menu

Tuesday 7 February 2012

ကန်တော်ကြီးတာဝါစီမံကိန်းကို ရှန်ဂရီလာကုမ္ပဏီပြန်လည်စတင်



ကန်တော်ကြီးတောင်ဘက်ပိုင်းရှိ ရှန်ဂရီလာအမြွှာ အဆောက် အအုံနှစ်ခုကို လွန်ခဲ့သည့်သီတင်းပတ်က တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
ရန်ကုန်မြို့က ဆွေးနွေးညှိနှိုင်းမှု အပြုရဆုံး အဆောက်အအုံတွေထဲမှာ ကန်တော်ကြီး တောင်ဘက်ပိုင်းက ဆောက်လက်စ အဆောက်အအုံ အလွတ်ကြီးလည်း ပါဝင်ပါတယ်။
ဆောက်လုပ်မှုကို နှစ်ရှည်လများ ရပ်ဆိုင်းပြီးချောင်ထိုးထားတဲ့ ဒီ အဆောက်အအုံတွေကို အဆင့်မြင့် ၀န်ဆောင်မှုပေးတဲ့ အိမ်ခန်းမျိုး အဖြစ် အငှားချဖို့ ဆောက်လုပ်ရေးကုမ္ပဏီက ထုတ်သုံးတော့မယ်ဆိုတဲ့ သတင်းကြောင့် ဒီအဆောက်အအုံနဲ့ ပတ်သက်ပြီး ဝေဖန် သံတွေ အမျိုးမျိုးထွက်လာပါတယ်။
မလေးရှား ကုဋေကြွယ် သူဌေးကြီး Robert Kuok ရဲ့ ရှန်ဂရီလာရန်ကုန် ကုမ္ပဏီလီမိတက်က ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ဒီအဆောက်အအုံတွေဟာ ခမ်းနားကြီးကျယ်ပေမယ့် ၁၉၉၈ ခုနှစ်မှာ ဆောက်လုပ်ရေးကို ရပ်ဆိုင်းခဲ့ရပါတယ်။

ဒီစီမံကိန်းကြီးနဲ့ပတ်သက်ပြီး အဲဒီ အချိန်ကတည်းက ကောလာဟလတွေ အမျိုးမျိုး ဆက်တိုက်ဆိုသလို ထွက်လာခဲ့ပါတယ်။ စီမံကိန်း မပြီးခင် ရပ်ဆိုင်း ထားရတဲ့ အကြောင်းရင်းကိုလည်း ရန်ကုန်နေလူထုက အမျိုးမျိုး ထင်ကြေး ပေးကြပါတယ်။
လူပြောအများဆုံး တစ်ချက်ကတော့ ဒီအဆောက်အအုံရဲ့ အောက်ခံမြေသားမခိုင်မာတာကြောင့် ဆောက်လုပ်မှု ရပ်ဆိုင်းလိုက်ရ တာလို့ ဆိုတာပါ။ သူတို့အပြောအရကတော့ အဆောက်အအုံတစ်ခုဟာ တစ်ဖက်ကို ယိုင်နေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောနေကြတာတွေဟာ တစ်ချက်မှ မမှန်ပါဘူးလို့ ရှန်ဂရီလာအုပ်စုမှာ ပိုင်ဆိုင်မှု တော်တော် များများပါဝင်ထားသူ၊ ကုန်သည်ကြီးများ ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ Mr Craig Powell က ပြောပါတယ်။
"အောက်ခံမြေသားက လုံးဝကို ကြံ့ခိုင်ပါတယ်ဗျာ"လို့ သူကမြန်မာတိုင်း(မ်) ကို ဇန်န၀ါရီလဆန်းမှာ ပြောကြားခဲ့ပါတယ်။
"၂၀၁၀ ပြည့်နှစ်တုန်းက ရန်ကုန်မှာ လှုပ်ခတ်သွားခဲ့တဲ့ မြေငလျင်ကို ခင်ဗျားတို့ မှတ်မိတယ်မဟုတ်လား။ အဲဒီဖြစ်ရပ် နောက်ပိုင်းမှာ ကျွန်တော်တို့ ဟိုတယ်ရဲ့ ခိုင်ခံ့မှုကို ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးခဲ့တုန်းက ဒီအဆောက်အအုံတွေကိုလည်း စစ်ဆေး ခဲ့ပါတယ်"လို့ သူကပြောပါတယ်။
၁၅ နှစ်လောက် ပစ်ထားတဲ့ ဒီ အဆောက်အအုံတွေကို အခုပြန်အသုံး ပြုဖို့ဆိုတာ ကြည့်ရတာဆိုးပေမယ့် ဒါတွေဟာ ၁၀၀ ရာခိုင်နှုန်း ခိုင်ခံ့တယ် လို့ Mr Powell ကပြောပါတယ်။
"တကယ်လို့ အောက်ခံမြေသားက မခိုင်မာဘူးဆိုရင် ဒီကာလအတွင်းမှာ ဆိုးကျိုးကို တွေ့ရမှာပေါ့။ ဒါမှမဟုတ် ဒီအဆောက်အအုံကြီး နှစ်ခု ပျက်စီးသွားတာကို တွေ့ရမှာပေါ့။ အခုတော့ ဘာမှ ဖြစ်တာကို မတွေ့ရပါဘူး။ ကျွံဝင်သွားတာမျိုးလည်း မရှိဘူး။ ဘာမှကို မဖြစ် တာပါ"လို့ သူကပြောပါတယ်။
"တကယ်လို့ ဒီနေရာက ဆောက်လုပ်မှု ဆက်လုပ်လို့ မဖြစ်ဘူးဆိုရင် ရှန်ဂရီလာက စစ်ဆေးမှုလုပ်ပြီးတဲ့ နောက်ပိုင်းမှာ ဆောက်လုပ် မှုကို ရှေ့ဆက်မှာ မဟုတ်ပါဘူး"လို့လည်း သူကပြောပါတယ်။
ဒီအဆောက်အအုံတွေကို ရောင်းချတော့မယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း Mr Powell က ချေဖျက်ပြောဆို ခဲ့ပါတယ်။
ဒီအဆောက်အအုံတွေကို ယူနစ်ပေါင်း ၂၄၀ ပါဝင်တဲ့ ရှန်ဂရီလာရဲ့ အဆင့်မြင့်တိုက်ခန်းအိမ်ရာတွေအဖြစ် ဆောက်လုပ်မယ်လို့ သူက ပြောပါတယ်။
"အခုအချိန်ဟာ အချိန်ကောင်းပဲလို့ ကျွန်တော်ထင်တယ်။ ဒီအချိန်မှာ အဆင့်မြင့်ဝန်ဆောင်မှုပါအိမ်ခန်းအတွက် ဈေးကွက်ဝယ်လို အားက မြင့်နေသလို ပေးနိုင်တဲ့အခန်းကလည်း ရှားနေပါတယ်။ ဒီအဆောက်အအုံတွေက အဲဒီလိုအပ်ချက်ကို ဖြည့် ပေးနိုင်မယ့် အခွင့်ထူးကြီးပါ။ ဒါကြောင့် ဒီစီမံကိန်းကို ကျွန်တော်တို့ ပြန်စချင်တာပါ။ တစ်နည်းအားဖြင့် မပြီးပြတ်သေးတဲ့ လုပ်ငန်းတစ်ခုကို ပြီးပြတ်အောင် ဆက်လုပ်တာပါ၊ ဒါကြောင့် မကြာခင်မှာ အကောင်အထည်ပေါ်လာပါတော့မယ်"လို့ Mr Powell က ရှင်းပြပါ တယ်။
ရန်ကုန်မှာ အခုရှိနေတဲ့ ၀န်ဆောင်မှုပါ အိမ်ခန်းတွေကို ငှားရမ်းဖို့ တန်းစီ စောင့်နေတဲ့သူတွေက အများကြီးရှိပြီး အသစ်ထပ်မံဆောက် လုပ်နေတဲ့ စီမံကိန်းအနည်းအကျဉ်းကလည်း နောက် နှစ်နှစ်လောက်နေမှ ပြီးမှာပါလို့ Colliers International ရဲ့ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အစီရင်ခံစာ (၂၀၁၁ ခုနှစ် ပထမနှစ်ဝက် )မှာ ဖော်ပြ ထားပါတယ်။
"ရောင်းလိုအား အနည်းအကျဉ်း သာရှိပြီး ၀ယ်လိုအား မြင့်မားနေတဲ့ အတွက် ရန်ကုန်ရှိဝန်ဆောင်မှုပါ တိုက် ခန်းအားလုံးရဲ့ ကာလရှည် ငှားရမ်းချုပ် ဆိုနှုန်းဟာ စံချိန်တင် မြင့်မားနေပြီး စီမံကိန်းအချို့မှာ နေထိုင်ဖို့ စာရင်းပေး စောင့်ဆိုင်းနေသူ ၅၀ ကျော်ရှိတယ်" လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
"လာမည့်နှစ်နှစ်အတွင်း ရောင်းလို အား တိုးလာမည်မဟုတ်သည့်အတွက် ယခုကဲ့သို့ အခြေအနေမျိုးကို ဆက်လက် တွေ့နိုင်ဖွယ်ရာ ရှိသည်" လို့ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆောက်အအုံဖွဲ့စည်းပုံနဲ့ လိုအပ်တဲ့ ရေ၊ မီးစတာတွေ အဆင်သင့် ရှိ နေပြီးသားဖြစ်တဲ့ ရှန်ဂရီလာဟာ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ပြိုင်ဘက်ဖြစ်နိုင်သူတွေထက် သာနေပါတယ်။ သေသေချာချာ ကြည့်မယ်ဆိုရင် ဒီအဆောက် အအုံကြီးနဲ့ ကန်တော်ကြီးကြားက မြေနေရာမှာ တင်းနစ်ကစားကွင်းလည်း လုပ်လို့ ရပါတယ်။
ဒီလုပ်ငန်းကို နှစ်နှစ်ခွဲအတွင်း အပြီး ဆောက်လုပ်နိုင်မယ်လို့ ရှန်ဂရီလာက ခန့်မှန်းထားပါတယ်။
ဒီစီမံကိန်းရဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ သူက အတွင်းသိမဟုတ်ပါဘူးလို့ Mr Powell က ပြောပါတယ်။
"အဆောက်အအုံတွေက ကောင်းပါတယ်။ ဒါပေမယ့် အတွင်းပိုင်း ပြင်ဆင်မှုတွေ အများကြီး လုပ်စရာ ရှိပါတယ်။အဲဒါတွေကို ပြင်ဆင်နိုင်ဖို့ တော်တော်လေး လုပ်ရမှာဖြစ်သလို စက်ပိုင်းဆိုင်ရာနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာတွေမှာလည်း အဟောင်းတွေကို ဖယ်ပစ်ပြီး အသစ် ပြန်တပ်ဆင်ရမယ်"လို့ သူကပြောပြပါတယ်။
"ဒါပြီးဖို့ အချိန်တော့ နည်းနည်းလိုပါတယ်။ ကနဦး ခန့်မှန်းချက်အရ ဆိုရင် နှစ်နှစ်၊ နှစ်နှစ်ခွဲလောက်တော့ ကြာမယ်"လို့ ဆိုပါတယ်။
"ဒါက လုံးဝ အသေအချာကြီးတော့ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အခြေအနေက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေပေါ် မူတည်သလို လုပ်ငန်း အချိန်မီ ပြီးစီးနိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေရနိုင်တဲ့ အခြေအနေ၊ အရည် အသွေးပြည့်ဝတဲ့ ကန်ထရိုက်တာနဲ့ လုပ်သားရရှိမှုပေါ်လည်းမူတည်ပါတယ်။ "ဒီစီမံကိန်းဟာ အပြိုင်အဆိုင်တွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီမံကိန်းအသစ် တစ်ခုကို စတင်တာ၊ ဒါမှမဟုတ် ရပ်ဆိုင်းထားတဲ့ စီမံကိန်းကို ပြန် စတင်တာ ကျွန်တော်တို့ တစ်ဦး တည်း မဟုတ်ပါဘူး။ ရန်ကုန်က ဆောက်လုပ်ဆဲ ရပ်ဆိုင်းထားတဲ့ အဆောက်အအုံကြီးတွေက ကျွန်တော် တို့ တစ်ခုတည်း မဟုတ်ပါဘူး။သိသလောက်ကတော့ အနည်းဆုံး ခြောက်ခုလောက်တော့ရှိမယ်" လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့တွင်းက နာမည်ကြီး ဟိုတယ်နဲ့ ရုံးခန်းတာဝါရယ်၊ ပြည်လမ်းက ထင်ရှားတဲ့ အထပ်မြင့် အဆောက် အအုံတွေအပါအ၀င် ရပ်ဆိုင်းထားတဲ့ တခြားစီမံကိန်းတွေလိုပဲ ရှန်ဂရီလာရဲ့ ကန်တော်ကြီးတာဝါစီမံကိန်းဟာ မြန်မာ နိုင်ငံမှာ စီးပွားရေးကျဆင်းမှုကို ဖြစ် စေတဲ့ ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းဒဏ်ကို ခံစားခဲ့ရတဲ့ စီမံကိန်းတွေပါ။ "ကျွန်တော်တို့ ဆောက်လုပ်ရေးတွေ ရပ်လိုက်ရတဲ့ အကြောင်းရင်းက တခြားစီမံကိန်းတွေ ရပ်လိုက်ရတဲ့ အကြောင်းရင်းနဲ့အတူတူပါပဲ။ အဲဒါကတော့ အာရှစီးပွားရေး အကျပ် အတည်း ကြုံရတာကြောင့်ရယ်၊ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပွင့်လင်း မြင်သာမှုမရှိတာကြောင့်ရယ်ပါ" လို့ သူကပြောပါတယ်။
"လူတွေဟာ သူတို့နားမလည်နိုင်တဲ့ လုပ်ငန်းမျိုးတွေနဲ့ မသေချာမရေရာတဲ့ နေရာမျိုးတွေမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြ ပါဘူး။ ဒီတာဝါနှစ်ခုဟာ ကျွန်တော်တို့ ဆောက်လုပ်မှု ရပ်လိုက်တဲ့ ၁၉၉၈ ခုနှစ်ကတည်းက ပစ်ထားရတာပါ"လို့ သူက ရှင်းပြပါတယ်။
ဒီစီမံကိန်း ပြန်စဖို့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်က စတင်ခဲ့တဲ့ ကုန်သည်ကြီးများ ဟိုတယ် ပြင်ဆင်မွမ်းမံမှုအတွက် ကန်ဒေါ်လာ သန်း ၃၀ကျော် ထုတ်ပေးခဲ့ပြီးနောက်မှာ ချမှတ်ခဲ့တာလို့ Mr Powell က ပြောပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis