menu

Wednesday 14 March 2012

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံများကို ပထမဆုံးလေ့လာခဲ့





ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ လွှတ်တော်ဧည့်ခန်းမ အသီး သီးတွင် တွေ့ဆုံခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံများကို ပထမဆုံးလေ့လာမှုအနေဖြင့် မိနစ် ၃၀ နီးပါး လေ့လာမှု ပြုလုပ်ခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သော်လည်း အဆိုပါကာလတွင် လွှတ်တော် အစည်းအဝေးများ ရပ်နားထား၍ လွှတ်တော်အစည်းအ ဝေးများ ကျင်းပနေပုံများကို လေ့လာခွင့် မရရှိခဲ့ကြောင်း သိရသည်။

လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ''ဒေါ်စုက မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှာ အမျိုးသားလွှတ်တော်ကို ရောက်ရှိလာပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်ဘက်ကို ဆက်လက်ထွက်ခွာသွားပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုက ဦးရွှေမန်းနဲ့ ဒေါ်စုနဲ့ သီးခြားတွေ့ဆုံမှု ဖြစ်ပါတယ်။ တွေ့ဆုံမှု ပြီးတဲ့အခါမှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံတွေကို ဒေါ်စုအနေနဲ့ မိနစ် ၃၀ နီးပါး လေ့လာသွားပါတယ်''ဟု ပြောကြားခဲ့သည်။  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံမှုအပြီး ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံများကို လေ့လာနေသော ဒေါ်အောင်ဆန်းစုကြည်အား ''ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ဘာတွေဆွေးနွေးဖြစ်ခဲ့ပါသလဲ''ဟု မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ဥက္ကဋ္ဌကြီး ခုနက ရှင်းပြသလိုပဲ နိုင်ငံကောင်းကျိုးအတွက် ဆွေးနွေးခဲ့ပါတယ်။ Press Conference ကို ဒီလ ၃၁ ရက်နေ့မှာ လုပ်ပါမယ်။ အဲဒီအခါမှ အသေးစိတ်ပြောပါမယ်''ဟု ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံများကို မိနစ် ၃၀ နီးပါး လေ့လာပြီးနောက် ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစု ကြည်အား ''လွှတ်တော်ကို အခုလို လေ့လာပြီးနောက်ပိုင်း ဘယ်လိုမြင်ပါသလဲ''ဟု မေးမြန်းခဲ့ရာ ''ထဲထဲဝင် ၀င် သိပ်မတွေ့ရသေးတဲ့အတွက် ပြောပလောက်စရာတော့ မရှိပါဘူး''ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နောက်ထပ်တစ်ကြိမ် လွှတ်တော်သို့ လာရောက်လေ့လာရန် အချိန်ရှိတော့မည်ဟု မထင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis