menu

Wednesday 15 February 2012

လယ်ယာမြေဧက ၁၀၀ နီးပါးကိုဖြတ်၍ လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ လယ်ပိုင်ရှင်နှင့် လယ်သမား ၄၉ ဦးတို့က ကန့်ကွက်စာတွင် လက်မှတ်ထိုးထား




4463
လမ်းဖောက်လုပ်ရန် အတွက် တိုင်းတာနေမှုများကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အတွင်းက တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လယ်ယာမြေ ဧက ၁၀၀ နီးပါး ကို ဖြတ်၍ ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာနှင့် သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတို့ ဆက်သွယ်မည့် လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ခရမ်းမြို့နယ်အတွင်းရှိ လယ်ပိုင်ရှင်နှင့် လယ်သမား ၄၉ ဦးတို့က ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရှေ့တွင်ကန့်ကွက်စာ၌ လက်မှတ်ရေး ထိုးထားကြောင်း လယ်သမားများ ထံမှ သိရှိရသည်။

အဆိုပါ ကန့်ကွက်ကြောင်းကို လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(နေပြည်တော်)၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးသိန်းညွန့်တို့ထံ တိုင်ကြားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ လမ်းဖောက်လုပ်ခြင်းအားဖြင့် လယ်ဧက ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးမည် ဖြစ်သောကြောင့် လယ်သမားများ လုပ်ကိုင်စားသောက်ရန် အခက်အခဲများနှင့် ကြုံတွေ့လာရနိုင်သောကြောင့် ထိုသို့ ကန့်ကွက်စာ လက်မှတ်ရေးထိုး တိုင်ကြားရခြင်း ဖြစ်ကြောင်း လယ်သမားများက ဆိုသည်။
“ပိန်းကန်နဲ့ ပုဂံတောင်ကြားမှာ အေးရွာကျေးရွာနဲ့ စွယ်ကတော့ရွာတွေ ရှိတယ်။ အဲဒီရွာ နှစ်ရွာက လယ်တွေဟာ လမ်းဖောက်မယ့် လမ်းအူကြောင်းထဲမှာ အများကြီးပါနေတယ်။ သူတို့ကတော့ ဒီလမ်းဖောက်ရင် ရွာသားတွေအတွက် ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုပြီး ပြောတယ်။ တကယ် က ကျွန်တော်တို့ရွာတွေက နေ ခရမ်းကို သွားချင်တာပဲဖြစ်ဖြစ်၊ ရန်ကုန်ကို သွားချင်တာပဲဖြစ်ဖြစ် လမ်းပန်းဆက်သွယ်ရေးက အဆင်ပြေပြီးသားပါ။ အရင် လမ်းဟောင်း ၃၂ တာလမ်းဆိုတာလည်း ရှိပြီးသားပါ။ တကယ်ဆိုရင် ဒီလမ်းက ကျွန်တော်တို့အတွက် မဖြစ်မနေ လိုအပ်တဲ့လမ်း မဟုတ်ပါဘူး။ ဒီလမ်းဖောက်မယ်ဆိုရင် ကျွန်တော်တို့ နှစ်ရွာပေါင်းရင် လယ်မြေ ဧက ၁၀၀ လောက် ဆုံးရှုံးရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ လယ်သမားတွေနဲ့ လယ်ပိုင်ရှင်တွေ စုပေါင်းလက်မှတ်ထိုးပြီး ကန့်ကွက်စာမှာ လက်မှတ်ရေး ထိုးထားပါတယ်။ အဲဒီစာကို လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြား သွားမှာဖြစ်ပါတယ်”ဟု အေးရွာ ကျေးရွာမှ လယ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ ဖောက်လုပ်မည့်လမ်း မှာ လမ်းမျက်နှာဝ ပေ ၃၀၊ လမ်း ပုခုံးတစ်ဖက် ၁၅ ပေရှိမည် ဖြစ်သောကြောင့် စုစုပေါင်း ပေ ၆၀ ဖောက်လုပ်ရမည် ဖြစ်ကြောင်းနှင့် လယ်ဧက ၁၀၀ နီးပါး ဆုံးရှုံးမည်ဟု သိရသည်။ 
EMG 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis