menu

Sunday 8 January 2012

ရေအောက်သွားရေယာဉ် စမ်းသပ်မှုကုန်ကျစရိတ်အား ရေကြောင်းပညာတက္ကသိုလ်မှ ပံပိုးပေး

 ရေကြောင်းအင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသားများ၏  ရေအောက်သွားရေယာဉ်နှစ်မျိုးစမ်းသပ်မှု့အတွက် ကုန်ကျစရိတ်များကို ရေကြောင်းပညာတက္ကသိုလ်မှ ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။


“ကုန်ကျစရိတ်ကတော့ ခြောက်သိန်းဝန်းကျင်လောက်ရှိတယ်၊ အခြားစမ်းသပ်မှုတွေလည်း ပြုလုပ်နေပါတယ်၊ ဒါပေမယ့် ရေအောက်သွားရေယာဉ်တီထွင်စမ်းသပ်မှု့ကတော့ အထင်ရှားဆုံးပဲ၊၊ ပုံမှန်အနေနဲ့ သင်္ကြန်ပြီးတဲ့ ကာလ ဆိုရင် Project အသစ်တွေ အကောင်အထည်ဖော်လေ့ရှိတယ်” ဟု ဒေါက်တာ သုဟန်ထွန်းမှ ပြော သည်။

စမ်းသပ်မှုပြုလုပ်ခဲ့သည့် ကျောင်းသားများအနေဖြင့် ရေယာဉ်နှစ်မျိုးအနက် Remotely Operated Vehicle (ROV) ကို ပထမဆုံးစမ်းသပ်ခဲ့ကြောင်းနှင့် အဆိုပါရေယာဉ်မှ  လူမရောက် နိုင်သောနေရာများ၊ ပင်လယ် အတွင်း အန္တရာယ်ရှိသောနေရာများ ရေအောက်ကြမ်းပြင် အလွန်နက်သောနေရာများရှိ ပစ္စည်းများကို ဆယ်ယူ နိုင်ကြောင်း သိရှိရသည်။

အဆိုပါ ရေအောက်သွားရေယာဉ်များကို တည်ဆောက်ခြင်းဖြင့် ရေအောက်ရှိ လူသွားရောက်ရန် ခက်ခဲသော နေရာများသို့ ၀င်ရောက်ကြည့်ရှု့လေ့လာနိုင်ရန်၊ ရေအောက်ရှိ အန္တရာယ်ရှိသောနေရာများသို့ ချဉ်းကပ်လေ့လာ ရန်၊ ရေအောက်ရှိ သယံဇာတများဖော်ထုတ်ရန်၊ ပစ္စည်းများကိုဆယ် ယူရာတွင် အသုံးပြုရန်နှင့် အခြားအာရုံခံ ကိရိယာများ တပ်ဆင်၍ ရေအောက်တွင် လိုအပ်သလို အသုံးပြုနိုင်ရန် ရည်ရွယ်၍ စမ်းသပ်ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။


“ကျွန်တော်တို့ ဒီစမ်းသပ်မှု့ကို ကျောင်းသား ၅ ယောက်နဲ့ ပြုလုပ်ခဲ့တာပါ၊ နိုင်ငံတကာမှာ စမ်းသပ်မှု့တွေ ပြုလုပ်နေတယ်၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ပြုလုပ်သင့်တယ်၊ ဒီ Project က (၆)လလောက် ကြာအောင် စမ်းသပ်မှု့တွေ ပြုလုပ်ခဲ့ရတယ်”ဟု စမ်းသပ်မှုတွင်ပါဝင်ခဲ့သည့် ကျောင်းသားတဦးဖြစ်သူ ဝေဖြိုးကျော် မှပြော သည်။

အဆိုပါ စမ်းသပ်မှုမှာ ပထမဆုံးဆုံးအကြိမ် စမ်းသပ်မှု့ ဖြစ်သော်လည်း ရေအောက်တွင် ကောင်းစွာ လုပ်ကိုင်နိုင်ကြောင်း နောက်ပိုင်းတွင် ၎င်းအား စက်ရုပ်လက်တံများတပ်ဆင်ခြင်း၊ ကင်မရာများတပ်ဆင်ခြင်း အစရှိသည့် လိုအပ်သော ပစ္စည်းကိရိယာများကို တပ်ဆင်၍ ရေအောက်ရှိ မည်သည့်နေရာမဆို ကြည့်ရှု့နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ကြောင်း ကျောင်းသားများက ဆိုသည်။

ထို့နောက် Unmanned Underwater Vehicle (UUV) သည် သူ၏လမ်းကြောင်းအားရှာဖွေ၍ အလုပ်လုပ်နိုင်ပြီး လုပ်ငန်းပြီးစီးအောင် လုပ်ကိုင်ပြီးပါက လူမှ ထိန်းချုပ် မောင်းနှင်ရန်မလိုပဲ မှုလနေရာသို့ ပြန်လည်ရောက်ရှိ နိုင်မည့် အခြေအနေထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြစ်မခ သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis