menu

Thursday 6 February 2014

စည်းကမ်းမဲ့ စတီယာရင်ကိုင်များ

Written by  ကျော်ဦးနိုင်

ကွမ်းယာကို ခံတွင်းထဲ မြုံ့ထားသည့် အသက် ၃၀ အောက်သာ ရှိသော ခရီးသည်တင် ယာဉ်မောင်းက ခြောက်လမ်းသွား လမ်းမကြီး ဖြစ်သည့် ကမ္ဘာအေးဘုရားလမ်း အမြန်ဆုံး ယာဉ်ကြောမှ လီဗာကို ခပ်ကြမ်းကြမ်းနင်း မောင်းနှင်လာသည်။ ယင်းမော်တော်ယာဉ်မှာ မြောက်ဥက္ကပမြို့နယ် ခြောက်ကွေ့ မှတ်တိုင်မှ ဆူးလေမှတ်တိုင်သို့ ပြေးဆွဲနေသည့် ဘီအမ် ယာဉ်တစ်စီး ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ မီးပွိုင့်များတွင်လည်း ဘယ် အစွန်ဆုံး ယာဉ်ကြော(ကွေ့ကြော) မှသာ မောင်းနှင်သည်။ မီးပွိုင့်စိမ်းလျှင် ယာဉ်နောက်လိုက် နှစ်ဦးက အခြားယာဉ်များ မောင်းနှင်၍ မရအောင် တားဆီး၍ ညာဘက် အစွန် ယာဉ်ကြောသို့ အတင်းတိုးဝင် မောင်းနှင်သည်။ အလံပြ ဘုရားလမ်း အ.ထ.က(၁) ဒဂုံကျောင်းရှေ့ရှိ ညာဘက် ယာဉ်ကြောမှ မောင်းနှင်မိသဖြင့် ယာဉ်ထိန်းရဲ၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ထိုအချိန်ကျမှ အဆိုပါ ယာဉ်မောင်းမှာ ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်ခြင်း ဖြစ်ကြောင်း ခရီးသည်များ သိလိုက်ကြရသည်။
ယင်းကဲ့သို့ လိုင်စင်မဲ့ ယာဉ်မောင်းများမှာ ခရီးသည်တင် ယာဉ်လိုင်းများတွင် သာမက ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များတွင်လည်း အများအပြား တွေ့နိုင်သည်။ မူဝါဒ အပြောင်းတွင် ယာဉ်အသစ်များ မြန်မာပြည်အနှံ့ ဝင်ရောက်လာပြီး ယင်းသို့သော ကိစ္စရပ်များ စတင် ကြုံလာရသည်။
ယင်းနောက် ယာဉ်မောင်း လိုင်စင် မရှိဘဲ ယာဉ်ကို မောင်းနှင်ပါက ယာဉ်ပိုင်ရှင်ကိုပါ တစ်နှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်သည့် မော်တော်ယာဉ် ဥပဒေ ၂၁/၆၄ ဖြင့် အရေးယူမည်ဟု အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြို့တွင်း လမ်းများပေါ်တွင် ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်သူများမှာ လိုင်းကား မဟုတ်သည့် ကြားဆွဲသည့် ခရီးသည်တင် ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ် အများဆုံးဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး(၂၂) မှ ယာဉ်ထိန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“လိုင်စင်အနက်(ခ-လိုင်စင်)နဲ့ တက္ကစီ တက်မောင်းနေတဲ့ လူငယ်တွေလည်း ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
လမ်းကြောင်း မကျွမ်းဘဲ ထိုသို့ အငှားယာဉ်မောင်းသူများကို ညပိုင်းတွင် အများဆုံး တွေ့နိုင်သည်။
မော်တော်ယာဉ် မောင်းနှင်နိုင်ရန် ရက်အပိုင်းအခြားဖြင့် သင်ယူ၍ ရနိုင်သော်လည်း ရန်ကုန်မြို့တွင်းရှိ လမ်းကြောင်းများကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရန် အနည်းဆုံး အချိန် ၂ လခန့် လေ့လာ၊ လေ့ကျင့်မှသာ မြို့တွင်း လမ်းကြောကို နားလည်နိုင်မည် ဖြစ်ကြောင်း ယာဉ်မောင်း သက်တမ်း ခြောက်နှစ်ခန့်ရှိသူ ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“လမ်းကြော မလေ့လာထားရင် အဝိုင်းပတ်၊ ငါးလမ်းဆုံ မီးပွိုင့်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်း မီးပွိုင့်၊ ခရေပင်လမ်းခွဲ မီးပွိုင့်၊ ကန်တော်ကြီးပတ်လမ်းက ဆရာဝန်များ အသင်းရုံးအနီး မီးပွိုင့်၊ ဒဂုံတက္ကသိုလ်ကို သွားတဲ့လမ်း (တစ်လမ်းမောင်း)၊ ပြည်လမ်းမနဲ့ လေဆိပ် လမ်းမီးပွိုင့်လို နေရာမျိုးတွေမှာဆိုရင် ကကြိုးကကြောင်နဲ့ သူများကားတွေကို ဒုက္ခပေးတော့တာပဲ” ဟု ၎င်းက ဆိုသည်။
ယာဉ်မောင်းအချို့မှာ မြို့တွင်း လမ်းကြောင်းများ၏ အယူအဆနှင့် လမ်ကြောင်းများကို နားလည်မှု မရှိဘဲ စဉ်းစား တွေဝေ၍ မောင်းနှင်မှုများကြောင့် အခြားယာဉ်များကိုပါ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်စေကာ ယာဉ်တိုက်မှုလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ညပိုင်းတက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုပေါက်က ပြောကြားသည်။
“သူများနိုင်ငံတွေမှာ ကားဝယ်ရတာ လွယ်တယ်။ ယာဉ်မောင်း လိုင်စင်ရဖို့ ခက်တယ်” ဟု ၎င်းက ဆိုသည်။
ယခင်က ယာဉ်မောင်း သင်တန်းမှ သင်တန်းဆင်းများမှာ တစ်ကြိမ်ဖြေဆိုလျှင် လူဦးရေ တစ်ရာကျော် ရှိသဖြင့် အချိန်ကို ငဲ့ညှာသောအားဖြင့် ရေးဖြေ မှား၊ မှန်များ၏ အဖြေမှန် အားလုံးကို ဖြေဆိုနေစဉ် ပြောပြခြင်းတို့ ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ တစ်စတစ်စ စည်းကမ်း တင်းကျပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစ၍ ကွန်ပျူတာနှင့်ပါ မောင်းနှင်ဖြေဆိုစေကာ စစ်ဆေးမှုများ ထပ်မံ တိုးမြင့်ခဲ့သည်။
ယာဉ်ကြော ပိတ်ဆို့စေမှုနှင့် ယာဉ်တိုက်မှုများတွင် ကျွမ်းကျင်မှု မရှိသည့် ယာဉ်မောင်းများ အများဆုံး ပါဝင်သည်ဟု ယာဉ်ထိန်းတပ်ဖွဲ့က ထုတ်ဖော် ပြောကြားပြီးနောက် ယာဉ်မောင်း လိုင်စင်ရရှိရန် စစ်ဆေးမှုများကို ထပ်မံ တိုးမြှင့်မည်ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက ကြေညာလိုက်သည်။
ယခင်က သင်တန်းဆင်း လက်မှတ် အပါအဝင် ကွန်ပျူတာဖြင့် မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အမှတ်အသား သင်္ကေတများကို မေးခွန်း ၂၀ ဖြေဆိုခြင်းအစား ၂၀၁၄ ခုနှစ် ဧပြီလ ပထမပတ်မှ စတင်၍ မေးခွန်း ၅၀ ဖြေဆိုစေခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ၏ ဆောင်ရန် ရှောင်ရန်များ ပါဝင်သည့် ဗီဒီယို ကြည့်ရှုစေခြင်း၊ မော်တော်ယာဉ် မောင်းနှင်နိုင်မှု အခြေအနေရှိမရှိ မျက်မြင် စစ်ဆေးခြင်း၊ ယာဉ်မောင်း ဖြေဆိုသူ၏ စိတ်ပိုင်းဆိုင်ရာများကို စစ်ဆေးခြင်းတို့ကို တိုးမြှင့်မည်ဖြစ်ကြောင်း ကညနထံမှ သိရသည်။
ယင်းကဲ့သို့ ယာဉ်မောင်း လိုင်စင် ဖြေဆိုမှုများကို ထပ်မံတိုးမြှင့်မည် ဖြစ်သော်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ယခင် ပေးဆောင်ရသည့် ကျပ်တစ်သောင်းကျော် ပြစ်ဒဏ်ကြေးမြင့် စီမံချက်၊ အမိန့်များကို ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် ယာဉ်မောင်း အသစ်များသာမက ယာဉ်မောင်းသက် တမ်း ကြာမြင့်သူများကပါ စည်းကမ်းပိုမို ချိုးဖောက်လာကြသဖြင့် စည်းကမ်းမဲ့ ယာဉ် အားလုံးကို ယာဉ်မောင်းလိုင်စင် ပိတ်သိမ်း အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
“စည်းကမ်းမဲ့ ယာဉ် မောင်းတွေကြောင့် စည်းကမ်းရှိတဲ့ ယာဉ်မောင်းတွေကို မနစ်နာစေချင်လို့ အခုလို လုပ်တာပါ” ဟု ၎င်းက ဆိုသည်။
ယာဉ်ထိန်းရဲများ၏ ဖမ်းဆီး ချလန် စာအုပ်တွင် ချလန်အရွက် ၅၀ သာပါရှိပြီး ကျပ် ၁၅၀၀ နှုန်းဖြင့် ဖမ်းဆီးပါက တစ်အုပ်လုံးမှ ကျပ် ခုနစ်သောင်းခွဲသာ ကျသင့်မည် ဖြစ်သဖြင့် ဒဏ်ကြေးကြောင့် ဥပဒေကို မထီမဲ့မြင် ပြုသူများ ရှိနေကြောင်း အမှတ် (၆) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ရုံးမှ ရဲအုပ် ဝင်းလွင်က ပြောကြားသည်။
လမ်းမပေါ်ရှိ စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးမှုများကို ယခင်ကတည်းက ပြုလုပ်သင့်ပြီး ယာဉ်ထိန်း ရဲများကလည်း လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုယ်ပိုင် တက္ကစီ ယာဉ်မောင်းနှင်နေသူ ဦးဇော်မင်းထွန်းက ဆိုသည်။
“စင်ကာပူလည်း ရောက်ဖူးပါတယ်။ ဒီထက် ကားများပေမယ့် စည်းကမ်းရှိတော့ အဆင်ပြေတယ်။ ဒီမှာအရင်ကတည်းက လူနဲ့ အနှေးယာဉ်တွေကို မနည်း သတိထား ကြည့်ပြီး မောင်းနေရတာ။ အခုတော့ ကိုယ်ချင်းစာစိတ် မရှိတဲ့ စည်းကမ်းမဲ့ ယာဉ်မောင်းတွေကြောင့် ကားမောင်းရတာ အဆင်ကို မပြေတော့တာ” ဟု ၎င်းက ညည်းတွားသည်။
စည်းကမ်း ချိုးဖောက်သည့် ယာဉ်များကို ယာဉ်ထိန်း ရဲများသာမက အစိုးရ ဌာနဆိုင်ရာမှ အရာရှိကြီးများအပြင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကိုပါ မှတ်သား ဖမ်းဆီး ချလန်စာအုပ်များ အပ်နှံ၍ ဖမ်းဆီးတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွန်ကြား ရေးမှူး ဦးအောင်ကျော်စိုးက ပြောကြားသည်။
စည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းများ၏ လိုင်စင်ကို အဓိကထား ပိတ်သိမ်းသွားမည် ဖြစ်ပြီး ခရီးသည်တင် လိုင်းကားများကို လိုအပ်ပါက ယာဉ်လိုင်းကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်သော်လည်း မည်သည့် အချိန်မှစ၍ မည်ရွေ့မည်မျှ ပိတ်သိမ်းမည်ကို အတိအကျ မသိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း ၂၉၇၉ မှုဖြစ်ပွားခဲ့ပြီး ၅၀၆ ဦး သေဆုံးကာ ၄၄၃၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ယာဉ်တိုက်မှု စာရင်းများထက် ယာဉ်တိုက်မှု ၈၁၇ မှု ပိုမိုဖြစ်ပွားပြီး သေဆုံးသူ ၃၁ ဦးတို့ကာ ထိခိုက် ဒဏ်ရာရရှိသူ ၈၅၈ ဦး ပိုခဲ့သည်။
တစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ်အတွင်း စည်းကမ်းမဲ့ ယာဉ်မောင်းများကြောင့် ယာဉ်တိုက်မှု ၁၂၈၇၅ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၉၄၀၅ ဦး ထိခိုက် ဒဏ်ရာရကာ လူ ၃၆၀၂ ဦး သေဆုံးခဲ့သည်ဟု အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး၏ ယာဉ်တိုက်မှု စာရင်းဇယားများအရ သိရသည်။
စည်းကမ်းမဲ့ မောင်းသူများကြောင့် စတီယာရင်ကိုင် ယာဉ်မောင်းများ မချောင်တော့ရန် စည်းကမ်း တင်းကျပ်တော့မည်ဟု ဆိုသည်။ မောင်းသူကိုသာမက ပိုင်ရှင်ကိုပါ အရေးယူမည်ဟု ထုတ်ပြန် ထားသည်။
“လိုင်စင်မရှိဘဲ အိမ်စီးကား မောင်းနေတဲ့ လူငယ်တွေ ရှိတယ်။ မိဘပိုင် ကားဆိုရင်တောင် ပိုင်ရှင်ဖြစ်တဲ့ မိဘကိုပါ ပူးတွဲ အရေးယူမယ်” ဟု အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးက အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုလေသည်။

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis