menu

Sunday 29 January 2012

ထိုင်းတွင် တရုတ်နှစ်သစ်ကူးပွဲ စဉ်နွှဲစဉ် မီးရှူးမီးပန်းများကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးပြီး အိမ်ခြေငါးဆယ်ခန့် ပျက်စီး





ထိုင်းနိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲစဉ်အတွင်း မီးရှူး မီးပန်း ပစ်လွှတ်ချိန်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူသုံးဦး သေဆုံးပြီး  လူ ၄၀ ခန့် ထိခိုဏ်ဒဏ်ရာရရှိခဲ့ကြောင်း ရဲများက ပြောကြား ခဲ့သည်။ မီးရှူး မီးပန်းပေါက်ကွဲမှုမှ မီးတောက်အစ အနများလွင့်စဉ်မှုကြောင့် Suphan Buri  ပြည်နယ်ရှိ တရုတ်ဘုံကျောင်း အနီးဝန်းကျင်ရှိ အိမ်များတွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ကာ အိမ်ခြေ ၅၀ ခန့် ပျက်စီးခဲ့ကြောင်းသိရသည်။

အိမ်ခြေအလုံး ၂၀ မှာ မီးလောင်ကျွမ်းမှုကြောင့် အလုံးစုံပျက်စီးခဲ့ပြီး ကျန်အိမ်ခြေ ၃၀ မှာ ပျက်စီးမှုများဖြစ်ခဲ့ကြောင်း TNN သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ မီးရှူးမီးပန်းများမှ မီးတောက် အစအနများသည် တရုတ်ဘုံကျောင်းနောက်ရှိ လူနေအိမ်ခေါင်မိုးများပေါ်ကို တစ်သွင်သွင် ကျဆင်းလာခြင်းကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
''ပေါက်ကွဲမှုဟာ မတော်တဆ ဖြစ်ပွားမှုတစ်ခုလို့ ထင်ပါတယ်။ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စောင့်ကြည့်နေရဦးမယ်''ဟု ဒေသဆိုင်ရာရဲမှူးကြီး Reera Butrpho က ပြောကြားခဲ့သည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အချို့မှာ မီးရှူးမီးပန်းပစ်လွှတ်မှုကို လာရောက်ကြည့်ရှုသည့် ပွဲပရိသတ်များထဲမှဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သေဆုံးသူ သုံးဦးမှာ မီးရှူးမီး ပန်းပစ်လွှတ်သည့်အဖွဲ့မှဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူတစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း TNN သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
မီးလောင်ပျက်ဆီးခဲ့သည့် အိမ်ခြေများအတွက် တဲများဆောက်လုပ်ပေးရန် ညွှန်ကြားခဲ့သည်ဟု Suphan Buri အုပ်ချုပ်ရေးမှူး Som-sak Phureesrisak က ပြောကြားခဲ့သည်။ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပသည့် အခမ်းအနားသို့ ထိုင်း ဒုတိယ၀န်ကြီးချုပ် Chumpol Silpa-archa နှင့် ၎င်း၏အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း Banharn Slipa-archa တို့ တက်ရောက်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် တရုတ်လူမျိုးစုများစွာ နေထိုင်ကြသည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis