menu

Friday 21 February 2014

ပြိုင်ကားငါးစီးနှင့် တရားဥပဒေစိုးမိုးမှု လက်တံ

Photo: #emg_opinions

ပြိုင်ကားငါးစီးနှင့် တရားဥပဒေစိုးမိုးမှု လက်တံ 

Written By - သစ်ထွဋ်

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေရာမှာ တရားဥပဒေစိုးမိုးမှု လက်တံတွေ အားကောင်းနေဖို့ လိုအပ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ လိုအပ်ချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတွေအတွက် အရေးပါလှတဲ့ တရားဥပဒေစိုးမိုးမှုဟာ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်အခြေအနေမှာ ဆိုက်ရောက်နေတယ်လို့ သင်ထင်ပါသလဲ။

ဘေ့စ်ဘောတုတ်များဖြင့် ၀ိုင်းရိုက်သူများ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်မြို့လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ  IBC အဆောက်အအုံအနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပုဂ္ဂလိကမီဒီယာများမှာ ဖော်ပြလာခဲ့ရာ ဘယ်သူတွေပါဝင်ကျူးလွန် ခဲ့တာလဲဆိုတာ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ ယင်းဖြစ်စဉ်မှာ ပြိုင်ကားတစ်စီးကို အငှားယာဉ်က ကျော်တက်မိရာမှ ပြိုင်ကားများက လိုက်လံပိတ်ဆို့ကာ ပြိုင်ကားများပေါ်ပါ အသက် ၂ဝ ကျော်ခန့်ရှိ အမျိုးသားငါးဦးက ဘေ့စ်ဘောတုတ်များဖြင့် အငှားယာဉ်မောင်း အပါအဝင် ကားပေါ်ပါခရီးသည် သုံးဦးပါမချန် ဝိုင်းဝန်းရိုက်နှက်တဲ့အပြင် အငှားယာဉ်ကိုလည်း ခဲများဖြင့်ထုခြင်း၊ ဘေ့စ်ဘောတုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ယင်းကဲ့သို့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အငှားယာဉ်ရှေ့ဘောနက်၊ ဝဲပါးခြမ်း၊ ဝဲ/ယာရှေ့တံခါး၊ နောက်ဖုံးများ၊ ကားရှေ့နောက်လေကာမှန်များ၊ တံခါးမှန်များ ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရရာ ကျူးလွန်သူများရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်ဟာတရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ရွံ့ကြောက်စရာ

တကယ်တော့ ရန်ကုန်မြို့လမ်းမကြီးများပေါ် အထူးသဖြင့် ပြည်လမ်းမကြီးပေါ်မှာ ပြိုင်ကားအုပ်စုများရဲ့ရမ်းကားစွာ မောင်းနှင်ခြင်း၊ အခြားယာဉ်များကို လိုက်လံယှဉ်ပြိုင် မောင်းနှင်ခြင်းနဲ့ ရန်ရှာတဲ့ဖြစ်ရပ်တွေဟာ ညဥ့်နက်ပိုင်းတွေမှာ ဖြစ်ပွားလေ့ရှိနေခဲ့တာ ကြာပါပြီ။ ပြိုင်ကားမောင်းနှင်သူများရဲ့ စည်းကမ်းမဲ့မောင်းနှင် မှုများကြောင့် ယာဉ်မတော်တဆ မှုများလည်း ဖြစ်ပွားခဲ့ရသလို ယခုကဲ့သို့ အုပ်စုဖွဲ့ရန်ရှာ မှုတွေကလည်း ရန်ကုန်မြို့ရဲ့ ညအလှကို အကျည်းတန် စေခဲ့ပါတယ်။ တန်ဖိုးကြီးတဲ့ ပြိုင်ကားများကို မောင်းနှင်နေသူများဟာ လူငယ်အများစု ဖြစ်နေလေ့ရှိပြီး ယခုကဲ့သို့ ဘေ့စ်ဘောတုတ်များကိုင် ဆောင်ရန်ရှာမှုများကို အလေ့အကျင့် တစ်ခုအဖြစ် လုပ်ဆောင်နေခြင်းဟာလည်း မြင်ရကြားရသူတွေအဖို့ ရွံ့ကြောက်စရာ ဖြစ်ရပါတယ်။ အထူးသဖြင့် ယင်းကဲ့သို့ဖြစ်ရပ် ကျူးလွန်သူများအပေါ် ထိထိရောက်ရောက် အရေးယူမှုတွေ ရှိလာပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

အရေးယူနိုင်မှု အားနည်းခဲ့

ယခုကဲ့သို့ အုပ်စုဖွဲ့ရိုက်နှက်မှုကျူးလွန်သူတွေကို တည်ဆဲဥပဒေများအရ ထိထိရောက်ရောက် အရေးယူဖို့ အများစုက မျှော်လင့်နေကြပေမယ့် ယခင်ပြိုင်ကားများရဲ့ ရမ်းကားမှုများကို အရေးယူနိုင်မှု အားနည်းခဲ့ခြင်းကြောင့် ယခုဖြစ်စဉ်မှာလည်း ကျူးလွန်သူများကို ထိရောက်တဲ့အရေးယူမှုများ ပြုလုပ်နိုင်မလားဆိုတာ စိတ်ဝင်တစားရှိနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယင်းဖြစ်စဉ်ကိုလှိုင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပြီး ယင်းဖြစ်စဉ်တွင်ပါဝင်တဲ့ ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင် ပြိုင်ကားအား ဖေဖော်ဝါရီ ၁၉ ရက်မှာ မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီ အိမ်ရာတွင် သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ချိတ်ဆက်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂ဝ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

အနိုင်ကျင့်သော လုပ်ရပ်အဖြစ် ဝေဖန်မှုများရှိ

ယခုဖြစ်စဉ်ကို လေ့လာကြည့်ပါက သာမန်ရန်ဖြစ်မှု တစ်ခုလို့ဆိုနိုင်ပေမယ့် အဆိုပါသတင်းကို မီဒီယာများရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ရာ ဖတ်ရကြားရသူများရဲ့ မှတ်ချက်အများစုတွင် အာဏာ၊ ငွေကြေးရှိသူ လူတစ်စုကအခြားသူများကို အနိုင်ကျင့်နေတဲ့ဖြစ်ရပ်လို့ ရှုမြင်ကာ ဝေဖန်မှုအများအပြား ရှိခဲ့တာတွေ့ရပါတယ်။ ဝေဖန်မှုတွေမှာ တန်ဖိုးကြီးပြိုင်ကား စီးနိုင်သူတွေဖြစ်တာကြောင့် ငွေကြေး၊ အာဏာများကို အသုံးပြုကာ ယခုဖြစ်စဉ်တွင် အရေးယူမခံရအောင် ရှောင်တိမ်းနိုင်မယ်လို့ ယူဆသူတွေ ရှိနေသလို အပြစ်ကျူးလွန်သူကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးခြင်းဖြင့် အများစုရဲ့ဘဝတွေကို လုံခြုံမှုပေးနိုင်တဲ့ တရားဥပဒေ စိုးမိုးရေးရှိသင့်တယ်လို့ ဝေဖန်မှုများ ရှိနေတာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ အများပြည်သူများရဲ့ တုံ့ပြန်မှုများတွင် ဝေဖန်မှုတွေ အများအပြားရှိနေသလို ယင်းဖြစ်စဉ်အပေါ် သက်ဆိုင်ရာက အရေးယူတဲ့ အနေအထားကိုလည်း စောင့်ကြည့်နေကြမှာဖြစ်လို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း ကျောသားရင်သား မခွဲခြားဘဲ ထိရောက်တဲ့ အရေးယူမှုများ ပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။

ဘယ်လိုအရေးယူမလဲ

မီဒီယာတွေမှာပါရှိခဲ့တဲ့ အငှားယာဉ်မောင်းရဲ့ဖြေကြားမှုတွင် ယင်းအားဝိုင်းဝန်း ရိုက်နှက်နေသော နေရာအနီးမှာ ရဲကင်းတစ်ခုရှိပြီး ရဲဝန်ထမ်းများ ရှိနေခဲ့သော်လည်း ဝိုင်းဝန်းရိုက်နှက်ခံနေရစဉ် လာရောက်တားဆီးမှု မရှိခဲ့ဘူးလို့ ပါရှိခဲ့သလို ယခင်ပြိုင်ကား မောင်းနှင်သူများရဲ့ ရမ်းကားမှုများမှာလည်း ထိရောက်တဲ့ ကာကွယ်အရေးယူမှုတွေ မတွေ့ရသလောက် နည်းပါးခဲ့မှုတွေကြောင့် ယခု ဖြစ်စဉ်ကိုလည်း သက်ဆိုင်ရာက ဘယ်လိုကိုင်တွယ် မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေတာ ဖြစ်ပါတယ်။ ယခင်က စည်းကမ်းမဲ့မောင်းနှင်တဲ့  ပြိုင်ကားအချို့ကို တိုင်းဒေသကြီးအစိုးရက ထိန်းသိမ်းမှုအချို့ ရှိခဲ့သော်လည်း ရိုက်နှက်တဲ့ဖြစ်စဉ်များ ပါဝင်နေတယ်ဆိုသော ယခုဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းက ပုဒ်မ ၄၄ဝ/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ထားရာ ဘယ်လိုဆက်လက် အရေးယူဆောင်ရွက်မလဲဆိုတာ အရေးပါနေတာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိစေဖို့အတွက် တရားမျှတတဲ့ ဥပဒေတွေရှိဖို့ လိုအပ်သလို တရားဥပဒေ စိုးမိုးဖို့အတွက် ဆောင်ရွက်ချက်တွေအပေါ် အများပြည်သူများရဲ့လက်ခံကျေနပ်မှုကလည်း အရေးကြီးလှပါတယ်။ အချို့ဖြစ်ရပ်များတွင် အများရဲ့အမြင်မှာ တရားဥပဒေလက်တံ သက်ရောက်မှု အားနည်းနေတယ်လို့ ထင်မြင်နေမှုဟာ တရားဥပဒေ စိုးမိုးမှုအပေါ် ယုံကြည်အားကိုးမှုကို လျော့ပါးစေနိုင်သလို တစ်ဖက်မှာလည်း တရားဥပဒေကို လွယ်လွယ်နဲ့ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

(အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသည့် အငှားယာဉ်ကို တွေ့ရစဉ်)

နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိစေဖို့အတွက် တရားမျှတတဲ့ ဥပဒေတွေရှိဖို့ လိုအပ်သလို တရားဥပဒေ စိုးမိုးဖို့အတွက် ဆောင်ရွက်ချက်တွေအပေါ် အများပြည်သူများရဲ့လက်ခံကျေနပ်မှုကလည်း အရေးကြီးလှပါတယ်။ အချို့ဖြစ်ရပ်များတွင် အများရဲ့အမြင်မှာ တရားဥပဒေလက်တံ သက်ရောက်မှု အားနည်းနေတယ်လို့ ထင်မြင်နေမှုဟာ တရားဥပဒေ စိုးမိုးမှုအပေါ် ယုံကြည်အားကိုးမှုကို လျော့ပါးစေနိုင်သလို တစ်ဖက်မှာလည်း တရားဥပဒေကို လွယ်လွယ်နဲ့ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း တင်ပြလိုက်ရပါတယ်
 
EMG
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis