menu

Friday 21 February 2014

ရုံးလုပ်ငန်းသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုမည်ဟု သူရဦးရွှေမန်း ပြောကြား

Photo: ရုံးလုပ်ငန်းသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုမည်ဟု သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

အစိုးရဝန်ကြီးဌာန  ၃၆ ခု လက်အောက်ခံ ရုံးဌာနများ ရုံးလုပ်ငန်း အသုံးစရိတ်များကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ 

ရုံးဌာန အသီးသီးတွင် အမှန်တကယ် လိုအပ်သော သုံးစွဲငွေ ကုန်ကျစရိတ်များ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး၏ အသုံးစရိတ်မှာ ကျပ်ငါးသောင်းအထိ ရှိနေပြီး မြို့နယ်ရုံး၊ မြို့နယ် ကျန်းမာရေးဌာန တစ်ခုလုံး၏ အသုံးစရိတ်မှာ ကျပ် ၁၅,၀၀၀ နှင့် ၂၀,၀၀၀ ကျပ် ဝန်းကျင်သာ ရှိသောကြောင့် တိုးမြှင့်ပေးရန် လိုအပ်ကြောင်းဦးခင်မောင်ညိုက ပြောကြားသည်။

ဌာနဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ရဲဌာနများသည် ရုံးအသုံးစရိတ် မလုံလောက်သောကြောင့် မလုပ်သင့်သော တောင်းခံမှုများ ပြုလုပ်နေသောကြောင့် တိုင်း၊ ခရိုင်နှင့်မြို့နယ် အဆင့်ဆင့်မှ အသုံးစရိတ် အမှန်တကယ် ကုန်ကျငွေကို လွှတ်တော်သို့ တင်ပြရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
“လုံလောက်တဲ့ အသုံးစရိတ်မရရင် clean gorverment နဲ့ good governance ဆိုတာ စာထဲမှာပဲရှိမယ်။ ငွေထုတ်ပေးလို့ ကုန်တယ်ဆိုပေမယ့် တိုင်းပြည်နဲ့ ပြည်သူအတွက် အများကြီး တန်ဖိုးရှိသွားမယ်။ မဖွယ်မရာ လုပ်တယ်ဆိုရင် သူတို့မှာ တာဝန်ရှိသွားပြီ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ အသုံးစရိတ် တိုးမြှင့်ပေးပါက ဘဏ္ဍာငွေ ပိုမိုကုန်ကျခြင်းထက် ဝန်ထမ်းများ ဂုဏ်သိက္ခာ ရာနှုန်းပြည့်မြင့် တက်လာရန် တဖြည်းဖြည်း ထိန်းကျောင်းနိုင်မည် ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားခြင်းကို ကာကွယ်ရာ ရောက်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis