရှင်းပါသည်။ နစ်နာသည်မှာ ကျောင်းသားကလေးငယ်များ
ဖြစ်ပါသည်။ ဒီထက်ပိုပြီး ပြောရလျှင် နိုင်ငံပါ အလွန်နစ်နာပါသည်။ ပင်ပန်းနေသော ကလေးငယ်များ၏ ဦးနှောက်မှ မည်သည့် အစွမ်းအစများ ထွက်လာနိုင်တော့မည်နည်း။ ဤစနစ်ကြီးကို မြေလှန်ပစ်ဖို့ လိုလေပြီ။

နောက်တစ်ချက်မှာ အလယ်တန်းကျောင်းသားများ၏ အရွယ်သည် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းဓာတ်များ စတင်ပြောင်းလဲ ဖွံ့ ဖြိုးလာချိန်ဖြစ်သည်။ ဤအရွယ်များသည် ဂျစ်ကန်ကန်နိုင်တတ်သည်။ ဒါသဘာဝပဲ ဖြစ်သည်။ လမ်းလွဲမရောက်အောင် ထိန်းကျောင်း တည့်မတ်ပေးဖို့ များစွာလိုလေသည်။ ဤသည်ကို နားမလည်သောကြောင့် မိဘနှင့် ကလေးကြား၊ ဆရာနှင့် ကျောင်းသားကြား ပဋိပက္ခ များ မဖြစ်သင့်ပဲ ဖြစ်နေကြရခြင်း ဖြစ်သည်။

ဤနေရာတွင် စာရေးဆရာ "ကိုတာ"၏ "ရယ်ရွှင်ဖွယ်နှင့် အခြားစာတမ်းများ" ဆိုသည့် စာအုပ်ပါ အကြောင်း
အရာလေးကို သတိရမိသည်။ "မုန့်ကတိုး နမူနာ" ဆိုသည့် စာတမ်းတွင် စာရေးသူသည် လူသားတစ်ဦး၏ ဘ၀ကို မုန့်ကတိုးတစ်ခုနှင့် ပမာနှိုင်းထားသည်ကို တွေ့နိုင်သည်။ "မုန့်ကတိုးဆိုသည်မှာ အလယ်တွင် ထန်းလျက်အနှစ်ကို
ဘေးသားဖြစ်သော ကောက်ညှင်းဖြင့်ကာရံကာ ပြုလုပ်ထားသော သရေစာတစ်မျိုး ဖြစ်ပါသည်။

ကျွန်တော်တို့၏ ဘ၀ သည် အလယ်သားနှင့် ဘေးသား နှစ်ခုပေါင်းထားသော မုန့်ကတိုး ဖြစ်ပါသည်။ ဘ၀ကိုနေပျော်ရန် ကျွန်တော်တို့ လုပ်ကိုလုပ်ရမည့် အမှုကိစ္စနှင့် လုပ်ချင်လျှင် လုပ်နိုင်သော အမှု ကိစ္စနှစ်ခု ချိန်ခွင်လျှာ ညီမျှရပါမည်။ မုန့်ကတိုး၏ အလယ်မှ အနှစ်မှာ မလုပ်လျှင် မဖြစ်သော၊ သင်မလုပ်လျှင် သင့်ဘ၀မှာ ကျရှုံးမည်ဖြစ်သော
အမှုကိစ္စအားလုံး ပါဝင်ပါသည်။ ထိုအမှုများကို "တာဝန်များ" ဟု ခေါ်ပါသည်။

သို့သော် သင့်ဘ၀မှာ တာဝန်များချည်း သက်သက်မဟုတ်ပါ။ ဘ၀ဟူသည် တာဝန်များချည်းဆိုလျှင် ငြီးငွေ့စရာ မသက်မသာ ဟန်ကျမည် မဟုတ်ပါ။ သို့သော် အနှစ်ပတ်လည် မှာ အကာနေရာ၊ ကွက်လပ်ဖြည့်စရာ ကျန်ပါသည်။ ဤနေရာလေးမှာ သင့်အတွက် ကိုယ်ပိုင်နေရာ၊ တာဝန်ကို ကျော်လွန်၍ လုပ်စရာ၊ အများနှင့်မတူ တမူထူးခြားအောင် သင့်ကိုယ်သင် ဖန်တီးနိုင်သော နေရာလေး ဖြစ်ပါသည်။
ဘ၀ဟူသည် တာဝန်ကျေရုံထက်ပိုလွန်၍ လုပ်ကိုင်စရာရှိသော အရာဖြစ်ပါသည်" ဟူ၍ ရေးသားထားပါသည်။ အလွန် အဖိုးတန်သော စကားများဖြစ်ပါသည်။ မှန်ပါသည်။

ကျွန်တော်တို့ အားလုံးမှာ ကိုယ်ပိုင်အချိန်၊ ကိုယ်လုပ်ချင်တာလုပ်ကိုင်နိုင်သည့် အချိန် လိုအပ်ပါသည်။ ပွင့်သစ်စ
ကျောင်းသားလူငယ်များအတွက်ဆိုပါက ပြောစရာပင်လိုမည် မထင်ပါ။ကျောင်းသားလူငယ်များကို အားချိန်၊ လျားချိန်ပေးဖို့ အထူးအရေးကြီးပါသည်။

အထက်တန်းကျောင်းသားများဘ၀ကို ကြည့်မည်ဆိုလျှင်လည်း ပို၍ပင် သနားစရာ ကောင်းသေးတော့သည်။ အမှန်တော့ ကျောင်းမှာ သင်ကြားရသမျှသည် အရေးပါသည်ချည်း ဖြစ်သည်။ အဆင့်အတန်းရှိရှိ ၊ ရဲရဲဝံ့ဝံ့ ရေးတတ်၊ ဖတ်တတ်၊
တင်ပြရှင်းလင်းတတ်ဖို့ မြန်မာစာ သင်ကြားရသည်။

မြန်မာစာသင်ကြားရင်းဖြင့်လည်း ယဉ်ကျေးမှု၊ စိတ်ဓာတ်ကောင်းမွန်မှုများကိုလည်း ယူတတ်ဖို့ သင်ကြားနိုင်သည်။
ကမ္ဘာတစ်ဝန်းနှင့် သဟဇာတ ဖြစ်စွာ ပြောဆိုဆက်ဆံနိုင်ဖို့ အင်္ဂလိပ်စာကိုလည်း သင်ကြားရသည်။ ကျိုးကြောင်း ဆင်ခြင်နိုင်ဖို့ အတွက်အချက်ကောင်းမွန်ဖို့ သချာင်္ဘာသာရပ်ကိုလည်း သင်ကြားရသည်။ မအဖို့ သမိုင်းသင်ရသည်။
နေထိုင်ရာကမ္ဘာကြီး ကို လေ့လာနိုင်ဖို့ ပထ၀ီ၊ သက်ရှိလောကကို လေ့လာနိုင်ဖို့ ဇီဝဗေဒ၊ ဒြပ်ရှိ၊ဒြပ်မဲ့တို့၏ ရုပ်သတ္တိကို သိရှိနိုင်ဖို့ ရူပဗေဒကိုလည်း သင်ကြားရသည်။

ကျွန်တော်ဆိုလိုချင်သည်မှာ သင်ကြားပေးနေသမျှ ဘာသာရပ်အားလုံးသည် စိတ်ဝင်စားစရာချည်း ဖြစ်သည်။
ဤသို့ဆိုလျှင် ကျောင်းသားအများစု ဘာ့ကြောင့် စိတ်ဝင်စားမှု နည်းပါးရသနည်း။ စိတ်ဝင်စားအောင် မသင်ကြား၍ ဖြစ်သည်။ ပြီးလျှင် တက္ကသိုလ်ဝင်တန်းနှင့် ပတ်သက်၍ လည်း ပြောချင်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှ ရမှတ်ပေါ်မူတည်ပြီး လက်လှမ်းမှီရာ တက္ကသိုလ်များကို ၀င်ခွင့်လျှောက်ထားကြရသည်။ တက္ကသိုလ် ရောက်ပြီဆိုရင်လည်း ကိုယ်ဝါသနာ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ စာတွေနဲ့သာ နပန်းလုံးကြရပြန်သည်။
အခြေခံပညာတွေတုန်းက သင်ကြားရေးညံ့ဖျင်းမှုကြောင့် စိတ်ဝင်စားမှုနည်းပါးလာပြီး တက္ကသိုလ်ရောက်သည့်အခါ ပိုမိုခက်ခဲသည့် စာများနှင့် နဖူးတွေ့၊ ဒူးတွေ့ တွေ့ကြသည့်အခါ ပိုဆိုးကုန်သည်။ ကျောင်းစာအပေါ် အာရုံစိုက်မှု
နည်းသထက်နည်းပါးကာ စာမေးပွဲနီးခါမှ ဖုတ်ပူမီးတိုက် ဖြစ်ရတာ များလေသည်။

ဤသည်မှာ အတန်းအဆင့်ဆင့်က အခြေမခိုင်ခဲ့သော ပညာရေး အုတ်မြစ် ချိနဲ့မှုကြောင့်ပင်ဖြစ်သည်။ ဖြစ်သင့်သည်မှာ မူလတန်းမှစ၍ အထက်တန်းအထိ ကျောင်းသားကို ကျောင်းပျော်အောင်ထားကာ စနစ်တကျ သင်ကြားပြသပေးနိုင်သည့်
ကျောင်းမျိုး ထွန်းကားလာပါမှ ကျွဲကူး၊ရေပါဆိုသလို တက္ကသိုလ်ရောက်လျှင် ထူးထူးချွန်ချွန် ဖြစ်နိုင်လေသည်။

ကျွန်တော့်ရဲ့ အမြင်ကို ပြောရလျှင် ဆယ်တန်းဖြေဆိုအောင်မြင်ပြီး ရရှိသည့် ရမှတ်ဖြင့် တက်ရောက်ရမည့် တက္ကသိုလ်ကို မရွေးချယ်စေပဲ တက္ကသိုလ်တိုင်းအတွက် သက်ဆိုင်ရာ ၀င်ခွင့် စာမေးပွဲများ ကျင်းပပြုလုပ်ပေးသင့်လေသည်။
ယခုဖြစ်နေသည်မှာ တက်ချင်ချင်၊ မတက်ချင်ချင် ဆယ်တန်းအမှတ်ကောင်းပါက ဆေးကျောင်း၊ ရေကြောင်းပညာ စသည့်
အသက်မွေးဝမ်းကျောင်းများသို့သာ မိဘအများက တက်ခိုင်းကြသည်။ မည်သည့် တက္ကသိုလ်မဆို၊ မည်သည့် ဘာသာရပ်မဆို သူ့နေရာနှင့်သူ အသုံးဝင်သည်ချည်း ဖြစ်သည်။

လူတစ်ယောက် တကယ်စိတ်အားထက်သန်ရာ တက္ကသိုလ် သို့ မပို့ပဲ မိမိတက်ခိုင်းချင်ရာ သို့ ဇွတ်အတင်း ပို့သည့် မိဘများကြောင့် ယနေ့ခေတ် လူငယ် အတော်များများသည် ရေတိမ်နစ်ကြရလေသည်။ စာကိုစိတ်မ၀င်စားဘဲ
စာသင်ချိန် တခြားရောက်ကုန်သည်။ အပျော်အပါးနောက်သို့သာ လိုက်ကြရင်း အချိန်ကုန်၊ ငွေကုန် ဖြစ်ကာ နောက်ဆုံး ကျောင်းထွက်လိုက်ပြီး လူပုံအလယ် ၊ ဆွေမျိုး အလယ် မျက်နှာငယ်ကာ အရှက်ကွဲကာ ဘ၀ ပျက်ခဲ့ကြရသည့် လူငယ်များ၏
ဘ၀များမှာ အလွန်ရင် နာစရာ ကောင်းလှသည်။ မိဘများမှာလည်း အပြစ်မရှိသလို၊ လူငယ်များတွင်လည်း အပြစ် မဆိုသာပါ။ ပညာရေးစံလွဲနေမှု၏ ကြောက်စရာကောင်းသည့် ပြစ်ချက်များကြောင့် ပင်ဖြစ်လေသည်။

တက္ကသိုလ် ကျောင်းသားဘ၀ ရောက်ပြီ ဆိုလျှင်လည်း ငယ်ငယ် ကျောင်းသားဘ၀ က အခြေမခိုင်ခဲ့သည့် ပြစ်ချက်များသည် တက္ကသိုလ်ရောက်မှ အာဏာကုန် အစွမ်းပြကြလေတော့သည်။ အပြန်အလှန် ဆွေးနွေး သင်ကြားမှု မရှိခြင်း၊ဆရာ ပို့ချသမျှကိုသာ ထိုင်နားထောင်ခြင်း စသည့် အရိုးစွဲလာသည့် သင်ကြားရေးစနစ်ဆိုးကြီးသည် တက္ကသိုလ်အထိပါ အလိုအလျောက် ကပ်ပါလာခြင်းသည်
အလွန်ဝမ်းနည်းစရာ ကောင်းလှပါသည်။ တက္ကသိုလ် သင်ကြားရေးစနစ်သည် အခြေခံပညာ သင်ကြားရေးနှင့် မတူပါ။ ဤ၊ သည် မရွေး ရှင်းပြမည်မဟုတ်ပါ။ ဆရာသင်တာလည်း စိတ်မ၀င်စား၊ နားလည်းမလည် ၊ မေးမြန်းမှု၊ ဆွေးနွေးမှုလည်း မရှိ။

ဤသို့သာဆိုလျှင် နိုင်ငံအားထားစရာ အတတ်ပညာရှင်၊ အသိပညာရှင်တွေ ဘယ်နည်းနှင့်မှ ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိတော့ပါ။ တစ်ကမ္ဘာလုံးက ပညာရေးစနစ်ကောင်းသထက်ကောင်းအောင်၊ ထူးချွန်ထက်မြက်သည့် နိုင်ငံ့လုပ်သားများ ပေါ်ထွန်းလာအောင် အသေအလဲ ကြိုးစားနေကြချိန်မှာ ကိုယ်ရွှေမြန်မာတို့က လက်ဖက်ရည်ဆိုင် ထိုင်လိုက်၊ အင်တာနက်ဆိုင်မှာ ချက်တင်ကလေးထိုင်လိုက်၊ ဂိမ်းဆိုင်သွားလိုက်၊ ဘိလိယက်ခုံသွားလိုက် ၊
ကွမ်းတပျစ်ပျစ်၊ ဆေးလိပ်ကလေးဖွာလိုက်နဲ့ ဤအတိုင်းသာ ရေစုန်မျှောလိုက်နေကြပါက နိုင်ငံကြီးတစ်ခုလုံးပါ ရေစုန်မျောမည်ဟု ဆိုလျှင် လွန်မည်မထင်ပါ။

အဘယ့်ကြောင့် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ဖို့ လေးဖင့်နေကြသနည်း။ ဘာ့ကြောင့် မြင်လျက်နှင့် ကန်းနေကြသနည်။ ကန်းချင်ယောင် ဆောင်နေကြသနည်း။ စာသင်နှစ် တစ်နှစ်လုံး အလေလိုက်ကာ စာမေးပွဲနီးကာမှ ကော်ပီစာရွက်ဖြဲကာ  ဘွဲ့နှင်းသဘင်မှာ ခပ်တည်တည် တက်ရောက်ကာ ယူခဲ့ကြလေသည့်ဘွဲ့များဖြင့် တိုင်းပြည်အတွက် မည်သို့ သော လုပ်အားများ ပေးနိုင်မည်နည်း။
အချိန်နှင့် ဒီရေသည် လူကို မစောင့်သလို ဒီရေထက်ပိုဆိုးသည့် နည်းပညာလှိုင်းလုံးကြီး သည် ပိုဆိုးမည်မှာ ညွှန်းစရာပင်
လိုမည်မထင်ပါ။ အဘယ့်ကြောင့် အိပ်ပျော်နေကြသနည်း။ အဘယ့်ကြောင့် ပညာရေးမှာ ရောင့်ရဲလွယ်ကြသနည်း။

သည်အတိုင်းချည်းသာ ဆက်သွားမည်ဆိုပါက ရှိသမျှအကုန် သူများအဖို့သာ ဖြစ်ပေလိမ့်မည်။ နောင်မွေးဖွားလာမည့် မျိုးဆက်များတွင်လည်း ယောကျာင်္းလေးဖြစ်လျှင် လေလွင့် ၊ ခိုးဆိုးတေလေ၊ လမ်းဘေးရောက်၊ မိန်းကလေးဆိုလျှင်လည်း မိမိခန္ဓာကိုယ်ဖြင်ရင်းကာ စားဝတ်နေရေး ဖြေရှင်းနေရပါက အဘယ်ကဲ့သို့ အမျိုး၊ ဘာသာ၊ သာသနာအရေး
ကြိုးပမ်းနိုင်လိမ့်မည်နည်း။ ပညာမြင့်မှ တိုင်းပြည်၊ လူမျိုး အခြေ မြင့်မည် ဖြစ်သည်။ ရေမြင့်မှ ကြာတင့်မည် ဖြစ်ပါတော့သည်။

MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis