menu

Wednesday 15 February 2012

တရုတ်နိုင်ငံမှ ၀င်ရောက်နေသည့် စားသောက်ကုန်၊ ဆေးဝါးများ၏ အရည်အသွေးကိုလည်း မြန်မာနိုင်ငံမှ တိကျစွာစစ်ဆေးသင့်





တရားဝင်တင်သွင်းရောင်းချနေသည့် ကုန်ပစ္စည်းအချို့အားတွေ့ရစဉ်
စင်ကာပူနိုင်ငံသို့ တင်ပို့နေသည့် အရည်အသွေးစံနှုန်းများအတိုင်း ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့သော ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှထုတ်လုပ်သည့် ခေါက်ဆွဲခြောက်တစ်မျိုးအား တရုတ်နိုင်ငံမှ ၎င်းတို့ သတ်မှတ်ထားသည့် ကန့်သတ်စံနှုန်းထက် ပိုးပါဝင်မှုနှုန်း မြင့်မားနေ သည်ဟုဆိုကာ အကြောင်းကြားလာကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကြက်သားမှိုခေါက်ဆွဲခြောက်တွင် တရုတ်နိုင်ငံမှ ကန့်သတ်ထားသည့် စံနှုန်းထက် ပိုးပါဝင်မှုမြင့်မားနေကြောင်း ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ အကြောင်းလာခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားလာခဲ့ကြောင်း သိရသည်။


အကြောင်းကြားရာတွင် ခေါက်ဆွဲခြောက်ထုပ် ၀ ဒသမ ၇၄၅ တန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး စစ်ဆေးရေးနှင့် ပိုးသတ်ကာကွယ်ရေး အုပ်ချုပ်မှုဌာန(General Adiministration of Quility Supervision Inspection and Quarantine-AQSIQ) ၏ ကုန်ပစ္စည်းစစ်ဆေးမှုအရ ပိုးပါဝင်မှု ကန့်သတ်ချက်စံနှုန်း ၅၀၀၀၀ cfu\g ထက်ကျော်လွန်ကာ ၁၆၀၀၀၀ cfu\g အထိပါ ၀င်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကုန်ပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ပစ္စည်းများ၏ ကျန်းမာရေးရှုထောင့်အရ လုံခြုံစိတ်ချရမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် အာမခံနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများသို့ ဆက်လက်အကြောင်းကြားပေးရန်ဟု ပါရှိကြောင်း သိရသည်။
သို့သော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် တိကျစွာဖြင့် မည်သည့်ပိုးအမျိုးအစားပါဝင်သည်ဟု ဖော်ပြမပါရှိဘဲ ပိုးဟုသာသုံးနှုန်းထားသည်ကိုလည်း အကြောင်းကြားစာအရ တွေ့ရှိရပါသည်။ ယခုတင်ပို့သည့် ကြက်သားမှိုခေါက်ဆွဲခြောက်မှာ မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချသည့် အမျိုးအစားမဟုတ်ဘဲ ပြည်ပသို့တင်ပို့ရန် ထုတ်လုပ်သည့် ထုတ်ကုန်သစ်တစ်မျိုးသာဖြစ်ကြောင်းလည်း သိရသည်။
ရသာချိုစက်မှုလုပ်ငန်းမှ ခေါက်ဆွဲခြောက်ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့ရာတွင် ကျန်းမာရေးဆိုင်ရာ အရည်အသွေးအား တင်းကျပ်စွာစစ်ဆေးလေ့ရှိသည့် စင်ကာပူနိုင်ငံသို့ တင်ပို့လျက်ရှိသည်မှာ ၅ နှစ်တိုင်ရှိခဲ့ပြီး အရည်အသွေးပိုင်းနှင့်ပတ်သက်၍ မည်သည့်တိမ်းစောင်းမှုမှ မရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့တင်ပို့ရန် ထုတ်လုပ်ရာတွင်လည်း စင်ကာပူနိုင်ငံသို့ တင်ပို့သည့်အရည်အသွေး စံနှုန်းအတိုင်းထုတ်လုပ်ခြင်းသာဖြစ်ကြောင်း၊ ရသာချိုစက်မှုလုပ်ငန်းမှ ယခုကိစ္စနှင့်ပတ်သက်၍လည်း ဆက် လက်စုံစမ်းစစ်ဆေး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ စင်ကာပူကို တင်ပို့တာ ၅ နှစ်လောက်ရှိပါပြီ။ စင်ကာပူကတစ်ဆင့် မလေးရှားကိုတောင် ကုန်ပစ္စည်းက ရောက်ပါတယ်။ စင်ကာပူဆိုရင် စစ်ဆေးရေးဆိုင်ရာ အမျိုးမျိုးကို ဖြတ်သန်းတင်ပို့နေရတာပါ။ ကျန်းမာရေးဆိုင်ရာကိုလည်း အဓိကထားတဲ့ နိုင်ငံပါ။ ဒါပေမယ့် ဘာမှမညီညွတ်တာမရှိခဲ့ဘူး။ တရုတ်နိုင်ငံကိုတင်ပို့တာ အခုပထမဆုံးအကြိမ်ပါ။ အဲဒီလိုတင်ပို့ခွင့်ရဖို့အတွက်လည်း သူတို့တွေပြင်ဆင်ခိုင်းတဲ့အတိုင်း အထပ်ထပ် အကုန်အကျ မြောက်မြားစွာခံပြီး ပြင်ဆင်ထုတ် လုပ်ခဲ့တာပါ။ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေနဲ့အညီ ကျွန်တော်တို့ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့တင်ပို့တဲ့အခါမှာ FDA ရဲ့ထောက်ခံချက်နဲ့ စစ်ဆေးခံပြီးမှ ပို့တာပါ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကုန်ချောထုတ်လုပ်တင်ပို့နိုင်တာ နည်းပါးပါတယ်။ ကုန်ကြမ်းအတိုင်းပဲ ပို့နေကြ ရတာပါ။ အခုအကုန်အကျ အများကြီး ရင်းနှီးပြီး ကုန်ချောပို့တဲ့အခါ သူတို့လက်ခံနိုင်တဲ့ အထိ ပြင်ဆင်တင်ပို့ပြီးခါမှ အခုလိုလုပ်လာတာ၊ အခုလိုဖြစ်လာတာကို လက်မခံချင်တာပါ။ ကျွန်တော်တို့ အခုပြန်လည်ဖြေရှင်းဖို့ ပြင်ဆင်နေပါပြီ။ ကိုယ်မှန်မှန်ကန်ကန် ထုတ်ထားတာဖြစ်လို့ ပြန်စစ်ဆေးပြီး ပြန်ဖြေရှင်းဖို့ ပြင်ဆင်နေပါပြီ။ ဒီခေါက်ဆွဲခြောက်က ပြည်ပကိုပို့ဖို့ပဲ ထုတ်တာပါ''ဟု ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ယခု ဖြစ်စဉ်အပေါ် နိုင်ငံတကာတွင် ဓာတ်ခွဲစမ်းသပ်မှုများနှင့် ပတ်သက်၍ ၁၈ နှစ်တိုင် လုပ်ကိုင်လာခဲ့သည့် ပညာရှင်တစ်ဦးက''ပိုးဆိုတာ လူကိုအန္တရာယ်ကြီးကြီးမားမားပေးတဲ့ပိုးနဲ့ လူတွေရဲ့ပတ်ဝန်းကျင်မှာပဲ အမြဲရှိနေတတ်တဲ့ပိုးဆိုပြီးရှိတယ်။ တကယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ အကြောင်းကြားမယ်ဆိုရင် မြန်မာနိုင်ငံက FDA ကိုလှမ်းအကြောင်းကြားရမယ်။ ဘာလို့လည်းဆိုတော့ FDA ထောက်ခံချက်နဲ့ ပို့ထားတာလို့ ပြောထားတယ်လေ။ နှစ်ဖက်စစ်ဆေးတွေ့ရှိချက်နဲ့ ကိုက်ညီပြီးလုပ်ရမယ်။ ဒါမှ လုပ်ငန်းစဉ်က ပိုပြီးစနစ်ကျမှာပါ။ ဥပမာ လူကိုအန္တရာယ်ကြီးကြီးမားမားမပေးတဲ့၊ လူတွေရဲ့ပတ်ဝန်းကျင်မှာပဲ ရှိနေတတ်တဲ့ပိုး E.coli ပိုးဆိုရင် ကျွန်တော်တို့ လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာလဲ ရှိတာပဲ။ အိမ်တွေမှာလဲ ရှိနေနိုင်တာပဲ။ ဒီလိုပိုးမျိုးဆိုရင် ကျွန်တော်တို့က နေနေကျ၊ စားနေကျဖြစ်လို့ စားလည်းဘာမှမဖြစ်ဘူး။ နိုင်ငံခြားကလာတဲ့သူတွေ စားမိတဲ့အခါ ပိုးပါဝင်မှုများရင်တော့ ၀မ်းပျက်တာမျိုး ရှိနိုင်တာပေါ့။ ဒီလိုပိုးမျိုး တွေ့တယ်ဆိုရင်တော့ ဒီဘက်က ထုတ်လုပ်တဲ့သူတွေကို နစ်နာစေတာပဲ အဖတ် တင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခုကိစ္စကတော့ နှစ်ဖက် FDA ရလဒ်တွေအရ ပြောတာမျိုးပဲဖြစ်သင့်တယ်။ ကိုယ့်နိုင်ငံစံနှုန်းနဲ့လည်း ကိုက်တယ်၊ စင်ကာပူစံနှုန်းနဲ့လည်း ကိုက်တယ်၊ တရုတ်နိုင်ငံစံနှုန်းတစ်ခုတည်း မကိုက်တာဆိုရင်တော့ အဖြေက ရှင်းပါတယ်။ အခုက တစ်ဖက်တည်းစစ်ဆေးထားတဲ့ ရလဒ်ပဲရှိသေးတယ်'' ဟု သုံးသပ်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များအားစံနှုန်း အမျိုးမျိုးဖြင့် စစ်ဆေးသော်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်နေသည့် ကုန်စည်များကိုမူ တိကျစွာစစ်ဆေးခြင်း၊ အရည်အသွေးပိုင်းအား အာမခံချက် ရှိ မရှိ စစ်ဆေးခြင်းများ မပြုလုပ်နိုင်ဘဲ စားသုံးနေကြရကြောင်း ...
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် ကုန်စည်များအား စံနှုန်းအမျိုးမျိုးဖြင့် စစ်ဆေးသော်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်နေသည့် ကုန်စည်များကိုမူ တိကျစွာစစ်ဆေးခြင်း၊ အရည်အသွေးပိုင်းအား အာမခံ ချက် ရှိ မရှိ စစ်ဆေးခြင်းများ မပြုလုပ်နိုင်ဘဲ စားသုံးနေကြရကြောင်း၊ တရုတ်နိုင်ငံမှ အရည်အသွေးအာမခံချက်မရှိဘဲ နည်းလမ်းစုံဖြင့် ၀င်ရောက်နေသည့် ကုန်ပစ္စည်းများကိုလည်း တိကျစွာ စစ်ဆေးသင့်ကြောင်း ပြည်တွင်းရှိ ကုန်ထုတ်လုပ်သူများက ပြောကြားခဲ့ကြပါသည်။

''ကျွန်တော်တို့ဆီက ထုတ်တဲ့ ထုတ်ကုန်ကိုကျတော့ သူတို့နိုင်ငံရဲ့ စံနှုန်းအမျိုးမျိုးနဲ့စစ်တယ်။ ကျွန်တော်တို့ဆီကို တရားဝင်ရော၊ တရားမ၀င်ရော ပို့နေတဲ့ ရည်အသွေးနိမ့် စားသောက်ကုန်တွေ၊ အရည်အသွေးနိမ့် ဆေးဝါးတွေကျတော့ရော စစ်ဆေးပြီးမှ ပို့တာပဲလား။ ကျွန်တော်တို့ဆီမှာ အရည်အသွေးနိမ့် ဆေးဝါးတွေသုံးစွဲပြီး ဘယ်လောက်များ ထိခိုက်နေခဲ့သလဲ။ အရည်အသွေးမမီတဲ့ သက်တမ်းကုန်ခါနီးနဲ့ သက်တမ်းလွန် စားသောက်ကုန်တွေ ဘယ်လောက်များ စားထားပြီးကြပြီလဲ။ အခု ရသာချိုက တင်ပို့တာကို ဒီလိုပြောတယ်ဆိုရင် တရုတ်နိုင်ငံက တင်သွင်းတာတွေကို အမြန်ဆုံး အတိအကျစစ်ဖို့ လိုပါတယ်။ စစ်ပြီးမှပဲ ပို့ခိုင်းဖို့လည်း လိုပါတယ်။ စားသောက်ကုန်နဲ့ ဆေးဝါးကိုပဲ ပြောတာမဟုတ်ဘူး။ ကားကအစ အီလက်ထရွန်း နစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းအားလုံးကို စံနှုန်းနဲ့ ညီ မညီ စစ်သင့်ပါတယ်။ ကျွန်တော်တို့ကျတော့ ဘာစံနှုန်းမှန်းမသိတာကို သုံးရတယ်။ ဒီကတတ်နိုင်သလောက် စံချိန်မီအောင်ထုတ်ပြီးပို့ပြီဆိုရင် အမျိုးမျိုးအစစ်ခံရတာ၊ နည်းနည်းလေးလွဲတာနဲ့ လွဲတာကိုထောက်ပြီး ပို့ကုန်ထက် သွင်းကုန်ပဲ လုပ်စားလို့ရအောင် လုပ်တာမျိုးကတော့ ဒီအချိန်မှာ မရှိသင့်တော့ဘူး။ လွန်ခဲ့တဲ့နှစ်ကဆိုရင် မြန်မာနိုင်ငံမှာလာပြီး တရုတ်လုပ်ငန်းရှင်တွေ ကုမ္ပဏီထောင်တယ်၊ ပြီးတော့ဆေးနဲ့ကျန်းမာ ရေး အာဟာရဆိုင်ရာ ဖြည့်စွက်စာလိုဟာမျိုးကို အရည်အသွေးမစစ်ဆေးဘဲ မှောင်ခို သွင်းတယ်။ အဲဒီအတွက် စားမိသွားတဲ့သူတွေကတော့ အတုလား အစစ်လားမသိဘူး သုံးပြီးပြီ၊ သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တော့ ပြန်သွားတယ်။ ဒီက သုံးစွဲသူတွေရဲ့ ငွေကြေးတွေ ဆုံးရှုံးရတယ်။ စားသုံးမိသူတွေ နစ်နာရတယ်။ ဒါမျိုးလည်း ရှိတာပဲ။ အခုအချိန်က မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ဖို့ကိုပဲ တော်တော်လေး ရုန်းကန်နေရတာလေ။ အဲဒီလို ရုန်းကန်ပြီး ထုတ်လုပ်ရတဲ့ ထုတ်ကုန် ပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ကုန်သွယ်တာမှာ ရတဲ့အခွင့်အရေးထဲကနေ အသာစီးရအောင်လုပ်တာမျိုး အဓိပ္ပာယ်သက်ရောက်စေရင်တော့ မကောင်းဘူးပေါ့။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့လည်း သွင်းကုန်တွေကို ပြန်စစ်ဆေးသင့်တယ်''ဟု ပြည်တွင်းရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်သူ လုပ် န်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက''အခု ရသာချိုကိစ္စ ဒီလိုဖြစ်တယ်ဆိုရင် တရုတ်နိုင်ငံက ၀င်လာတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးအားလုံးကို ဘာအကြောင်းပြချက်မှမရှိဘဲ FDA အနေနဲ့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး စစ်ဆေးဖို့ စီမံလုပ်ကိုင်သင့်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။''ကျွန်တော်တို့မှာ အသေးစား အလတ်စားလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အနိုင်နိုင် ကြိုးစားနေရတဲ့အချိန်မှာ ဒါမျိုးလုပ်တာက ထုတ်လုပ်သူမှာ နစ်နာသွားနိုင်ပါတယ်။ အဓိက အချက်ကတော့ နှစ်ဖက် FDA စစ်ဆေးပြီးမှ ကိုယ့်နိုင်ငံက သတ်မှတ်တဲ့စံနှုန်းနဲ့ အားလုံးကိုက်တယ်၊ သူတို့နိုင်ငံက စံနှုန်းနဲ့ပဲ အနည်းအကျဉ်းလွဲတယ်ဆိုရင် ဒီလိုမျိုး ပဲဖြစ်သင့်တာပါ။ စံနှုန်းဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်''ဟု မွေးမြူရေးပို့ကုန်များ တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
''ကဏန်းအရှင် တရုတ်နိုင်ငံကို တင်ပို့တော့ ကဏန်းမှာ ပိုးပါလို့ တားတယ်။ ကဏန်းအရှင်မှာ ဘယ်ပိုးကပါမလဲ၊ ကဏန်းအရှင်မှာ ပိုးပါတာ ဘယ်လိုစစ်သလဲ။ အဲဒီလို တစ်ချက်လုပ်လိုက်တာနဲ့ ကဏန်းလုပ်ငန်းရှင်တွေ အထိနာခဲ့ရဖူးတယ်။ ပို့စေချင်ရင် တစ်မျိုးဖြစ်နေပြီး မပို့စေချင်ရင် တစ်မျိုးလို့တောင် ပြောရမလိုဖြစ်နေတယ်''ဟု ကဏန်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။ ယခုအခါ ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှလည်း လိုအပ်ချက်များအားလုံးကို အသေးစိတ်စစ် ဆေးလျက်ရှိကြောင်း၊ အဆိုပါအသေးစိတ် အချက်အလက်များဖြင့် ပြန်လည်ဖြေရှင်းရန် ပြင်ဆင်နေကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis