menu

Friday 6 April 2012

ဇေယျာသော်နှင့် တွေ့ဆုံခြင်း

‘ပြည်သူတွေ မျှော်လင့်နေတဲ့ လိုလားတောင့်တနေတဲ့ အရာတွေ နာကျင်ခံစားမှုတွေကို သိမြင်နိုင်ဖို့ ပြည်သူတွေရဲ့အသံကို နားထောင်နေပါတယ်’



l511 ၂၀၁၂ ခုနှစ်ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့သူ ဖြိုးဇေယျာသော် သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က မြန်မာနိုင်ငံတွင် ဂီတပုံစံသစ်တစ်ခု အဖြစ် စတင်ပေါ်ပေါက်လာခဲ့သည့် ‘အက်ဆစ်’ အဖွဲ့၏ အဖွဲ့ဝင် နိုက်ထရစ်အက်ဆစ် ဆိုသူ လူငယ်ဂီတသမား တစ်ဦးပင် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် ပြည်သူများ၏ ဆန္ဒသဘောထားနှင့် အညီ ရွေးချယ်ခံခဲ့ရသည့် လူငယ်အနုပညာရှင် တစ်ဦးလည်းဖြစ်သူ ဇေယျာသော်နှင့် ရှေ့ဆက်လုပ်ကိုင်သွားမည့် လုပ်ငန်းစဉ်များကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ရာ .. .

မေး ။ ပုဗ္ဗသီရိ မဲဆန္ဒနယ်မှာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ အခုလိုရွေးချယ်ခံခဲ့ရတဲ့ အပေါ် အခုလို ရွေးချယ်ခံရဖို့ အရင်ကတည်းက ယုံကြည်ထားခဲ့တာလား။
ဖြေ ။ ကျွန်တော်တို့အနေနဲ့တော့ ဒီကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက ကျွန်တော်တို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးစားပါ့မယ်လို့ပဲ ကတိပေးခဲ့တာပါ။ အဲဒီလို ကြိုးစားပါ့မယ်ဆိုတဲ့ ကတိကို ပြည်သူလူထု ကယုံကြည်လို့ ရွေးချယ်ပြီး တာဝန်ပေး စေခိုင်းလိုက်တာပါ။ ပြည်သူတွေက ယုံကြည်လို့ တာဝန်ပေး စေခိုင်းလိုက်တဲ့အပေါ် ကျွန်တော်တို့အနေနဲ့လည်း ပြည်သူတွေရဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ ပြည့်ဝအောင် ဖြည့်စွမ်းသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။
မေး ။ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာရော campaign အနေနဲ့ ဘယ်လောက်အားစိုက် ထုတ်ခဲ့ရလဲ။
ဖြေ ။ နေပြည်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် လေးခုမှာ ပုဗ္ဗသီရိ က အကျယ်အ၀န်းအားဖြင့် အကျယ်ဆုံးပါ။ ရွာပေါင်း ၇၇ ရွာရှိပါတယ်။ မဲပေးခွင့်ရှိတဲ့သူ ဦးရေလည်း အများဆုံးလို့ ဆိုလို့ရပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ campaign လှုပ်ရှားမှု အဖြစ် တစ်နေ့ကို အနည်းဆုံး သုံးပွဲ လေးပွဲလောက် လုပ်နိုင်အောင် ကြိုးစားရသလို နေ့စဉ်ရွာပေါက်စေ့ ရောက်နိုင်အောင်လည်း ကြိုးစားခဲ့ရပါတယ်။
မေး ။ အခုလို ပြည်သူလူထုရဲ့ ယုံကြည်မှုအရ ရွေးချယ်ခံခဲ့ရတဲ့အပေါ် ခံစားမှုကရော။
ဖြေ ။ ခံစားချက်ကို ပြောရမယ်ဆိုရင်တော့ ပြည်သူလူထုက ယုံကြည်လို့ ကိုးစားလို့ မျှော်လင့်လို့ ရွေးချယ်ခဲ့တာ ပါ။ အဲဒီယုံကြည်ချက် မျှော်လင့်ချက်တွေကို ပြည်သူလူထု ကိုယ်စား ကျွန်တော်တို့ ရွေးချယ်ခံလိုက်ရတဲ့ ကိုယ်စားလှယ်တွေက အကောင်အထည်ဖော်ပေးနိုင်ဖို့ အဓိကကျပါတယ်။ ကျွန်တော့် အနေနဲ့တော့ ပုဗ္ဗသီရိဆိုတဲ့ မြို့နယ်ကွက်ကွက်လေး တစ်ခုတည်းတင် မဟုတ်ဘဲ မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းမှာရှိတဲ့ ပြည်သူပြည်သား အားလုံးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စွမ်းဆောင်နိုင်ဖို့ ကြိုးစားသွားမှာပါ။
မေး ။ ပြည်သူ့လွှတ်တော်ထဲကို ရောက်ရှိတော့မယ့် သူတစ်ယောက်အနေနဲ့ ဘာတွေကြိုတင် ပြင်ဆင်ထားလဲ။
ဖြေ ။ ပြည်သူ့လွှတ်တော်ထဲကို ရောက်ရှိဖို့ ဘာတွေပြင်ဆင်နေသလဲ ဆိုရင်တော့ ပထမဆုံး အဆင့်အနေနဲ့ ပြည်သူတွေရဲ့အသံကို နားထောင်နေတယ်လို့ ဆိုရမှာပါ။ ပြည်သူတွေရဲ့ အသံကိုနားထောင်မှ ပြည်သူတွေ မျှော်လင့်နေတဲ့ လိုလားတောင့်တနေတဲ့ အရာတွေ၊ နာကျင်ခံစားမှုတွေကို သိမြင်နိုင်မှာပါ။ ဘယ်လိုရောဂါ ရှိတယ်ဆိုတာ သိမှလည်း ဘယ်လို ဆေးမျိုးနဲ့ကုသမှ ဖြစ်မယ်ဆိုတာ သိ မင်နိုင်မှာပါ။ ဒါကြောင့် အခုလောလောဆယ်တော့ ပြည်သူ့အသံကို နားထောင်နေတယ်လို့ပဲ ဆိုရပါစေ။
မေး ။ လူငယ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အတွက် ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေထဲမှာ လူငယ်တွေအတွက် ဘယ်လိုအကြောင်းအရာမျိုး တွေကိုစဉ်းစားထားလဲ။
ဖြေ ။ ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်သလို အနုပညာဘက်က ကူးပြောင်းလာတဲ့သူ တစ်ယောက် အနေနဲ့ လူငယ်တွေအတွက် ဆောင်ရွက်ပေးချင်တဲ့ မျှော်လင့်ချက်တွေ အများကြီးပါ။ ဒါပေမယ့် လူငယ်ဆိုတဲ့ အနုပညာရှင်ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ ကွက်ကွက်လေး စဉ်းစားတာထက် ပြည်သူ တစ်ရပ်လုံးအတွက် ဆိုတာမျိုး စဉ်းစားသွားမှာပါ။ လူထုလူတန်းစား တစ်ရပ်အတွက် ဆိုတာထက် အများဆန္ဒ သဘောထားနဲ့ လိုလားချက်တွေကို လွှမ်းခြုံသိမြင်နိုင်အောင် ကြိုးစားပြီး အကောင်အထည် ဖော်မယ်လို့ ရည်မှန်းထားပါတယ်။
မေး ။ အများအရေးကို ဆောင်ရွက်ခြင်းဟာ နိုင်ငံရေးပါလို့ ခံယူထားတဲ့ ကိုဇေယျာသော်မှာ လက်ရှိ အချိန်မှာထားတဲ့ နိုင်ငံရေးခံယူချက်ကို လည်း သိချင်ပါတယ်။
ဖြေ ။ နိုင်ငံရေးခံယူချက်နဲ့ ပတ်သက်ရင် မပြောင်းလဲပါဘူး။ အများအကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက်ခြင်း ဟာ နိုင်ငံရေးပါလို့ပဲ ကျွန်တော့်အနေနဲ့ ခံယူထားပါတယ်။ အဲဒီခံယူချက်အတိုင်းပဲ ဆက်လက် အကောင်အထည်ဖော် သွားမှာပါ။
မေး ။ အနုပညာဘက်ကနေ နိုင်ငံရေးနယ်ပယ်ဘက်ကို ကူးပြောင်း ရောက်ရှိလာသူတစ်ယောက် အနေနဲ့ အနုပညာ လွတ်လပ်ခွင့် ဆိုတာမျိုးကိုရော အကောင်အထည်ဖော် သွားဖို့ ရှိမလား။
ဖြေ ။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ အနုပညာဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ဆိုတာထက် အများလိုလားချက်၊ အများဆန္ဒ သဘောထား၊ ပြည်သူ တွေရဲ့လိုလားမှုတွေကို ဦးစားပေး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားမှာပါ။
မေး ။ အခုချိန်မှာပြောချင်တဲ့ စကားမျိုး၊ ပေးချင်တဲ့ ကတိမျိုးရောရှိလား။
ဖြေ ။ NLD ပါတီ အောင်ပွဲရတယ်ဆိုတာ နံပါတ်တစ်အချက်က ပြည်သူလူထုက အမေဒေါ်အောင်ဆန်းစုကြည် ကိုအားကိုးလို့၊ နံပါတ်နှစ်အချက်က NLD ပါတီဝင်တွေက နှစ်ပေါင်းများစွာ အထုအထောင်း အဖိအနှိပ်ကြားထဲ က ရုန်းကန်လာခဲ့ရတာကို ကြင်နာသနားလို့၊ နံပါတ်သုံးအချက်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို အားပေးထောက်ခံခဲ့လို့ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့တာပါ။ ပြည်သူလူထုက ယုံကြည်လို့ ထောက်ခံအားပေးခဲ့တာကို အစဉ်တစိုက် လေ့လာစောင့်ကြည့်သွားပြီး ပြည်သူ့မျက်နှာ တစ်ခုတည်းကိုပဲ အလေးထား ဆောင်ရွက်သွားမှာပါ။
Profile
အမည် - ဖြိုးဇေယျာသော်
မွေးနေ့ - ၁၆ .၃ .၈၁
မိဘအမည် - ပါမောက္ခ ဒေါက်တာ ဦးမြသော်နှင့် ဒေါက်တာဒေါ်ခင်ဝင်းမေ
ပညာအရည်အချင်း - B.A ( Eng)
ဂီတလောက - ၁၉၉၇ (ဒီဂျေ)
- ၂၀၀၀ အက်စစ်အဖွဲ့ (စတင်ခြင်း)
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis