menu

Friday 21 February 2014

ရှေ့နေကုတ်အစား ဂျိုကာကုတ်ရွေးခဲ့သူ

Photo: ရှေ့နေကုတ်အစား ဂျိုကာကုတ်ရွေးခဲ့သူ
--------------
ရေးသားသူ- အေးသူစံ

နိုင်ငံခြားရုပ်ရှင်များထဲတွင်သာ တွေ့ရလေ့ရှိသည့် ဒီဇိုင်းဆန်းဆန်းပူဖောင်းရုပ်များကို ပြည်သူ့ရင်ပြင်ထဲမှ ကလေးများလက်ထဲတွင် တွေ့ရသည်မှာ အမြင်ဆန်းနေ၏။ ချစ်စရာကောင်းပြီး အလွန်လက်ရာမြောက်လှသော Pooh ၀က်ဝံ၊ Angry Bird ၊ လေယာဉ်ပျံ၊ မစ်ကီမောက်စ်စသည့် ကလေးတို့အကြိုက်ဇာတ်ကောင်များကို ရောင်စုံပူဖောင်းများဖြင့် လိမ်ယှက်ပုံဖော်ထားသည်မှာ မြင်နေကျပူဖောင်းအရုပ်ကလေးများနှင့် မတူကွဲပြားခြားနားသော အနုစိတ်လက်ရာများဖြစ်သည်။

“မေမေ ဟိုမှာ ဟိုမှာ”ဟု ပျော်ရွှင်စွာအော်ဟစ်လိုက်သော ကလေးငယ်ညွှန်ပြရာ လူအုပ်အလယ်တွင် တစ်စွန်းတစမြင်တွေ့လိုက်ရသည်က အစိမ်းအနီအပြာအ၀ါ တောက်ပသောအရောင်များ ရောယှက်နေသောဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာတွင် ဆေးရောင်စုံခြယ်သထားသည့် ကလေးတို့အချစ်တော် ဂျိုကာတစ်ဦး။ ထူးခြားလှသည့်ပူဖောင်းရုပ်လေးများ၏ လက်ရာရှင်ပင်ဖြစ်သည်။

ကိုဂျိုကာ၏လက်များက ပူဖောင်းရုပ်များကို သွက်လက်စွာဖန်တီးရင်း ပါးစပ်ကလည်း ကလေးငယ်တို့၏မေးခွန်းတွေကို မျက်နှာအမူအရာမျိုးစုံလုပ်ပြလျက် စိတ်ရှည်လက်ရှည်ဖြေကြားပေးနေပုံက အနီးရှိလူကြီးများကိုပင် အပျော်များကူးစက်စေသည်။

ရောင်စုံယိုးဒယားပူဖောင်းစ Snake မျိုးစုံနှင့် အရောင်ခြယ်ဆော့ပင်များ၊ ကတ်ကြေးတစ်လက်နှင့် လေထိုးတံတို့ကို ခါးပတ်ပတ်လည်အိတ်ထဲတွင် စီစဉ်ထည့်ထားပြီး ပခုံးထိလုနီးပါး ဆံပင်တုရောင်စုံလိမ်ကောက်ကောက်၊ ကော်နှာခေါင်းနီပွပွ၊ မှန်မပါသည့်မျက်မှန်နီနီဖြင့် သူ့ကို ဖြတ်သွားဖြတ်လာသူတိုင်း အနည်းဆုံးတော့ လည်ပြန်ကြည့်ကာ ပြုံးပြကြမြဲဖြစ်သည်။

တချို့ဆို ဓာတ်ပုံပင်အမှတ်တရတွဲရိုက်သွားသေးကြောင်း သူကဂုဏ်ယူဟန်ဖြင့် ရောင်စုံမျက်ခုံးများကိုပင့်လျက်ပြောသည်။

“ဖြစ်ချင်တာက ရှေ့နေ၊ ဖြစ်လာတာက ဂျိုကာရုပ်နဲ့ ပူဖောင်းသည်။ ဒါပေမဲ့ ဘ၀မှာအပျော်ဆုံးအချိန်က ပူဖောင်းရုပ်တွေလုပ်ပြီး ကလေးတွေပျော်အောင် စနောက်ပြီးနေရတာကိုပါ” ဟု အဖြူအပြာပန်းရောင်သုံးမျိုးစပ် လေယာဉ်ပျံရုပ်အတွက် အပြီးသတ်ပူပေါင်းအစကို ကတ်ကြေးဖြင့်ကိုက်ဖြတ်ထုံးချည်လိုက်သည့် ဂျိုကာတစ်ဖြစ်လဲ ကိုကျော်ဇေယျကပြောသည်။

မော်လမြိုင်သား အဖေနှင့် ပဲခူးသူအမေတို့ အိမ်ထောင်ကျခါစက ပဲခူးမြို့ ခရွဲတန်းကျေးရွာတွင် ဓာတ်ပုံဆိုင်လေးတစ်ဆိုင် ဖွင့်ဖြစ်ခဲ့သည်။ စီးပွားရေးကျပ်တည်းလာသဖြင့် ရန်ကုန်မြို့သို့ ၁၉၉၆ ခုနှစ်တွင် မိသားစုရွှေ့ပြောင်းလာခဲ့ပြီးနောက် အဖေက သင်္ဘောကျင်းတစ်ခုတွင် ဆောက်လုပ်ရေးအလုပ်ရသည်။ အမေကတော့ စက်ချုပ်ဆိုင်ဖွင့်ရင်းမှ ကိုကျော်ဇေယျတို့မောင်နှမ လူလားမြောက်ခဲ့သည်။ ညီမငယ်ရှေ့ရေးနှင့် အိမ်တာဝန်အတွက် ဥပဒေဘာသာဖြင့် အဝေးသင်တက်ရောက်ရင်း အဖေ့သင်္ဘောကျင်းတွင် လက်သမားပညာဖြင့် နေ့စားအလုပ်လုပ်ခဲ့သည်။

အဖေ့နောက်လိုက်ရင်းက မျက်လှည့်ပညာရှင် မစ္စတာတော့ပ်အိမ်ကို လက်ခစားဖြင့် ဆောက်လုပ်ရချိန်တွင် မစ္စတာတော့ပ်နှင့် ခင်မင်ရင်းနှီးခဲ့သည်။ မစ္စတာတော့ပ်အတွက် မျက်လှည့်ပစ္စည်းများ ပြုလုပ်ပေးရင်းက မစ္စတာတော့ပ်၏တပည့်ထံမှ လေ့လာဆည်းပူးခဲ့သော ကော်ကပ်စရာမလိုဘဲ ပူဖောင်းချည်းသက်သက်ဖြင့် အရုပ်များချိုးကာ ဆေးရောင်ခြယ်သည့်အတတ်ကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။

ဤသို့နှင့် ကိုကျော်ဇေယျတစ်ယောက် ၂၀၀၉ ခုနှစ်တွင် ဂျိုကာဖြစ်လာခဲ့သည်။ စလုပ်လုပ်ချင်း ဆေးရောင်စုံခြယ်ထားသည့်မျက်နှာနှင့် ဂျိုကာဝတ်စုံအတွက် ရှက်မိပြီး လူအချို့၏လှောင်ပြောင်ကဲ့ရဲ့မှုများ ခံခဲ့ရသည်များလည်းရှိသည်။

ရှေ့နေဖြစ်ဖို့ ကျောင်းဆက်တက်မည်ဟုဆုံးဖြတ်၍ မစ္စတာတော့ပ်နှင့် ခေတ္တလမ်းခွဲခဲ့စဉ် ကန်တော်ကြီးဥယျာဉ်က တစ်လသုံးသိန်းဖြင့် ပူဖောင်းလုပ်ဖို့ လာငှားသည်။ ၀င်ငွေနောက်လိုက်ရင်း အဲဒီတည်းက ကျောင်းလည်းဆက်မတက်ဖြစ်တော့။ ကန်တော်ကြီးတွင် စာချုပ်သုံးလပြည့်ချိန်ကစပြီး ယနေ့အထိ တောက်လျှောက်ဂျိုကာရုပ်ဖြင့် ပူဖောင်းတွေသာ ဆက်ရောင်းဖြစ်သည်။

“အလုပ်ကလည်း သူများကိုပျော်အောင်လုပ်ရတာ။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်တယ်။ နိုင်ငံခြားလူရွှင်တော်တွေကို အတုခိုးတယ်။ မြန်မာပြည်ကတော့ ဦးမော့စ်တို့လို နာမည်ကြီးတွေရဲ့ တစ်ကွက်ကောင်းလေးတွေကိုလည်း လေ့လာတယ်”ဟု ပြောနေစဉ် ခုနစ်နှစ်အရွယ်ကလေးတစ်ဦးက နှာခေါင်းကြီးအကြီးကြီးပဲဟု မရဲတရဲအပြောကို သူကြားသွားသည်။

“မိုးယုစံ ကိုက်သွားလို့ပါ”ဟု မချိုမချဉ်မျက်နှာထားဖြင့် ခပ်ကျယ်ကျယ်ပြောရင်း တရုတ်သိုင်းကားများထဲက ပိုက်ဆံသိမ်းသလို ဂျိုကာအင်္ကျီလက်ရှည်ထဲသို့ ပူဖောင်းရောင်းရသည့်ပိုက်ဆံတွေကို ထိုးထည့်သိမ်းဆည်းနေသည်။ အင်္ကျီလက်ဝက သရေကြိုးဖြင့်စည်းထားသည့်အတွက် ပိုက်ဆံပျောက်မှာမပူရ။

ပြည်သူ့ရင်ပြင်ထဲ စနေ၊ တနင်္ဂနွေနှစ်ရက် ပူးဖောင်းရောင်းရငွေက ကျပ်ငါးသောင်းနီးပါး။ တစ်လုံးငါးရာကျပ်ဖြင့် တစ်နေ့ အလုံး ၄၀  လောက်ကတော့ အသာလေးရောင်းစွံသည်ဟုဆိုသည်။ သူနှင့်အင်တာဗျူးလုပ်နေစဉ် တစ်နာရီခွဲအတွင်းမှာပင် အရုပ် ၁၀ ရုပ်ခန့် ရောင်းထွက်သွားပြီဖြစ်သည်။

ပြည်သူ့ရင်ပြင်ကလည်း သူရှိခြင်းကြောင့် လူတွေပိုစိတ်ဝင်စားပြီး ဖျော်ဖြေမှုပေးသည်ဟုယူဆကာ ကိုကျော်ဇေယျထံက အခကြေးငွေ တစ်စုံတစ်ရာမယူတော့ဘဲ ရောင်းချခွင့်ပြုထားသည်။

တစ်ပတ်ဝင်ငွေက မက်လောက်စရာမို့ ဂျိုကာဝတ်စုံနှင့် ပူဖောင်းအလုပ်ကို သူမစွန့်လွှတ်နိုင်။ ထို့ပြင် သူ့လိုအဆင်အပြင်မျိုးနှင့် တမူထူးသည့် Twistist ပူပေါင်းရုပ်များကြောင့် ကိုကျော်ဇေယျနှင့် သူ့လက်ရာပူဖောင်းများကို ပွဲလမ်းသဘင်အချို့နှင့် ဗီစီဒီ၊ ဗီဒီယိုရိုက်ကွင်းများက အာရုံစိုက်လာကြသည်။ အင်တာနေရှင်နယ်ကျောင်းဆင်းပွဲများ၊ ပါတီပွဲ၊ မွေးနေ့ပွဲများ၊ ဗယ်လင်တိုင်းကဲ့သို့သော အထိမ်းအမှတ်ပွဲများကလည်း ကိုကျော်ဇေယျအတွက် ၀င်ငွေရလမ်းများဖြစ်သည်။

“ပွဲစီစဉ်သူတွေက သူ့ပွဲက ဒီဂျိုကာပါရင် ငါ့ပွဲကလည်း ဒီထက်ဆန်းရမယ်ဆိုတာမျိုး။ ကျွန်တော့်အတွက်တော့ အလုပ်မရှားဘူးပေါ့။ အင်တာနေရှင်နယ်စကူးက ကလေးတွေကတော့ နည်းနည်းသည်းခံရတယ်။ ဟိုတယ်ရေကူးကန်နားလုပ်တဲ့ပွဲဆို ကလေးတွေကို အတော်သတိထားရတယ်။ ဂျိုကာကြီးဆိုပြီး လူကိုအသည်းယားပြီး ရေထဲတွန်းချတတ်ကြလို့”ဟု သူက ရယ်မောရွှင်ပြစွာပြောပြသည်။ ငွေရှာရင်းကပင် ပညာဝမ်းစာဖြည့်ရန်အတွက် အားလပ်ရက်များတွင် အင်တာနက်သုံးပြီး လေ့လာမှုရှိရသည်ဟုဆိုသည်။

သူ့မျှော်လင့်ချက်များပြည့်ဖို့က သူအလုပ်ကြိုးစားပုံနှင့်ဆို သိပ်ကြာမည်မထင်။ ရသမျှခြစ်ခြုတ်ဝယ်ထားသည့် ဆိပ်ကြီးခနောင်တိုက လက်ရှိနေအိမ်နှင့် နောက်ထပ်တစ်ခြံကိုရောင်းပြီး ရင်းနှီးလုပ်ကိုင်ဖို့ စဉ်းစားနေပြီဟု ကိုကျော်ဇေယျကပြောသည်။ တစ်ဖက်တွင်လည်း ပုံမှန်ဝင်ငွေလေးရနေသည့် ဂျိုကာအလုပ်ကို ဆက်လုပ်ချင်နေပုံပင်။

ဘွဲ့တစ်ခုရအောင် ကျောင်းလည်းဆက်တက်ဦးမည်ဖြစ်သည်။ အမေဖြစ်သူကိုယ်တိုင် ချုပ်ပေးထားသည့် ဂျိုကာဝတ်စုံခြောက်စုံခန့်ကို စည်းကမ်းတကျဝတ်ဆင်ရင်း ကလေးတွေ တောင်းဆိုသည့် အရုပ်တွေကို ခေါင်းပူအောင်စဉ်းစားရသည်မှာ မလွယ်လှပေ။

“အန်းဂရီးဘတ်ဒ်တို့၊ စက်ရုပ်တို့ဆို လုပ်ရတာသိပ်လက်ဝင်တယ်။ ကလေးတွေကလည်း ကိုယ့်ထက်တောင် ခေတ်မီသေး။ သူတို့ပြောလို့ မလုပ်တတ်ရင် လူကိုဆိတ်ဆွဲတယ်။ ထုတယ်။ နည်းနည်းကြီးတဲ့ကလေးတွေဆို ထိုးတယ်။ သည်းခံရတာပါပဲ”

သက်ပြင်းမောများချနေသည့် ကိုကျော်ဇေယျအနား ညနေခင်းနေရောင်ဖျော့လာချိန်မှာတော့ ကလေးများကျဲပါးလာပြီဖြစ်သည်။ တစ်နေကုန်မတ်တတ်ရပ်နေသော်လည်း ညောင်းညာပုံမရ။ သူသောက်နေသည့်ရေဘူးကိုကမ်းပေးရင်း ရုပ်သံလိုင်းအချို့ကလည်း သူ့ဘ၀ဖြတ်သန်းမှုကို မှတ်တမ်းရုပ်ရှင်လာရိုက်ကြသည်ဆိုသည်။ ရောင်စုံမျက်နှာအောက်က သူ့မျက်နှာအစစ်အမှန်ကို ပန်းခြံထဲက၀န်ထမ်းအားလုံးပင် သေချာမမြင်ဖူးကြသော်လည်း တီဗီကလွှင့်လျှင်တော့ သိသွားကြတော့မှာဖြစ်သည်။

စကားဝိုင်းအဆုံးသတ်ချိန်မှာပင် သားအဖနှစ်ဦး ကိုဂျိုကာနားလာရပ်သည်။ ငါးနှစ်အရွယ်ကလေးလေးက ဓားရုပ်လုပ်ပေးပါဟု ပူဆာသည်။ ပြောလက်စ စကားကိုဖြတ်၍ ကိုဂျိုကာက သွက်လက်စွာပင် ခါးကြားကလေထိုးတံနှင့် အပြာရောင်ပူဖောင်းစကိုဆွဲထုတ်ကာ ဓားတစ်လက်ရဖို့ စတင်ပြင်ဆင်နေပါတော့သည်။

ဓာတ်ပုံ- နစ်ကီ

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis