''ပန်းချီဆိုတာ ကိုယ့်စိတ်ထဲက ခံစားမှုတွေကို တစ်နည်းတစ်ဖုံ ဖော်ပြနိုင်တဲ့ အနုပညာတစ်မျိုးလို့ ထင်တယ်''
တောက်ပတဲ့မျက်ဝန်းတွေနဲ့ အထက်ပါစကားကို ပြောလာသူကတော့ ၂၀၁၂ ခုနှစ်
ဇန်န၀ါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွတ်မြောက်လာသူ
နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်နိုင်ပဲ ဖြစ်ပါတယ်။ သူက
နံရံများနောက်မှာ နေထိုင်ခဲ့ရစဉ်က စိတ်ရဲ့ထွက်ပေါက်အဖြစ် ပန်းချီကားတွေကို
ဖန်တီးခဲ့ဖူးသူတစ်ဦး။ ''အမှန်အတိုင်းပြောရရင် ပန်းချီကို အရင်တုန်းက
မဆွဲဖူးဘူး။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်ကတည်းက ကိုမင်းကိုနိုင်တို့အိမ်မှာ
ကြီးပြင်းလာခဲ့တော့ ကိုမင်းကိုနိုင်ရဲ့အဖေ ကျွန်တော့်ဘကြီး ဦးသက်ညွန့်
ပန်းချီဆွဲတာတွေကို ယဉ်ပါးနေခဲ့တယ်။ ထောင်ထဲရောက်နေတဲ့ အချိန်ကျတော့မှ
ပန်းချီဆွဲချင်စိတ် ဖြစ်လာတယ်။ နေ့တိုင်း နေ့တိုင်း စာရေး၊ စာဖတ်၊
လေးဘက်လေးတန် နံရံတွေကြားမှာ တစ်ချိန်က ကိုယ်မြင်ဖူးခဲ့တဲ့ ရှုခင်းတွေ၊
ကိုယ်မြင်ချင်တဲ့ အရာတွေကို ပန်းချီဆွဲပြီး ပုံဖော်ရတာကလည်း ကိုယ့်အတွက်
စိတ်ဖြေရာ တစ်မျိုးဖြစ်ခဲ့တာပေါ့''လို့ ကိုအောင်နိုင်က ဆိုပါတယ်။
''ထောင်ထဲမှာ ပန်းချီဆွဲခွင့်ရတာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကပဲ။
အရင်ကဆိုရင် ပန်းချီကလည်း ဆွဲချင်၊ ပစ္စည်းပစ္စယကလည်း မရှိတော့
အစိမ်းရောင်လိုချင်ရင် အရွက်ကို ထုထောင်းပြီးယူ၊ ချည်ထည်တွေဆိုးတဲ့
ဆေးတွေစု၊ တိုက်နံရံတွေသုတ်တဲ့ ဆေးတွေနဲ့ ရရာစက္ကူတွေစုပြီး စုတ်တံအဖြစ်
ကြက်မွှေးကိုစုချည်ပြီး ဆွဲခဲ့တယ်။ နောက်ပိုင်းမှာမှ ပန်းချီ ပစ္စည်းတွေ
သွင်းခွင့်ရခဲ့တာ''လို့ ကိုအောင်နိုင်က ဆက်လက်ပြောပြပါ တယ်။
ကိုအောင်နိုင့်နဲ့ ဆုံတွေ့ခဲ့ရတာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့
နိုင်ငံရေး အကျဉ်းသားဟောင်း ၃၅ဦးရဲ့ အကျဉ်းထောင်တွင်း နေထိုင်ခဲ့ရစဉ်က
ဖန်တီးထားတဲ့ အနုပညာ လက်ရာတွေကို စုစည်းပြသထားတဲ့ လွတ်လပ်ငြိမ်းချမ်းခွင့်
နံရံကြားမှ အနုပညာပန်းချီပြပွဲမှာပါ။ ဒီပြပွဲကို
နိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်ကျဉ်း) အဖွဲ့က စီစဉ်တာဖြစ်ပြီး
၂၀၁၂ခုနှစ် မတ်လ ၉ ရက်နေ့ကနေ ၁၅ရက်နေ့အထိ စာပေလောက စာအုပ်တိုက်မှာ
ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
''ဒီပြပွဲရဲ့ ၇၀ ရာခိုင်နှုန်းက ထောင်ထဲမှာ ဖန်တီးထားကြတဲ့ လက်ရာတွေပါ။
ပန်းချီကားပေါင်း ၁၁၀ ပါပြီး အားလုံး စိစစ်ရေး လွတ်ပါတယ်။ ပြပွဲလုပ်ရတဲ့
ရည်ရွယ်ချက်ကတော့ သူတို့နံရံနောက်မှာနေတုန်းက ခံစားချက်တွေ ကို
ပြန်မျှဝေချင်တာကြောင့်ပါ''လို့ ပြပွဲတာဝန်ခံ ဦးဆန်နီက ပြောပြခဲ့ပါတယ်။
ပန်းချီလက်ရာတွေက ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်တွေနဲ့ ရေးဆွဲထားတဲ့
လက်ရာတွေအပြင် ပန်းချီသုံး ပစ္စည်းတွေရရှိဖို့ မလွယ်ကူတဲ့ နေရာနဲ့
အချိန်တွေမှာ ဖန်တီးခဲ့တဲ့ ချည်ထိုး ပန်းချီကားတွေ၊ ကော်ဖီမစ်အိတ်ခွံ၊
သကြားလုံးအိတ်ခွံ၊ ကြွပ်ကြွပ်အိတ် တွေနဲ့ ဖန်တီးထားတဲ့ အနုပညာဖန်တီးမှုတွေ၊
မိသားစုနဲ့ ဆက်သွယ်ထားတဲ့ ပေးစာတွေနဲ့ ဖန်တီးထားတဲ့ Mixed Media
ပန်းချီကားတွေကို ပြသထားပါတယ်။
ပြသထားတဲ့ လက်ရာပန်းချီကားတွေကို လာရောက်ခံစားကြည့်ရှုသူတွေ အထူးတလည်
များပြားခဲ့သလို ပန်းချီကားတွေကို ၀ယ်ယူသိမ်းဆည်း လိုသူတွေလည်း
များပြားခဲ့ပါတယ်။ ဒါပေမယ့် ပန်းချီကားတွေကို ရောင်းချခြင်းမရှိခဲ့ဘဲ
မိတ္တူတွေသာ ရောင်းချခဲ့ပါတယ်။
''ဟိုးအရင်က အခုလို သံတိုင်တွေ၊ အုတ်နံရံတွေနဲ့ ခပ်ဆင်ဆင်တူတဲ့
ပန်းချီကားတွေ ကြည့်ခဲ့ဖူးရင်တောင် အခုနဲ့ မတူနိုင်ဘဲ
ဒီပန်းချီကားတွေကနေတစ်ဆင့် တကယ့်ခံစားချက် အစစ်တွေကို ခံစားရစေတယ်'' တဲ့။
ပြပွဲကို လာရောက်ကြည့်ရှုသူ တစ်ဦးက ခပ်တိုးတိုး ပြောလိုက်တဲ့ စကားသံတစ်ခုပါ။
နံရံတွေကြားထဲက အနုပညာ ဖန်တီးမှုတွေကိုခံစားပြီး အပြန်လမ်းမှာတော့
ထောင်ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်၊ စိတ်နှလုံးကို ညစ်ညူးစေတဲ့၊
ချုပ်နှောင်ထားတဲ့ နေရာတစ်နေရာပါ။ ဒါပေမယ့် ကိုယ်ခန္ဓာကိုသာ
ချုပ်လို့ရချင်ရမယ်။ စိတ်ကိုတော့ ချုပ်ထားလို့မရပါဘူးလို့ ပြောခဲ့တဲ့
နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက်ရဲ့ စကားသံကို ပြန်ကြားယောင်မိရင်း . .
.။
EMG |
No comments:
Post a Comment