လွန်ခဲ့တဲ့လေးနှစ်လောက်က အခုအီရန်က ပိတ်ပစ်မယ်ပိတ်ပစ်မယ်လို့
ခြိမ်းခြောက်နေတဲ့ ဟောလ်မွတ်စ်ရေလက်ကြား(Strait of Hormuz)ရဲ့
အနောက်ဘက်ပါရှန်ပင်လယ်ကွေ့ရဲ့ ကမ်းခြေတစ်နေရာကို မေးတင်ထား
တဲ့'ဒါမန်း'(Dammam) ဆိုတဲ့ မြို့ကလေးကို ရောက်သွားခဲ့ပါတယ်။ ကိုယ်က
ဒီဆော်ဒီအာရေးဗီးယားနိုင်ငံမှာရှိတဲ့
ဒါမန်းမြို့လေးရဲ့ဆိပ်ကမ်းကိုသွားကြည့်ပြီး ဓာတ်ပုံရိုက်ချင်တယ်။
ကိုယ့်ကားဆရာကလည်း ဒါမန်းမြို့ထဲရောက်နေပေမယ့် ဆိပ်ကမ်းကို မသွားတတ်ဘူး။
ဒါနဲ့ လမ်းဘေးပလက်ဖောင်းပေါ်က လူတစ်ယောက်ကို ဒါမန်းဆိပ်ကမ်းကို
ဘယ်လိုသွားရသလဲလို့ အင်္ဂလိပ်လို လှမ်းမေးလိုက်တော့ အဲဒီလူကကိုယ်တို့ကို No
smoking English လို့ ပြန်ဖြေခဲ့ပါတယ်။ အင်္ဂလိပ်လိုမပြောတတ် ဘူးလို့
ဆိုလိုချင်မှန်းကိုတော့ သိလိုက်ရပါတယ်။ ဒါပေမယ့်
ဒီလိုပြန်ပြောလိမ့်မယ်လို့တော့ မထင်မိခဲ့ပါဘူး။
ဒါပေမယ့် သူဟာဆော်ဒီနိုင်ငံသား ဟုတ် မဟုတ်ဆိုတာကိုတော့
ကိုယ်အတိအကျမသိနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဆော်ဒီလူဦးရေ ၂၇ သန်းထဲမှာ
အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အီဂျစ်၊ ယီမင်၊ အင်ဒိုနီးရှား
၊သီရိလင်္ကာ ဆီးရီးယား၊ ဆူဒန်နဲ့ တူရကီကလာနေကြသူတွေ ၅သန်းခွဲပါနေလို့ပါပဲ။
နောက်ပြီး ၀တ်စုံဝတ်မထားတဲ့အခါမျိုးမှာ ဖိလစ်ပိုင်နဲ့ ဆူဒန်လူမျိုးကလွဲရင်
သူတို့မျက်နှာပေါက်တွေဟာ အာရပ်လူမျိုးလား တခြားလူမျိုးလား
ဘယ်လိုမှခွဲခြားမရနိုင်လောက်အောင် ကိုပဲ ကိုယ့်မျက်စိထဲမှာ
တူနေကြလို့လည်းဖြစ်တယ်။ ဆော်ဒီတွေထဲမှာတော့ ချမ်းသာသူတွေ
အဆင့်မြင့်မြင့်နေနိုင်သူတွေဟာ အင်္ဂလိပ်လိုကောင်းကောင်း ပြောနိုင်ကြပါတယ်။
ပြောနိုင်ဆို အမေရိကား အင်္ဂလန် စတဲ့နိုင်ငံတွေမှာ ကျောင်းသွားတက်
ခဲ့ကြတာကိုး။ ဒါ့ကြောင့် သူတို့နဲ့တွေ့ရင်တော့ ပြောရဆိုရလွယ်ပါတယ်။
ဒါပေမယ့် ကျန်တဲ့လူတွေနဲ့ တွေ့လို့ကတော့ အင်္ဂလိပ်လိုပြောဖို့ဆိုတာ
ဘယ်လိုမှမလွယ်ပါဘူး။ အာရေဗီ၊ အူရဒူ ဘာသာစကား မတတ်ရင် စကားပေါက်ဖို့ဆိုတာ
မဖြစ်နိုင်သလောက်ပါပဲ။
ကိုယ်ရောက်ဖူးတဲ့နိုင်ငံတွေကလူတွေ အင်္ဂလိပ်စကားနဲ့
အကျွမ်းဝင်မ၀င်ဆိုတဲ့အကြောင်း ဆက်ပြောရဦးမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်
စက်တင်ဘာလတုန်းက ဘန်ကောက်ကို ရောက်သွားတဲ့အကြောင်းကိုလည်း ထည့်ပြော
ရမှာဖြစ်ပါတယ်။ အဲဒီမှာ ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့
အနှိပ်ခန်းတစ်ခန်းရှေ့က ဆိုင်းဘုတ်ပေါ်မှာ Open daily from 11 a.m. to 12
a.m. လို့ရေးထားတာကို တွေ့ရပါတယ်။ ဟ... ဘယ်လိုလဲဟ၊ ဒီအနှိပ်ခန်းက
တစ်နေကုန်လုံးမှာမှ တစ်နာရီတည်း ဘာသဘောနဲ့ ဖွင့်ရတာလဲလို့ ရုတ်တရက်
ထင်သွားနိုင်စရာရှိတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။
အင်္ဂလိပ်စာအလိုအားဖြင့်ကြည့်မယ်ဆိုရင် မှားတော့လည်း မမှားဘူးပေါ့။ ဒါပေမယ့်
လူအများနဲ့ ဆိုင်တဲ့ကိစ္စတွေ စီးပွားရေးနဲ့ပတ်သက်ပြီး ကြော်ငြာတဲ့နေရာတွေမှာ
စာစကားတွေ နည်းပညာဝေါဟာရတွေနဲ့ မဖော်ပြရဘူး၊ လူပြိန်းနားလည်အောင်
ရေးရတယ်ဆိုတာလောက်ကိုတောင် ဒီဆိုင်ပိုင်ရှင်ခမျာ မသိရှာပါလား ဆိုပြီး
အံ့သြမိရတာပါ။ မနက် ၁၁ နာရီမှ ည ၁၂ နာရီထိဖွင့်သည်။ Open daily from 11
a.m. to 12 midnight လို့ ရေးတော့ ဘာဖြစ်သွားမှာမို့လဲလို့ ဆိုင်ရှေ့မှာ
ခဏရပ်ကြည့်ပြီး တွေးနေမိပါသေးတယ်။ ဒီကိစ္စကို ကျန်တဲ့လူတွေကတော့
အချိန်ကုန်ခံပြီး ကိုယ့်လိုတွေးနေကြမယ်မထင်ပါဘူး။
ကိုယ်သာနိုင်ငံခြားရောက်တိုင်း အဲဒီလူမျိုးတွေက ငါတို့ထက်ဘာသာနေသလဲ၊
ငါတို့ကရော အဲဒီလူတွေထက် ဘယ်နေရာမှာ သာသလဲ ဆိုတာကို
အမြဲသတိထားကြည့်နေတတ်သူမို့ ခုလိုတွေးမိခဲ့တာဖြစ်ပါတယ်။
အဲဒီကနေ နောက်တစ်နေ့မှာ ထိုင်းပင်လယ်ကွေ့ထဲက ပတ်တယားမြို့ (City of
Pattaya)ကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာတုန်းကလည်း
ဘာအကြောင်းကိစ္စနဲ့ပတ်သက်ပြီးဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။
ဟိုတယ်ဝန်ထမ်းတစ်ဦးနဲ့ ဖုန်းပြောတဲ့အခါမှာ သူကတစ်ဖက်ကနေပြီး
'ပလက်စီးလွန်... ပလက်စီးလွန်..'ဆိုပြီး ထပ်ခါတလဲလဲပြောနေပါတယ်။
ဘာကိုဆိုလိုတာလဲဆိုတာ ရုတ်တရက်စဉ်းစားလို့ မရနိုင်ပါဘူး။
နောက်အတော်လေးကြာမှ သုညကိုနှိပ်ပါလို့ ပြောနေတာများလား မသိဘူးဆိုပြီး
သတိရလိုက်မိလို့ ကိုယ်က 'ပရက်စ်ဇီးရိုး' (Press zero)လို့
အသံခပ်ကျယ်ကျယ်နဲ့ ပြောကြည့်လိုက်တဲ့အခါကျမှ တစ်ဖက်ကလည်း 'ချိုက်ခတ်
ချိုက်ခတ်' (ဟုတ်တယ်ဟုတ်တယ်) လို့ ၀မ်းသာအားရ ပြန်ပြောပြီးဖုန်းချ
သွားခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပဲ ကိုယ့်နိုင်ငံပြန်လာခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ငါတို့လူမျိုးတွေမှာ သူတို့ထက်သာတာတစ်ခုတော့
ရှိနေပါသေးလားဆိုပြီး ကြည်နူးမှုလေးတစ်ခုကို ရင်မှာပိုက်လို့ပေါ့။
အဲဒီကြည်နူးမှုကလည်း သိပ်ကြာကြာတော့ မခံလိုက်ပါဘူး၊ ရန်ကုန်လေဆိပ်ကို
ညဘက်လေယာဉ်ဆင်းခါနီး အချိန်လေးမှာ အောက်ကိုငုံ့ကြည့်လိုက်မိလိုက်တာနဲ့
အဲဒီကြည်နူးမှုလေးလည်း တစ်ခါတည်းလွင့်ပြယ်သွားရပါတော့တယ်။ စိတ်ထဲကလည်း
ငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ ဟာသစာစောင်တစ်ခုထဲက ပုံပြင်လေးတစ်ပုဒ်ကို
သွားပြီးသတိလည်းရလိုက်မိတာကိုး။
အဲဒီပုံပြင်ကလေးကတော့ တစ်ခါတုန်းက အသက် ၅၀ အရွယ် လူတစ်ယောက်ဟာ
တည်ဆောက်နေဆဲဖြစ်တဲ့ နှစ်ထပ်တိုက်ကြီးတစ်လုံးရှေ့မှာ မတ်တတ်ရပ်ပြီး
ဆောက်လုပ်ရေးအလုပ်သမားတွေ လုပ်ငန်းခွင်ဝင်နေတာ ကို ကြည့်နေပါတယ်။
သူ့ဘေးမှာလည်း ပြောင်ဝင်းနေတဲ့ အနက်ရောင်ကားကြီးတစ်စီးကလည်း
ရပ်ထားလို့ပေါ့။ ဒီလူဟာ စီးကရက် တော်တော်ကြိုက်ပုံရပါတယ်။ ညာဘက်လက်က
မီးညှိထားတဲ့ စီးကရက်ကို ကိုင်ထားပြီး ဘယ်ဘက်လက်က အလိပ် ၅၀ ၀င် စီးကရက်
သံဘူးကို ကိုင်ထားပါတယ်။ သူဟာ ဆေးလိပ်ကို အားပါးတရ ရှိုက်ဖွာပြီး
အဆောက်အအုံကြီးဆောက်နေတာကို မလှမ်းမကမ်းကနေ ရပ်ကြည့်နေပါတယ်။ တကယ်တော့ သူဟာ
ဒီတိုက်ပိုင်ရှင်ကြီးဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး
လည်းဖြစ်ပါတယ်။
အဲဒီအချိန်မှာ သူ့အနားကို အ၀တ်အစား
နွမ်းနွမ်းပါးပါးနဲ့လူတစ်ယောက် စက်ဘီးအစုတ်လေးနဲ့ ရောက်လာပါတယ်။
နောက်စက်ဘီးပေါ်ကဆင်းပြီး စီးကရက်သောက်နေတဲ့လူကို စကားမရှိစကားရှာပြောပြီး
မိတ်ဆွေဖွဲ့ပါ တယ်။ နောက် အဲဒီလူ စီးကရက်သောက်တဲ့ကိစ္စနဲ့ပတ်သက်တာတွေ
အမျိုးစုံလျှောက်မေးပြီး 'လွန်ခဲ့တဲ့နှစ် ၂၀ ကတည်းက ခင်ဗျားတစ်ရက်ကို
ခုလိုစီးကရက် အလိပ် ၅၀ မသောက်ခဲ့ဘူးဆိုရင် ခုချိန်မှာခင်ဗျား ဒီလို
တိုက်ကြီးတစ်လုံး ထပ်ပိုင်နေပြီ'လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူဌေးကြီးက
ခင်ဗျားရော ဆေးလိပ်သောက်တတ်သလားလို့ မေးပါတယ်။ စက်ဘီးနဲ့လူက
တစ်သက်နဲ့တစ်ကိုယ် ဆေးလိပ်တစ်လိပ်ကုန်အောင်တောင် မသောက်ဖူးပါဘူးလို့
ပြန်ဖြေပါတယ်။ နောက် သူဌေးကြီး ဆက်မေးလိုက်တဲ့ ဒုတိယမေးခွန်းကြောင့်
စက်ဘီးနဲ့လူလည်း စက်ဘီးပေါ်အမြန်ပြန်တက်ပြီး တစ်ချိုးတည်း သုတ်ခြေတင်ရပါပြီ။
အဲဒီမေးခွန်းကတော့ 'ဒါဆိုခင်ဗျားမှာလည်း
အဲဒီလိုတိုက်ကြီးတစ်လုံးရှိမှာပေါ့နော်'လို့ ဖြစ်ပါတယ်။
အိမ်တစ်ဆောင်ဆောက်တော့မယ်ဆိုရင် အုတ်မြစ်ကို အရင်ခိုင်ခိုင်ချသင့်တယ်လို့
ထင်ပါတယ်။ အုတ်မြစ်မချဘဲ အိမ်တိုင်ကိုဖြစ်သလို
မြေကြီးထဲအပြေးအလွှားထိုးစိုက်ပြီး အမိုးမိုးလို့ကတော့ ...
|
တကယ်တော့ ကိုယ်တို့တစ်တွေဟာ ပင်ကိုယ်စွမ်းရည်ရှိကြပြီးဖြစ်ပေမယ့်
တိုက်ကြီးတစ်လုံးမှ ပိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ခုချိန်ခါမှာ
ဒီလိုတိုက်ကြီးတစ်လုံးပိုင်နိုင်တဲ့ အရိပ်အရောင်တွေသန်းလာပြီမို့
အားလုံးစိတ်ဓာတ်တက်ကြွနေ ကြတာမဆန်းလှပါဘူး။ တကယ်တော့ ကိုယ်တို့တစ်တွေဟာ
နိုင်ငံတကာစီးပွားရေးဘောလုံးပြိုင်ပွဲကြီးမှာ ၀င်ကန်နေကြတာနဲ့လည်း
အလားသဏ္ဌာန်တူနေပါတယ်။ ဒီဘောလုံးပွဲကြီးမှာ ကိုယ့်နိုင်ငံက
အားကစားသမားတွေအားလုံးဟာ စီးပွားရေးဂိုးပေါက်တည့်ဖို့ ကိုယ့်နိုင်ငံအတွက်
စီးပွားရေးဂိုးတွေ အများကြီးသွင်းနိုင်ဖို့ အပြင်းအထန်
ကြိုးစားရုန်းကန်နေကြတာကိုတွေ့ရတော့ ကိုယ်လည်းဝမ်းသာအားရ
ဖြစ်မိတာအမှန်ပါပဲ။
ဒီအကြာင်းကိုတွေးမိရင်းနဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က ကိုယ်ကြုံတွေ့ခဲ့ရတဲ့
အဖြစ်အပျက်လေးတစ်ခုကိုလည်း သတိရမိပြန်ပါတယ်။ အဲဒါကတော့ ကိုယ်တို့နိုင်ငံကို
လေ့လာရေးလာတဲ့ မလေးရှားက ပုဂ္ဂိုလ်ကြီးတစ်ဦး
ကိုယ့်ကိုစကားတစ်ခွန်းပြောသွားတဲ့ ဖြစ်ရပ်လေးတစ်ခုပါပဲ။ သူဟာ
ကိုယ့်နိုင်ငံကိုလေ့လာရေးလာတဲ့ သင်တန်းသားအရာရှိ ၈၀ လောက်ပါတဲ့
မလေးရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသူလည်း ဖြစ်ပါတယ်။
နည်းနည်းရင်းနှီးလာတဲ့အခါမှာ ကိုယ့်ကို အဲဒီစကားတစ် ခွန်းပြောသွားခဲ့တာပါ။
အဲဒါကတော့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရသွားပြီးတဲ့နောက် တစ်နှစ်
နှစ်နှစ်လောက်အတွင်းမှာ သူတို့နိုင်ငံလည်း လွပ်လပ်ရေးယူမယ်ဆိုရင်
ယူလို့ရပါတယ်တဲ့၊ ဒါပေမယ့် မယူခဲ့ကြဘူးတဲ့။ လွတ်လပ်ရေးရပြီးတဲ့နောက်
ကျင့်သုံးရမယ့်စနစ်နဲ့ ပြည်သူလူထု အကျွမ်းတ၀င်အသားတကျဖြစ်သွားအောင်
တမင်စောင့်ပြီး ကိုယ်တို့ လွတ်လပ်ရေးယူပြီးတဲ့နောက် ကိုးနှစ်ကြာမှ
သူတို့နိုင်ငံလွတ်လပ်ရေးယူခဲ့တာတဲ့၊ ဒါကြောင့် ဘာပြဿနာမှ မပေါ်တော့ဘဲ
နိုင်ငံတစ်ဟုန်ထိုး တိုးတက်သွားခဲ့တာလို့ ကိုယ့်ကိုပြောပြသွားခဲ့တာပါ။
သူပြောတာ မှန်မမှန်ဆိုတာကို မဆွေးနွေးချင်ပေမယ့် တွေးတာကတော့
တွေးဖြစ်ရပါပြီ။ ကိုယ်တို့လွတ်လပ်ရေးရပြီးတဲ့နောက် တိုင်းပြည်မငြိမ်မသက်နဲ့
ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။ ခုတစ်ခါဟာလည်း စီးပွားရေး နယ်ပယ်မှာ
လွတ်လပ်ရေး ရသွားတာမျိုးနဲ့ တူမနေပေဘူးလား။ နောက်ကျင့်သုံးမယ့်
စီးပွားရေးစနစ်နဲ့ ကိုယ်တို့တစ်တွေ အကျွမ်းတ၀င် အသားတကျဖြစ်သွားအောင်
အရင်မလုပ်သင့်ဘူးလား။ ခုတစ်ခါမှာတော့ အရင်တစ်ခါလို
ရောင်စုံသူပုန်တွေထမှာတော့ မဟုတ်တော့ဘူး။ တိုင်းပြည်ကတော့
တိုးကိုတိုးတက်လာမှာပဲ။ဒါပေမယ့် စီးပွားရေးစနစ်သစ်နဲ့ အကျွမ်းမ၀င်သေးတဲ့
ကိုယ်တို့တစ်တွေက ချမ်းသာမလာဘဲ ဆင်းရဲမြဲ ဆင်းရဲနေပြီး နိုင်ငံခြားသားတွေပဲ
ကိုယ့်တိုင်းပြည်ထဲလာပြီး ချမ်းသာသွားကြရင် ဘယ်လိုလုပ်မလဲလို့
တွေးမိရပြန်ပါပြီ။
လူဆိုတာ တစ်ခါသေဖူးရင် ပျဉ်ဖိုးနားလည်ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀
နီးပါးလောက်က မန္တလေး မီးကြီးမလောင်ခင်ကာလမှာ ကိုယ့်အမျိုးတွေအားလုံး
မန္တလေးမြို့လယ်ခေါင်မှာပဲ။ အဲဒီတုန်းက နောက်ဆယ်စုနှစ် နှစ်ခု သုံးခု
လောက်ကြာရင် မန္တလေးဟာ ဒီကနေ့လို ဖြစ်လာနိုင်တယ်ဆိုတဲ့အသိ
ဘယ်သူ့ခေါင်းထဲမှာမှ မရှိခဲ့ကြဘူး။ ဒါ့ကြောင့်ကိုယ်တို့ဟာ
တစ်ခါသေခဲ့ရတာဖြစ်တယ်။ အခုတော့ မန္တလေးက ကိုယ့်အမျိုးတွေအားလုံး
မြို့သစ်ဘက်ကိုရောက်နေကြပါပြီ။ ပြီးခဲ့တဲ့ မိုးတွင်းတုန်းက မန္တလေးမှာနေတဲ့
အမျိုးတွေဆီအနှံ့ သွားလည်ပြီးတဲ့နောက် ကိုယ့်ဖိနပ်မှာ ကပ်ပါလာတဲ့
ရွှံ့စေးတွေကို ၁၅ မိနစ်နဲ့ ကုန်စင်အောင်ဆေးလို့ မပြောင်နိုင်ခဲ့ပါဘူး။ ခုတလောမှာ
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေအကြောင်း အဆက်မပြတ်ကြားလာရတဲ့အခါ
ဒီဖိနပ်ရွှံ့ကပ်တဲ့ဇာတ်လမ်းတွေက ကိုယ့်ရင်ထဲကို သောကလှိုင်းတွေနဲ့အတူ
ပြန်လည်ဝင်ရောက်လာကြပြန်ပါတယ်။
ဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကိုယ့် နိုင်ငံအတွက်
ရာနှုန်းပြည့်အကျိုးရှိပါစေလို့ ဆုတောင်းမိရင်းနဲ့ ရင်ထဲမှာဖြစ်ပေါ်လာတဲ့
စိုးရိမ်စိတ်တွေကလည်း အတွေးတချို့ကို ဖြစ်ထွန်းစေခဲ့တာပါ။
ဘယ်နေရာဘယ်ကဏ္ဍတွေမှာ အရင်စပြီး ရင်းနှီးမြှုပ်နှံဖို့သင့်တာလဲ၊
အဲဒီရင်းနှီးမြှုပ်နှံမှုအသစ်တွေက ကိုယ့်မျိုးဆက်သစ်တွေနဲ့
အံဝင်ခွင်ကျဖြစ်ရဲ့လား၊ ကိုယ့်မျိုးဆက်သစ်တွေပါ ၀င်ရောယှက်လှုပ်ရှားနိုင်တဲ့
လုပ်ငန်းမျိုးတွေဟုတ်ရဲ့လား၊ သူတို့လေးတွေ ကို အဲဒီရင်းနှီးမြှုပ်နှံမှု
အသစ်တွေက ဘယ်လိုနည်းပညာမျိုးတွေ ဖြန့်ဝေပေးနိုင်မှာလဲ၊ သူပြား ၅၀ ကိုယ်ပြား
၅၀ အကျိုးရှိမယ့် စီမံကိန်းတွေရောဟုတ်ရဲ့လားဆိုတာတွေနဲ့
အရေးတကြီးမလိုအပ်သေးတဲ့နေရာတွေမှာ ဂုဏ်ယူချင်တာသက်သက်နဲ့
ရင်းနှီးမြှုပ်နှံမိလိုက်တာမျိုး ဖြစ်နေမနေဆိုတာတွေကို အရင်အလေးအနက်ထား
စဉ်းစားသင့်တယ်လို့ ထင်မိပါတယ်။
ခုလိုပြောနေရတာကလည်း နောင် ၁၅ နှစ်လောက်ကြာတဲ့အခါ ရန်ကုန်က
ကိုယ့်အမျိုးတွေ ရွှံ့စေးတွေပေါများလှတဲ့
အရပ်ဒေသတွေလောက်ဆီမှာတောင်မဟုတ်တော့ဘဲ ရန်ကုန်နဲ့
မိုင်လေးငါးဆယ်လောက်ဝေးကွာတဲ့ မြစ်ကူးချောင်းခြား
အရပ်ဒေသတွေဆီရောက်သွားပြီး 'ပလက်စီးလွန်' တွေဖြစ်ကုန်ကြမှာ စိုးရိမ်မိလို့
ပြောနေရတာဖြစ်ပါတယ်။
ကိုယ့်တစ်ယောက်တည်းရဲ့ အယူအဆကတော့ အိမ်တစ်ဆောင်ဆောက်တော့မယ်ဆိုရင်
အုတ်မြစ်ကိုအရင်ခိုင်ခိုင်ချသင့်တယ်လို့ ထင်ပါတယ်။ အုတ်မြစ်မချဘဲ
အိမ်တိုင်ကို ဖြစ်သလိုမြေကြီးထဲ အပြေးအလွှား ထိုးစိုက်ပြီး
အမိုးမိုးလို့ကတော့ ဒီအိမ် ဟာကြာကြာခံနိုင်လိမ့်မယ် မထင်ဘူး။
ကိုယ့်နိုင်ငံမှာ အခုမှနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ
လုပ်ခါစပဲရှိသေးတယ်။ ရေရှည်တည်တန့်ဖို့ မူဝါဒတွေကို
အရင်ခိုင်ခိုင်မာမာချရဦးမယ်။ ဒီမူဝါဒတွေကို
ထုံးလိုမွှေရေလိုမနှောက်နိုင်သေးတောင်မှ အဲဒီမူဝါဒတွေကို ပြည်သူလူထုတွေ
ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားကြတဲ့ အချိန်လောက်ထိ
စောင့်ပေးရင်မသင့်ပေဘူးလား။ မလွှဲသာလို့ ရှေ့တိုးရတောင်မှ အပြေးအလွှားနဲ့
တစ်ခါတည်း စုံခုန်မချဘဲ ဖြည်းဖြည်းဖြည်းဖြည်း သွေးတိုးစမ်းချီတက်ကြရင်ကော
ဘယ်လောက်ထိများ ထပ်နောက်ကျသွားနိုင်မှာမို့လဲ။
EMG |
No comments:
Post a Comment