menu

Sunday 29 January 2012

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်စတင်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ပြင် နိုင်ငံရေးခရီးစဉ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်န၀ါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်နေ့တွင် နိုင်ငံရေးခရီးစဉ် စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် 29.1.2012 နံနက် (၈)နာ၇ီတွင် လေယာဉ်ဖြင့် ထားဝယ်လေဆိပ်သို့ရောက်ရှိလာပြီး NLD ထားဝယ်ရုံး ဥက္ကဌ ဦးဘစိန်နှင့် အသင်းသူ အသင်းသားများ ပြည်သူများမှ ကြိုဆိုခဲ့ပြီး ပြည်သူအရေအတွက် သောင်းဂဏန်းကျော်မျှရှိကြောင်း သိရသည်။ လေဆိပ်မှတဆင့် ဝဲကျွန်းလမ်းတစ်လျှောက် ပြည်သူများက ကြိုဆိုခဲ့ကြပြီး ထိုမှတဆင့် ဥတ္တံတားကြီး လမ်းဆုံ၊ ဆေးရုံလမ်းနှင့် ရှမ္မလည်ဆွဲရှိ NLD ထားဝယ်ရုံးသို့ နံနက် (၉)နာရီအချိန်တွင် ရောက်ရှိလာပြီး ခတ္တရပ်နားကာ ပြည်သူများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။ ထိုမှတဆင့် နံနက် (၉နာရီ၄၅မိနစ်)တွင် အဆိုပါရုံးမှ လောင်းလုံးမြို့သို့ ဆက်လက်ထွက်ခွာလာပြီး ဖခင်ဖြစ်သော အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း ထားဝယ်သို့ ချီတက်လာခဲ့သည့် အာဇာနည်လမ်းတစ်လျှောက်တွင် ပြည်သူများက တစ်ခဲနက် အားပေးနှုတ်ဆက်ကြသည်။ ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ သွားရာလမ်းတစ်လျှောက်တွင်ရှိသော ကျေးရွာများမှလည်း ကလေးလူကြီးပါမကျန် လမ်းမပေါ်ထွက်၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

လောင်းလုံးမြို့သို့နံနက် ၁၁နာရီ တွင် ရောက်ရှိလာပြီး ပြည်သူများကို နုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့သည်။ ၁၁နာရီခွဲအချိန်တွင် လောင်းလုံးNLDရုံးမှတဆင့် အောက်ရေဖြူရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သွားရာလမ်းတစ်လျှောက်တွင် ကြိုဆိုနှုတ်ဆက်သူများ များပြားလွန်းသဖြင့် လမ်းများ ပိတ်ထားရသည်အထိ ဖြစ်ခဲ့ကြောင်း သိရပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့် နိုင်ငံရေးခရီးစဉ်များမှာ ထားဝယ်၊ မန္တလေးနှင့် ပုသိမ်ခရီးစဉ်များ ဖြစ်ကြသည်။

ထားဝယ်နှင့် ပုသိမ်ခရီးစဉ်တို့မှာ နေ့ချင်းပြန်ခရီးစဉ်များ ဖြစ်ကြပြီး မန္တလေးခရီးစဉ်မှာ တစ်ညအိပ် နှစ်ရက် ခရီးစဉ်ဖြစ်သည်။ ပုသိမ်ခရီးစဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ဖြစ်ပြီး မန္တလေးခရီးစဉ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၅ ရက်နေ့ထိဖြစ်သည်။
EMG





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis