menu

Sunday 8 January 2012

ELEVEN MEDIA GROUP ၏အသိပေးကြေငြာချက်

Eleven Media Group သည် "Truth, nothing but the truth"  အမှန်တရားမှလွဲ၍ မှန်သည့်အရာ ဘာမှမရှိ ဟူသော ခိုင်မာသည့်မူဝါဒဖြင့် မီဒီယာသက်တမ်း ၁၂ နှစ်တာကာလကို ဖြတ်သန်းခဲ့သည်ကို အစိုးရ၊ အတိုက်အခံနှင့် အများပြည်သူအားလုံး သိရှိပြီးဖြစ်ပါသည်။ Eleven Media Group ၏  နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများအပေါ်ထားရှိသော စေတနာ၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ဆန္ဒတို့ဖြင့် လုပ်ဆောင်ခဲ့သည် များကို မျက်ကွယ်ပြုကာ နိုင်ငံ၏ အပြောင်းအလဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍကို လက်သင့်မခံနိုင်သော သဘောထားသေးသိမ်သူအချို့သည် Eleven Media Group နှင့်
ဦးဆောင်ပုဂ္ဂိုလ် ဒေါက်တာသန်းထွဋ်အောင်တို့အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ၊ အကျိုးစီးပွားပျက်စီးအောင် ပြုလုပ်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။
အဆိုပါ မသမာသောစိတ်ဓာတ်နိမ့်ကျသူအချို့တို့သည် မကြာသေးမီက သတင်းတစ်ပုဒ် လုပ်ကြံဖန်တီးရေးသားကာ Yangon Chronicle , transparencymyanmar2010.blogspot.com, www.thithtoolwin.com  တို့မှတစ်ဆင့် 'ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင်ညွှန်ကြား' ဟူသော အခြေအမြစ်မရှိသည့် သတင်းအမှားတစ်ခုအား ရေးသားဝါဒဖြန့်ချိခဲ့ကြသည်။
Eleven Media Group  အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားရန် လုပ်ဆောင်ခဲ့ခြင်းမရှိသလို ယင်းတို့မှာ Eleven Media Group  ၏ မူဝါဒမဟုတ်ကြောင်း စာဖတ်ပရိသတ်များ သိရှိပြီးဖြစ်ပါသည်။
Eleven Media Group  ၏ '၂၀၁၁ ထင်ရှားကျော်ကြားကဏ္ဍ' တွင် ပါဝင်သော "Person of  the Year" သည် သမ္မတဦးသိန်းစိန်အပေါ် Eleven Media Group ၏ ရပ်တည်မှုအမြင်ဖြစ်သလို 'အမျိုးသားပြန်လည် သင့်မြတ်ရေး၊ NLD ပါတီ မှတ်ပုံတင်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ' သည်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် Eleven Media Group  ၏ ရပ်တည်ချက်ဖြစ်ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လုပ်ဆောင်ချက်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များအပေါ်၌ Eleven Media Group  အနေဖြင့် ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်ရန် အကြောင်းမရှိပါ။ အမြင်သဘောထားကွဲလွဲရန်လည်း အကြောင်းမရှိပါ။ သို့ရာတွင် လွတ်လပ်သော သတင်းမီဒီယာတစ်ခုအနေဖြင့် လုပ်ဆောင်ချက် အကောင်းအဆိုးများအပေါ်၌ ဝေဖန်ရေးသားပိုင်ခွင့်ရှိသည်ကိုမူ မမေ့လျော့စေလိုပါ။ ထို့ကြောင့် Eleven Media Group  နှင့် ဦးဆောင်ပုဂ္ဂိုလ် ဒေါက်တာသန်းထွဋ်အောင်တို့အပေါ် အခြေအမြစ်မရှိသော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံဖန်တီးရေးသားဖော်ပြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ဥပဒေများအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး ရှင်းလင်းအပ်ပါသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis