menu

Sunday 8 January 2012

ခေါင်းဆောင်သစ်အတွက် အခွင့်ကောင်းသစ်(မောင်ကြွယ်စိုး)

b39_12
  အရှေ့ဘက် အရပ်မှာပဲဖြစ်ဖြစ်၊ အနောက်ဘက် အရပ်မှာပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်ရှိ ဘယ်အရပ်ဒေသမှာမဆို အာဏာကို အကြွင်းမဲ့ ချုပ်ကိုင်ထားတာ၊ အခြေခံလူ့အခွင့်အရေးတွေ ပိတ်ပင်ထားတာ၊ ပြီးတော့ ခေါင်းဆောင်တွေရဲ့ သြ၀ါဒတွေကို အာဂုံဆောင်ခိုင်းတာ၊ ဆောင်ပုဒ်တွေကို နေရာအနှံ့မှာ ရေးထိုးထားတာတွေအပြင် မိမိတို့ရဲ့ ခေါင်းဆောင်ကြီးဟာ ဘယ်လောက်ကြီးမြတ်ကြောင်း၊ ထူးချွန်ကြောင်း၊ အတွေးအခေါ် အယူအဆ မှန်ကန်ကြောင်း ချီးကျူး ထောပနာပြုတဲ့ စာအုပ်တွေ၊ အသံလွှင့်ချက်တွေ၊ ရုပ်ရှင်တွေ ရိုက်ကူးပြသဖို့အတွက် ရေဒီယို၊ သတင်းစာ နဲ့ရုပ်သံတွေဟာ ၀ါဒဖြန့်ချိဖို့ အကောင်းဆုံးလက်နက် ဖြစ်ခဲ့ပါတယ်။

ဆိုဗီယက်မှာ စတာလင်နဲ့ တခြားခေါင်းဆောင်တွေကို အမွှမ်းတင်ခဲ့သလို၊ တရုတ်ပြည်မှာလည်း မော်စီတုန်းရဲ့ ဘုန်းတော်ဘွဲ့တွေ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီပုံစံမျိုး မြောက်ကိုရီးယားနိုင်ငံမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကင်အီလ်ဆွန်းနဲ့ သားကင်ဂျုံအီလ်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးထောပနာပြုတဲ့အကြောင်းတွေကို အဲဒီနိုင်ငံရှိ ပြည်သူတွေ၊ နိုင်ငံသားတွေက မကြားချင်အဆုံး၊ မမြင်ချင်အဆုံးဖြစ်ခဲ့ပါတယ်။
ယခုတော့ သင်္ခါရတရား မလွန်ဆန်နိုင်တော့ဘဲ ကင်ဂျုံအီလ်ဟာလည်း သူ့ဖခင် ကင်အီလ်ဆွန်း သွားနှင့်တဲ့ မရဏာလမ်းခရီးကို သွားခဲ့ပြီဖြစ်ပါတယ်။ သေသူတွေက သေခဲ့ပြီ။ ရှင်ကျန်နေတဲ့ပြည်သူတွေရဲ့ ခရီးကတော့ ယခင်ကလိုပဲ ရှိနေမှာလား။ ဘာတွေများဖြစ်လာမှာလဲ။ ပြောင်းလဲ  မှုတစ်ရပ် ကြုံတွေ့ရမှာလားဆိုတာက ပိုပြီး အရေးပါလာပြီဖြစ်ပါတယ်။  ယဉ်ကျေးမှု တော်လှန်ရေး ခေတ်ကာလတုန်းက မော်စီတုန်းရဲ့ သြ၀ါဒလိုက်နာပြီး ဘာပဲလုပ်လုပ် အောင်မြင်မှုရှိတယ်။ မော်ဟာ ဘာမဆို ဖန်တီးပေးနိုင်တဲ့ လူအဖြစ် တင်စားခဲ့ကြဖူးပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုဟာ လက်ဝဲ၀ါဒရဲ့ ဆိုးသွမ်းတဲ့ လက္ခဏာချက် တစ်ရပ်ဖြစ်ပြီး အာဏာကို မက်မောတဲ့ အာဏာရှင်တွေအတွက်ကတော့ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုခံရတာကို ၀မ်းပန်းတသာ လက်ခံခဲ့ပြီး အဲဒီလိုပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုရှိအောင်လည်း လုပ်ခဲ့တယ်။ မိမိကို လုပ်ငန်းတွေကို ဖြန့်ချိဖို့ မီဒီယာတွေကိုလည်း အသုံးပြုခဲ့တာဖြစ်ပါတယ်။ စာပေ၊ အနုပညာနဲ့ သတင်းမီဒီယာတွေဟာ ၀ါဒဖြန့်ချိရေး Propaganda  လုပ်ဖို့ တာဝန်တွေ ရှိလာပါတယ်။ ပြုံယမ်းမှာဆိုရင် မနက်မိုးလင်းတာနဲ့ အသံလွှင့်စက်ကနေပြီး ကင်ဂျုံအီလ်ရဲ့ အကြောင်းတွေကို ထုတ်လွှင့်ခဲ့ပါတယ်။ ကင်ဂျုံအီလ် ဂေါက်သီးရိုက်တဲ့ နေရာမှာ ထူးချွန်ကြောင်း၊ တစ်ချက်တည်းနဲ့ တွင်းဝင်သွားကြောင်း လွှင့်ထုတ်ရှိပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် လုံးဝမရှိပါဘူး။

ပြောင်းလဲဖို့အခွင့်အလမ်းကို လက်လွှတ်မယ်ဆိုရင် အာရှမှာ ပြုံယမ်းဟာ အထီးကျန်နေမှာဖြစ်သလို ပြည်သူတွေအတွက်သာမက ပြုံယမ်းအစိုးရအတွက်ပါ အခက်အခဲတွေများစွာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်
အထူးသဖြင့် ရုပ်ရှင်၊ ဂီတ၊ ဘာသာရေး လွတ်လပ်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ဗီဒီယိုတွေဆိုရင် တရုတ်နိုင်ငံကနေ မှောင်ခိုသွင်းယူခဲ့တာရှိပြီး တရားမ၀င် ခိုးကူးခွေတွေကို လက်ဝယ်ဖမ်းဆီးမိရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရတဲ့အထိ ကြီးမားတဲ့ ပြစ်ဒဏ်ကျခံရပါတယ်။ ကင်အီလ်ဆွန်း ကွယ်လွန်ပြီးတဲ့နောက် သားဖြစ်သူ ကင်ဂျုံအီလ်က ဖခင်အရိုက်အရာ ဆက်ခံပါတယ်။ ကင်ဂျုံအီလ် ရာထူးရယူချိန်မှာပဲ ပြည်တွင်းနဲ့ ပြည်ပမှာရှိသူတွေက မနက်ဖြန် သဘက်ခါဆိုရင်ပဲ မြောက်ကိုရီးယားနိုင်ငံမှာ အုပ်စိုးနေဆဲ အစိုးရပျက်ကျသွားမှာပဲလို့ ဝေဖန်သုံး သပ်ကြပါတယ်။ တချို့ကလည်း ကင်ဂျုံအီလ်ရဲ့ အုပ်ချုပ်မှု သက်တမ်းဟာ နှစ် ၂၀ ပဲ ခံမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။
ကင်ဂျုံအီလ်မရှိတော့တဲ့ ပြုံယမ်းမှာ သူ့နေရာ ဆက်ခံဖို့ သူ့သားဖြစ်သူ ကင်ဂျုံအွန်က ဆက်ခံတော့မှာ ဖြစ်ပါတယ်။ နျူလက်နက် ကိစ္စ၊ ဒုံးကျည် ကိစ္စတွေဟာ နိုင်ငံတကာအတွက် အရေးပါတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
ခြောက်နိုင်ငံ နျူဆွေးနွေးပွဲကိစ္စကိုလည်း ခေါင်းဆောင်သစ်က ဘယ်လိုလုပ်ဆောင်မလဲဆိုတာ အရေးပါတဲ့ကိစ္စ ဖြစ်နေပါတယ်။ ကင်အီလ်ဆွန်း၊ ကင်ဂျုံအီလ်တို့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ ခေါင်းဆောင်သစ်လက်အောက်မှာ ဘယ်လိုရှင်သန်ရမလဲ၊ ပြောင်းလဲမှုတစ်ခုရရှိအောင် လုပ်ဆောင်ကြမှာလား ဆိုတာကတော့ မြောက်ကိုရီးယားပြည်သူတွေရဲ့ အရေးကိစ္စပဲဖြစ်ပါတယ်။
အာရှတိုက်မှာကော၊ အာရပ်ကမ္ဘာမှာကော ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြသလို တချို့အရပ်တွေမှာလည်း ပြောင်းလဲဖို့ တာစူနေကြပါပြီ။ ၀ါရှင်တန်ကလည်း အာရှအရေးကို အရေးထားလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တာမို့ ပြုံယမ်းအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ပြောင်းလဲဖို့ အခွင့်အလမ်းကို လက်လွှတ်မယ်ဆိုရင် အာရှမှာ ပြုံယမ်းဟာ အထီးကျန်နေမှာဖြစ်သလို ပြည်သူတွေအတွက်သာမက ပြုံယမ်းအစိုးရအတွက်ပါ အခက်အခဲတွေများစွာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အထီးကျန်နေတဲ့ မြောက်ကိုရီးယားကို ပေကျင်းက အားပေးနေမယ်ဆိုရင်တော့ တရုတ်စီးပွားရေးသမားတွေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးကနေ အခွင့်အလမ်းကောင်းတွေ ရနေမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေအတွက်ကတော့ စီးပွားရေးအကျပ်အတည်းကို ဆက်လက်ရင်ဆိုင်နေရမှာပဲ ဖြစ်ပါတယ်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis