menu

Wednesday 12 February 2014

နိုင်ငံပိုင်မြန်မာ့လေကြောင်းလိုင်းက အမေရိကန်နိုင်ငံ အခြေစိုက် GE Capital Aviation Services မှ ဘိုးရင်းလေယာဉ်သစ် ၁၀ စင်း ငှားရမ်း၍ ခရီးစဉ်ပျံသန်းမည်


မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် အမေရိကန်နိုင်ငံ အခြေစိုက် GE Capital Aviation Services မှ ဘိုးရင်းလေယာဉ်သစ် ၁ဝ စင်း ငှားရမ်း၍ ခရီးစဉ်များ ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းနှင့် General Electric (GE) ၏ လေယာဉ်ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲတစ်ခုဖြစ်သော GE Capital Aviation Services တို့သည် ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် ဘိုးရင်းလေယာဉ်သစ် ၁ဝ စင်း ငှားရမ်းသည့်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာချုပ်ချုပ်ဆိုပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ အမေရိကန်သံအမတ်ကြီး Derek Mitchell နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၏ အမေရိကန်တာဝန်ခံ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါစာချုပ်အရ GE Capital Aviation Services သည် ဘိုးရင်း ၇၃၇-၈ဝဝ လေယာဉ်သစ်ခြောက်စင်းနှင့် ဘိုးရင်း 8 MAX model လေယာဉ်သစ်လေးစင်းအား ၂ဝ၁၅ ခုနှစ် ဇွန်မှစတင်ကာ ၂ဝ၂ဝ ခုနှစ်အတွင်း ပေးအပ်သွားမည်ဖြစ်သည်ဟု သိရသည်။

GE Capital Aviation Services ၏ President နှင့် CEO ဖြစ်သူ Norman C.T.Liu က “GE အနေဖြင့် အဆင့်မြင့် ဘိုးရင်းလေယာဉ်သစ်များ ပံ့ပိုးပေးအပ်ပြီး မြန်မာ့လေကြောင်းနှင့်အတူ တွဲဖက်လုပ်ကိုင်ရတာကို ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒီလုပ်ရပ်က လေကြောင်းလိုင်းအတွက်ရော မြန်မာ့လေကြောင်း လုပ်ငန်းကဏ္ဍအတွက်ပါ အရေးပါတဲ့ မှတ်တမ်းတင်ဖြစ် ရပ်တစ်ခုပါ” ဟု ပြောကြားသည်။

“ဒေသတွင်းက အဓိကကျတဲ့ ဈေးကွက်နေရာတွေဆီ လမ်းကြောင်းတွေ ချဲ့ထွင်ပျံသန်းနိုင်ဖို့ ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ လုပ်ငန်းတွေကို အဆင့်မြှင့်ချဲ့ထွင်နိုင်ဖို့ GE Capital Aviation Services နဲ့ တွဲဖက်လုပ်ကိုင်ရတဲ့အတွက် ကျွန်တော်တို့လည်း ဝမ်းသာပါတယ်။ GE လိုမျိုး ထိပ်တန်းအမေရိကန် ကုမ္ပဏီကြီးတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ လေကြောင်းလိုင်းအတွက်ရော မြန်မာ့စီးပွားရေးအတွက်ပါ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်” ဟု မြန်မာ့လေကြောင်းမှ MD ဦးသန်းထွန်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာ့လေကြောင်းသည် GE Capital Aviation Services မှ Embraer E 190 လေယာဉ်နှစ်စင်းအား ငှားရမ်း၍ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။ ၎င်းပြင် လေကြောင်းခရီးစဉ်နှင့် ဆက်သွယ်မှုကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ကာ မဟာဗျူဟာကျကျ ဆောင်ရွက်နိုင်ရန် နားလည်မှုစာချုပ်လွှာ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis