menu

Friday 30 March 2012

အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူစစ်ဆေး မေးမြန်းနေသည့် အမျိုးသမီး ငါးလွှာမှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်




ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုအား သတင်းထောက်များမှ မေးမြန်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့်ကာလအတွင်း ယင်းအမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ် မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲတစ်ခု မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ် လ ၂၁ ရက်နေ့မှစတင်၍ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက မနန်းဝိုးဖန် ၀ယ်ယူထားသော မြေကွက်ကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေရာမှ မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့်၌ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အဦး၏ ငါးလွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မနန်းဝိုးဖန် (အသက် ၂၀ နှစ်)သည် တာချီလိတ်မြို့နယ် နေသူဖြစ်ကြောင်း၊ ဂျပန်အမျိုးသားတစ်ဦးနှင့် လွန်ခဲ့သော သုံးနှစ်ခန့်က ရှမ်းရိုးရာဖြင့်သာ လက်ထပ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ မြေကွက်များကို ၀ယ်ယူထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

''မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်က (စ.စ.စ)ကိုသွားတော့ ကျွန်မနဲ့ နန်းဝိုးဖန်ကို တစ်ခန်းစီ ခွဲစစ်တယ်။ အဲဒီက နန်းဝိုးဖန်တို့ ၀ယ်ထားတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး လမ်းကြောင်းအရ စစ်တယ်လို့ ပြောတယ်။ ကျွန်မကို ဘာကြောင့် စစ်တာလည်း မသိလို့ မေးကြည့်တော့ အမှုနဲ့ပတ်သတ်နေတဲ့အတွက် ကိုယ်သိသလောက် ပြောပေးဖို့ ပြောတယ်။ ကျွန်မ သိတာတွေကို ပြောပြရတယ်။ အဲဒီနေ့ညမှာဘဲ နန်းဝိုးဖန်တည်းတဲ့ ဟိုတယ်မှာ သက်ဆိုင်ရာလူကြီးတွေနဲ့ သွားပြီးတော့ ရှိသမျ စာရွက်စာတမ်းတွေကို သိမ်းလိုက်တယ်။ ပြီးတော့ နန်းဝိုးဖန်က ဗဟန်းမှာ တိုက်ခန်းတစ်ခန်း ဌားထားတာရှိတယ်။ တိုက်ခန်းထဲက စာရွက် စာတမ်းနဲ့ လိုအပ်တာတွေ အကုန်လုံးကို ယူတယ်။ အဲဒီအချိန်မှာ ကျွန်မက အောက်မှာ အစောင့်တွေနဲ့ ကျန်ခဲ့တယ်။ နန်းဝိုးဖန်း တစ်ယောက်တည်း အပေါ်ကို ပါသွားတယ်။ ပြန်ဆင်းလာတော့ သူကငယ်လည်း ငယ်တော့ အရမ်းကို ကြောက်ပြီး ငိုနေတယ်။ ကျွန်မက အဲဒီချိန်မှာတော့ သူ့ကို ပြောလိုက်ပါတယ်။ စီးပွားရေးအရ ဖြေရှင်းတာ ဖြစ်တဲ့အတွက် မကြောက်ဖို့ကိုလည်း ပြောလိုက်ပါသေးတယ်''ဟု မနန်းဝိုးဖန်၏ အိမ်ခြံမြေကိစ္စများတွင် ဆောင်ရွက် ပေးခဲ့သော ရှေ့နေဖြစ်သူ မအိအိအောင်က ပြောကြားခဲ့သည်။
၎င်းကဆက်လက်၍ ''နောက်နေ့က စပြီး သူ့ကို စကားပြောလို့ မရတော့ဘူး။ လက်ဟန်နဲ့ဘဲ ပြောလို့ရတော့တယ်။ သူ့အနောက်မှာ တစ်ယောက် အမြဲတန်းပါတယ်။ ကျွန်မလည်း အိမ်သာသွားမလို့ ထတာနဲ့ တစ်ယောက် ကပ်လိုက်လာတယ်။ အမှန်တစ်ကယ်က မတ်လ ၂၂ ရက်နေ့ နေ့လည်ကတည်းက ကျွန်မကို ပြန်ခိုင်းတယ်။ ကျွန်မနဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက မပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နန်းဝိုးဖန်း ရန်ကုန်  ဆင်းလာတဲ့ အချိန်ကတည်းက ကျွန်မနဲ့အတူနေတာ လေးလလောက် ရှိပြီဆိုတော့ အဲဒီမှာဘဲ အတူတူ ဆက်နေလိုက်တယ်။
အဲဒီမှာဘဲ ညဘက်မှာ ခုံတွေဆက်ပြီး ညအိပ်တယ်။ သူက ရှမ်းလူမျိုးဖြစ်တဲ့အတွက် ဗမာစကား ကောင်းကောင်း မပြောနိုင်တဲ့အတွက်ကို ရှမ်းစကားပြန်နဲ့ စစ်ပေးဖို့ ပြောသေးတယ်။ ဒါပေမဲ့ သူတို့ဆီမှာ မရှိဘူးလို့ပြော တယ်။ သူက ခုန်ချတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက အရမ်းကြောက်တတ်တယ်။ မတ်လ ၂၃ ရက်နေ့မှာဘဲ သူမူးလို့ဆိုပြီး သကြားရည် ဖျော်သောက်တယ်။ ပြီးတော့ အဲဒီနေရာမှာဘဲ မူးလှဲ သွားတယ်။ သူက သွေးပေါင်ကျတတ်တယ်။ အဲဒီက လူကြီးတစ်ယောက်က သွေးပေါင် လာတိုင်းတယ်။ သွေးပေါင်ချိန်က ပုံမှန်ပါဘဲလို့ ပြောတယ်။ လူကတော့ ဖျော့တော့တော့ ဖြစ်နေတယ်။
၂၃ ရက်နေ့ညက အစောင့်တွေနဲ့ အိမ်ပြန်ပြီး ရေမိုးချိုး မုန့်ထွက်စားကြတယ်။ ပြီးတော့ ဟော့ပေါ့စားတယ်။ တော်တော်များများကို စားတယ်။ ကျွန်မက သူ့ကို သိပ်မစားဖို့လည်း ပြောတယ်။ စားပြီး ပြန်လာတော့ သူ့ကိုစစ်ဖို့ လုပ်တဲ့အချိန် အိပ်ပျော်နေတယ်။ ၂၄ ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျွန်မနိုးတော့ ကြည့်လိုက်တဲ့အချိန်မှာ အစောင့်နှစ်ယောက်နဲ့ သူနဲ့ ရှိနေတယ်။ သူက ကျွန်မအိပ်တဲ့နေရာရဲ့ ခေါင်းရင်းမှာ အင်္ဂျာီ အစိမ်းရောင်လေးနဲ့ ထိုင်နေတာ တွေ့ရတယ်။ ပြီးတော့ သူက ဗိုက်နာတယ်ဆိုပြီး အိမ်သာသွားတယ်လို့ အစောင့်တွေက ပြောတယ်။ အန်မယ်လို့ ပြောပြီး ရှေ့ပြတင်းပေါက်မှာ သွားအန်တယ်။ ကျွန်မကတော့ လိုက်လို့မရဘူး။ ပြီးတော့ သူပြန်လာတယ်။ ကျွန်မကလည်း ပြန်ပြီး အိပ်လိုက်တဲ့အချိန်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။ အဲဒီမှာ ဖိနပ်သံတစ်ခုကို ကြားလိုက်တယ်။ အန်မယ်ဆိုတဲ့ အသံကိုတော့ တိုးတိုးလေး ကြားလိုက်ရတယ်။ ပြီးလည်း ပြီးတော့ လှစ်ခနဲ ထွက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီချိန် ကျွန်မကလည်း အစောင့်တွေကို အန်မယ်ဆိုပြီး ထွက်သွားပြန်ပြီးနဲ့တူတယ်လို့ ပြောလိုက်သေးတယ်။ ဒုက္ခပါဘဲတော် မရှိတော့ဘူး မရှိတော့ဘူးဆိုပြီး အသံတစ်ခု ကြားလိုက်တယ်။ အစောင့်တစ်ယောက်က လာကြည့်ကြည့်ဆိုပြီး ကျွန်မကိုပြတယ်။
ပြီးတော့မှ ထမီစအစိမ်းလေးဘဲ မြင်လိုက်ရတယ်။ ကျွန်မတို့ ဆင်းကြည့်တယ်။ အဲဒီချိန်မှာသူက ၀ူးဝူးဝါးဝါး အော်နေတာကိုဘဲ တွေ့ရတယ်။ ပြီးတော့ ဆေးရုံကိုပို့ လိုက်တယ်။ ကျွန်မလိုက်မေးကြည့်တော့ မနက် ၉ နာရီလောက်အထိကို အကုန်လုံးက မသေသေးဘူးလို့ ပြောကြတယ်''ဟု ပြောကြားခဲ့သည်။ ထို့အပြင် မနန်းဝိုးဖန်၏ ဖခင်ဖြစ်သူ ဦးအိုက်ခန်းကလည်း ''သမီးနဲ့ ဂျပန်နိုင်ငံသားတို့က ရှမ်းရိုးရာအနေနဲ့ လက်ထပ်ထားတာပါ။ မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီလောက်မှာ သမီးနေမကောင်းဘူးလို့ သူ့အစ်မဆီကို (စ.စ.စ) က အကြောင်းကြားတယ်။ ည ၇ နာရီ လောက်မှာ ဆုံးသွားပြီလို့ ပြောတယ်။ သမီးက တာလော့မှာ အလုပ်သွားလုပ်ရင်း ဂျပန်နိုင်ငံသားနဲ့ တွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကပါ။ စိတ်ကတော့ မပျော်ဘူး။ ခါတိုင်းလာတုန်းက သမီးကိုတွေ့ရတယ်။ ဒီတစ်ခါလာတော့ သမီးကို မတွေ့ရဘူး'' ဟု ပြောကြားခဲ့သည်။
ထို့နောက် မနန်းဝိုးဖန်၏ အမျိုးသားဖြစ်သူ ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုကလည်း '' အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်ပြီး (စ.စ.စ) က စစ်နေတာကို သိတယ်။ နန်းဝိုးဖန် နာမည်သုံးပြီး ၀ယ်တယ်ဆိုတာကို အဓိက ထားပြီး စစ်တယ်။ နန်းဝိုးဖန် နာမည်ကို ကျွန်တော်သုံးပြီး ၀ယ်တာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ အကုန်ပေးခဲ့တာပါ။ အဲဒါကြောင့်မလို့လည်း  စာချုပ်စာတမ်းတွေ အကုန်ပေးထားတာပါ။ တကယ်လို့သာ အမည်ခံသာဆိုရင် နန်းဝိုးဖန်လက်ထဲမှာ ဒီစာချုပ်စာတမ်းတွေ ရှိနေစရာ အကြောင်းမရှိဘူး။ အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာကို မေးကြည့်တဲ့အခါမှာ အထက်ကို တင်ပြရမယ်လို့ပြောတယ်။ သူတို့ ဆုံးဖြတ်ချက်ချမလား။ ဒါမှမဟုတ် အဖေကို ပေးမလား။ အမေကို ပေးမလား။ စစ်ဆေးရေးကာလ သုံးရက်မှာ တစ်နေ့ကို နန်းဝိုးဖန်ကို ၂ နာရီလောက်ဘဲ ပြန်ခွင့်ပေးတယ်။ ၁၉ နှစ်အရွယ် မြန်မာလိုကလည်း မကျွမ်းဘူး။ ရှမ်းစကားဘဲ တတ်တယ်။ အနားမှာလည်း စကားပြန်မရှိဘူး။ ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလား။ ရန်ကုန်က မြန်မာတစ်ယောက်ဆိုရင် ဒီလိုဘဲ ခေါ်စစ်မှာလား။ ဘာကြောင့်လည်းဆိုရင် တစ်ရက်ကို နှစ်နာရီဘဲ ပြန်ခွင့်ပေးတယ်ဆိုတာ ထောင်ထဲ ထည့်ထားတာနဲ့ အတူတူဘဲ။ ကျွန်တော်ကတော့ ဖိအားဒဏ်တွေများပြီး သူ့ကိုသူ သေကြောင်းကြံသွားတယ်လို့ ထင်တယ်။ ဒါကြောင့်မလို့ ကျွန်တော်မိန်းမကို စစ်ဆေးခဲ့သူကို အထက်လူကြီးတွေက ပြန်ပြီးစစ်ဆေးချင်ပါတယ် ''ဟု ပြောကြားခဲ့သည်။
''ဘယ်ဌာနဆိုင်ရာမဆို  ပြည်သူတစ်ဦးကို ခေါ်ယူစစ်ဆေးတာ ချုပ်နှောင်တာ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၆ နဲ့  ညီမညီ သတိပြုရမှာဖြစ်ပါတယ်''ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။ ''နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခြင်းမပြုရ''ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇၆ အရ သိရသည်။
ရဲထံ သတင်းပေးခြင်းနှင့် ရဲတို့ စုံစမ်းထောက်လှမ်းရန် အာဏာများ အခန်း၁၄ အရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့် ရဲအရာရှိမဆို သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျ၊ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ် သည့် အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးသည် အဆိုပါအရာရှိ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက် အမှု၏ အကြောင်းအချင်းအရာနှင့် အဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းသည်ဟု ထင်မြင်ယူဆရသော မည်သူ့ကိုမဆို နှုတ်ဖြင့် စစ်မေးနိုင်ကြောင်း သိရသည်။
ထိုသို့ စစ်မေးခြင်းခံရသူသည် အမှုနှင့် စပ်လျဉ်း၍ မိမိအပေါ် ပြစ်မှုကြောင်းအရ စွဲဆိုခြင်း၊ ပြစ်ဒဏ်စီရင်ခြင်း သို့မဟုတ် ခံဝန်အရ ပေးလျော်စေခြင်း ဖြစ်စေမည့် မေးခွန်းများကို ဖြေဆိုရန် တာဝန်မရှိကြောင်း ပြစ်မှုဆိုင်ရာ ပြစ်ထုံးပုဒ်မ ၁၆၁ အရ သိရသည်။

မည်သည့် ရဲအရာရှိ သို့မဟုတ် အခွင့်အာဏာရှိသူ အခြားသူတစ်ဦး တစ်ယောက်မျှ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄ တွင် ဖော်ပြထားသည့်အတိုင်း သွေးဆောင်မှု၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် ကတိထားမှုတစ်စုံတစ်ရာကို ကမ်းလှမ်းခြင်း သို့မဟုတ် ပြုလုပ်ခြင်း၊ သို့မဟုတ် ကမ်းလှမ်းစေ ခြင်း သို့မဟုတ် ပြုလုပ်စေခြင်း မရှိစေရဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၆၃ တွင် ပြဋ္ဌာန်းထားပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis