menu

Friday 30 March 2012

အွန်လိုင်းမှလျှောက်ထားနိုင်မည့် အီးဗီဇာစနစ် ဧပြီလ ၁ ရက် စတင်စမ်းသပ်မည်

အွန်လိုင်းမှ တစ်ဆင့်ပြည်ဝင်ခွင့် လျှောက်ထားနိုင်မည့် အီးဗီဇာစနစ်ကို ဧပြီလ ၁ ရက်နေ့မှ စတင်စမ်းသပ်လုပ် ဆောင်သွားမည်ဟု မြန်မာနိုင်ငံဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အတွက် စတင်အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများနှင့် ဥရောပ နိုင်ငံများအတွင်း ထပ်မံတိုးချဲ့သွားမည်ဟု ပြောသည်။ "ဧပြီလ ၁ ရက်နေ့မှာ ဆင်ထားတဲ့ အွန်လိုင်းစနစ်တွေ အဆင်ပြေချော မွေ့မှုရှိ သလားဆိုတာကို စမ်းသပ်မယ်။ အရင်ဆုံး CLMV နိုင်ငံတွေကို အီးဗီဇာ ပေးမယ်။ ဒီအီးဗီဇာစနစ်ကို စင်ကာပူ နည်းပညာသုံးပြီး လုပ်ထားတယ်။ အီးဗီ ဇာလျှောက်တဲ့သူတွေကို လိုအပ်သလို စစ်ဆေးပြီး အမည်ပျက်စာရင်း (black list)မဟုတ်ရင် ဗီဇာထုတ် ပေးမယ်။ ဗီဇာ ကြေးကိုလည်း အွန်လိုင်းကနေပေးချေ ရမယ်" ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ အီးဗီဇာစနစ်ကို အကောင် အထည်ဖော်ပြီးပါက နိုင်ငံတကာမှ ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက် လာနိုင်မည်ဖြစ် သည့် အတွက် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပိုမိုတွင်ကျယ် လာမည်ဟု ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

"အီးဗီဇာစနစ်ကို စမ်းသပ်သုံးစွဲတာ ထက် ရေရှည်သုံးလို့ရနိုင်ရင်ပိုကောင်း တာပေါ့။ ခရီးသွားလုပ်ငန်းတွေဘက် တော့ အခု လောလောဆယ် ဒီစနစ်ကို စောင့်ကြည့်နေတယ်။ အရင်၂၀၀၄ ခုနှစ် လောက်က အီးဗီဇာစနစ်ကို စမ်းသပ် တုန်းက ခရီးသည်တွေ အတွက် အရမ်းကို အဆင်ပြေခဲ့တယ်။ ဒီနေ့လျှောက် ဒီနေ့ရ တယ်။ ဒါပေမယ့် အဲဒီ အီးဗီဇာက ခဏနဲ့ ရပ်သွားတယ်။ အခု တစ်ခါ တော့ အဲဒီလို မဖြစ်စေချင်ဘူး" ဟု Tour De ခရီးသွား လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်လှဒါလီခင်က ပြောသည်။
အီးဗီဇာ၏ အားသာချက်မှာ မြန်မာသံရုံးမရှိသည့်နိုင်ငံများမှလည်း လျှောက်ထားခြင်း၊ အချိန်တိုအတွင်း ရခြင်း၊ ငွေပေးချေမှု လွယ်ကူခြင်း တို့ကြောင့် ခရီးသည်များအတွက် ပိုမိုအဆင်ပြေ စေသည်။
လျှောက်ထားလိုသူများသည် www.myanmarevisa.com တွင် ၀င်ရောက်လျှောက်ထားနိုင်သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis