menu

Wednesday 12 February 2014

ရွှေလင်ပန်း၊ ကျန်စစ်မင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ အိမ်ရာစီမံကိန်းများမှ ရရှိမည့် အိမ်ခန်းပေါင်း ၂၅၀၀၀ ခန့်အား တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်ဖြင့် အရစ်ကျရောင်းချမည်

Photo: ရွှေလင်ပန်း၊ ကျန်စစ်မင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ အိမ်ရာစီမံကိန်းများမှ ရရှိမည့် အိမ်ခန်းပေါင်း ၂၅၀၀၀ ခန့်အား တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်ဖြင့် အရစ်ကျရောင်းချမည်

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်နေသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ အိမ်ခန်းယူနစ်ပေါင်း ၂၅၀၀၀ ခန့်ရရှိမည်ဖြစ်ရာ တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်နှင့် ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျ ရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေး ဆပ်ကော်မတီ၏ ဖေဖော်ဝါရီ ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ၀င်ငွေနည်းပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အပိုင်းလေးပိုင်းခွဲ၍ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအရ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပထမအဆင့်အနေဖြင့် အခန်းတစ်ယူနစ် (၄၆၈ စတုရန်းပေ) ရှိ ခြောက်ခန်းတွဲ အဆောက်အအုံ ၃၂ လုံး၊ အခန်းယူနစ်ပေါင်း ၇၆၈ ခန်းနှင့် ဒုတိယအဆင့်တွင် အခန်းတစ်ယူနစ် (၄၈၄ စတုရန်းပေ) နှင့် (၅၂၈ စတုရန်းပေ) ရှိ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၆ လုံး၊ အခန်းယူနစ်ပေါင်း ၄၉၆ ခန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းမှ အပိုင်း (၃) နှင့် အပိုင်း (၄) ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြီးစီးစေရန် ဆောက်လုပ်မည်ဖြစ်သဖြင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ အခန်းပေါင်း ၂၀၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အခန်းယူနစ်ပေါင်း ၂၉၂၀ ခန်း ရရှိမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တန်ဖိုးသင့်တင့်၍ အများပြည်သူများ ၀ယ်ယူနိုင်စွမ်းရှိသည့်အိမ်ရာ (Affordable Housing) အား ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေပြီး အခန်းတစ်ယူနစ် (၆၀၀ စတုရန်းပေ) ရှိ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ၄၉ လုံး တည်ဆောက်နေသဖြင့် အခန်းယူနစ်ပေါင်း ၁၉၆၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ၏ အခန်းတစ်ခန်းတန်ဖိုးအား ကျပ်သိန်း ၁၂၀ ခန့်ဖြင့် ရောင်းချမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ပြီးပါက ပွင့်လင်းမြင်သာမှုရှိရန်အတွက် သတင်းစာမှ လျှောက်လွှာခေါ်ယူ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ၍ ၀ယ်ယူနိုင်စွမ်းရှိသော အိမ်ခန်းများအား ရောင်းချရာတွင် ပုံမှန်ဝင်ငွေရှိ နိုင်ငံ့ဝန်ထမ်းများ၊ ပင်စင်စားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ၀င်ငွေနည်းပြည်သူများ စသည်ဖြင့် ဦးစားပေးအဆင့်အလိုက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများအား ကျပ်သိန်း ၁၂၀ ခန့်ဖြင့် ရောင်းချရာတွင် တိုက်ခန်းတန်ဖိုးများအား ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျ ပေးချေနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေးဆပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်-ရတနာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တည်ဆောက်နေသည့် လုပ်ငန်းခွင်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis