menu

Friday 14 February 2014

သြ၀ါဒပါတိမောက် အခါတော်နေ့

Photo: #emg_opinions

သြ၀ါဒပါတိမောက် အခါတော်နေ့ 

Written By - အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

သြ၀ါဒပါတိမောက်အခါတော်နေ့  ဖြစ်ပေါ်လာပုံ

အစိန္တေယျဂေါတမမြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ထိုနှစ် တပို့တွဲလပြည့်နေ့တွင် တပည့်သာဝက ရဟန်း ၁၂၅၀ တို့နှင့်အတူ ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိတော်မူ၏။

ထိုနေ့သည်
    ၁။ တပို့တွဲလပြည့်နေ့ ဖြစ်ခြင်း၊
    ၂။ မည်သူတစ်ဦးတစ်ယောက် ပင့်ဖိတ်ခြင်း အလျှင်းမရှိဘဲ မိမိတို့သဘောအတိုင်း သံဃာ ၁၂၅၀ စုဝေးဖြစ်ခြင်း၊
    ၃။ ရဟန်းတော်၁၂၅၀တို့သည် “ဧဟိဘိက္ခု” ရဟန်းများချည်းဖြစ်ခြင်း၊
    ၄။ ထိုရဟန်းတော်အားလုံးတို့သည်  ဆဠာဘိည ခေါ် အဘိညာဉ် (၆) ပါးနှင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ဖြစ်ကြခြင်းဟူသော အင်္ဂါ လေးပါးနှင့် ပြည့်စုံသည့်ပြင် သာဝကအစည်းအဝေး မဟာသမယ-နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။

ထိုသို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသောကြောင့် ဘုရားမြတ်စွာသည် တပို့တွဲလပြည့်နေ့တွင် သြ၀ါဒပါတိမောက်ကို ပထမဆုံး ပြတော်မူ၏။ ထို့ကြောင့် တပို့တွဲလပြည့်နေ့ကို “သြ၀ါဒပါတိမောက် အခါတော်နေ့” ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ရဟန်း ၁၂၅၀ ဟူသည် ဥရုဝေလ က ဿပညီနောင်ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်နှင့် တပည့် ၂၅၀ တို့ ဖြစ်ကြ၏။ တပို့တွဲလပြည့်နေ့သည် အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သည့်အပြင် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့အား လက်ယာတော်ရံ၊ လက်ဝဲတော်ရံ အဂ္ဂသာဝဘွဲ့၊ ပညာအရာ၊ တန်ခိုးအရာ ဧတဒဂ်ဘွဲ့များကို အသီးသီး ချီးကျူးတော်မူသော နေ့လည်းဖြစ်သည်။

ပရိက္ခရာရှစ်ဖြာ လှူဖူးသောအမျိုးကောင်းသားသည် တရားထူးရသည်နှင့် ဘုရားမြတ်စွာက လက်ယာလက်ဆန့်တန်းပြီး “ဧဟိဘိက္ခု ရဟန်းလာလော့”ဟု ခေါ်ဆိုလိုက်သည်နှင့် လူ့အသွင်ပျောက်ပြီး ပရိပက္ခရာရှစ်စုံ ခန္ဓာကိုယ်မှာ ခြုံလျက် ၀ါတော်(၆၀)ရ မထေရ်အသွင်ဖြစ်သူများကို “ဧဟိ ဘိက္ခု” ဟု ခေါ်ဆိုပါသည်။ 

ပါတိမောက်

ထိန်းသိမ်းစောင့်ရှောက် လိုက်နာသူတို့ကို အပါယ်စသော ဘေးဒုက္ခတို့မှ လွတ်မြောက်စေတတ်သောကြောင့် ပါတိမောက်ဟု ခေါ်ဆို၏။ ထိုပါတိမောက်သည် (၁) သြ၀ါဒ ပါတိမောက်။(၂) အာဏာပါတိမောက် ဟူ၍ နှစ်မျိုးရှိ၏။ဘုရားရှင်တို့၏ အဆုံးအမကို သြ၀ါဒပါတိမောက်ဟု ခေါ်ဆိုပြီး ဘုရားရှင်တို့ ပညတ်တော်မူသော သိက္ခာပုဒ်တို့ကို အာဏာပါတိမောက်ဟု ခေါ်ဆိုပါသည်။ ရဟန်းတော်များ လိုက်နာကြရမည့် သိက္ခာပုဒ် ၂၂၇ ပုဒ်တို့ ဖြစ်၏။ ထိုပါတိမောက်နှစ်မျိုးတွင် သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြဆိုတော်မူပြီး အာဏာပါတိမောက်ကို သာဝကတို့ ပြကြရပါသည်။ (ဟောကြားတော်မူခြင်း၊ ဆုံးမတော်မူခြင်း၊ ရွတ်တော်မူခြင်းကို သာသနဝေါဟာရအားဖြင့် ပါတိမောက်ပြသည်ဟု ဆိုပါသည်) သြ၀ါဒပါတိမောက်ဟူသည် ပွင့်တော်မူပြီးကုန်သော ဘုရားရှင်အဆူဆူတို့၏ အဆုံးအမတော်ဖြစ်ပြီး ထိုအဆုံးအမတော်သည် ဂါထာ (သုံး) ဂါထာမျှသာ ရှိပါသည်။

ပထမဂါထာ

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ - သူတစ်ပါးတို့က စွပ်စွဲခြင်း၊ ပြစ်မှားခြင်းနှင့် အချမ်းအပူ အစရှိသည်တို့ကို မျက်နှာမနွမ်းခံနိုင်စွမ်းရှိခြင်းဟူသော ၀ီရိယသည် မြင့်မြတ်သော အကျင့်ဖြစ်၏။

အရာခပ်သိမ်းကို မျက်နှာမနွမ်းစိတ်မပင်ပန်းဘဲ သည်းခံနိုင်စွမ်းရှိသော ၀ီရိယကို ခန္တီဟုဆို၏။ တစ်ဖန် သည်းခံနိုင်စွမ်းမရှိလျှင် ဒေါသဖြစ်မည်။ ဒေါသသည် သီလပျက်စီးခြင်း၏ ၀ိသေသအကြောင်း ဖြစ်၏။ထို့ကြောင့် သီလမပျက်စီးအောင် ဒေါသ၏ဆန့်ကျင်ဘက် အဒေါသ (မေတ္တာ) ဖြင့် သည်းခံကြရသဖြင့် မေတ္တာကိုလည်း ခန္တီဟုပင် ဆိုရ၏။ ထိုသို့ ခန္တီအကျင့်မြတ်ဖြင့် နေနိုင်ကြမှသာ စိတ်ချမ်းမြေ့နိုင်၏။ သူတစ်ပါးတို့သည် ကိုယ့်အပေါ် မတော်မတရားပြုခြင်းနှင့် သဘာဝဘေးဒဏ်စသည်တို့၌ မဖြုံ၊ မတုန်မလှုပ်စိတ်ကို ခိုင်မာအောင်ထားရမည်ကို ဆုံးမတော်မူလိုရင်း ဖြစ်ပါသည်။

၂။ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ-တဏှာမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို အမြင့်မြတ်ဆုံးဟူ၍ ဗုဒ္ဓဘုရားရှင်အဆူဆူတို့ ဟောတော်မူကြ၏။

တဏှာသည် ဘ၀ထိုထိုကို မက်မောတပ်မက်တတ်၏။ ထိုတဏှာမှ ထွက်မြောက်ရာ နိဗ္ဗာန်သည် ငြိမ်းအေးခြင်း၊ မွန်မြတ်ခြင်း၊ သိမ်မွေ့ခြင်း၊ အေးမြခြင်း စသောဂုဏ်တို့နှင့် ပြည့်စုံသောကြောင့် အမြတ်ဆုံးဖြစ်၏။ ဟု ဘုရားရှင်တိုင်း မိန့်တော်မူခဲ့ကြခြင်းဖြစ်၏။

၃။ န ဟိ ပဗ္ဗဇိတော ပရူပဃာတီ- သူတစ်ပါးကို သတ်ဖြတ်လေ့ရှိသူသည် ရဟန်းသူမြတ် မဟုတ်။

၎။ န ဟိ သမဏော ဟောတိ ပရံ ၀ိ ဟေဌယန္တော- သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်တတ်သူသည် အပူခပ်သိမ်း ကိလေသာငြိမ်းအေးသူ ရဟန်းအစစ် မဖြစ်နိုင်။

ခန္တီ-ဆိုသော သည်းခံခြင်းတရားမရှိလျှင် တစ်ပါးသူတို့ကို သတ်ဖြတ်တတ်၏။ တုတ်၊ ဓားစသော လက်နက်တို့ဖြင့်လည်း ညှဉ်းဆဲ၊ ပုတ်ခတ်ရိုက်နှက်၊ နှိပ်စက် ပစ်ခတ် သတ်ဖြတ်မည်ဖြစ်၏။ ထို့ကြောင့် သီလပျက်တော့၏။
ထိုသောအခါ သီလပျက်သူမှာ ရှင်းထုတ်ရမည့် အကုသိုလ် အညစ်အကြေးကို ရှင်းမထုတ်နိုင်သဖြင့် ပဗ္ဗဇိတ-ရှင်ရဟန်း၊ ကိလေသာစိတ်အပူတို့ကို အေးငြိမ်းသူ၊ အပူကင်းသူ သမဏ ဟုမဆိုနိုင်တော့။

ဒုတိယဂါထာ

၁။ သဗ္ဗပါပဿ အကာရဏံ - အပြစ်ရှိငြား ခပ်သိမ်းသော အကုသိုလ်တရားတို့ကို မပြုလုပ်ရခြင်း။
၂။ ကုသလဿ ဥပသမ္ပဒံ - အပြစ်မဲ့ငြား ကုသိုလ်တရားတို့ကို ပြည့်စုံစေရခြင်း။
၃။ သစိတ္တပရိယောဒပနံ- ညစ်ညူးကြောင်း နီဝရဏတရားတို့မှ မိမိစိတ်ကို ဖြူစင်စေခြင်း။

သီလစောင့်ထိန်းခြင်းဖြင့် အကုသိုလ်အားလုံးကို ဖြစ်ခွင့်မပေးဘဲ ပယ်မြစ်၍ လောကီလောကုတ္တရာကို သမထ၀ိပဿနာကုသိုလ်များစွာကို ဖြည့်ကျင့်စေလျက် အရဟတ္တ ဖိုလ်ပေါက် အဆုံးရောက်အောင် စိတ်ကိုစင်ကြယ်စေရမည်ကို ဆုံးမတော်မူလိုရင်း ဖြစ်ပါသည်။

တတိယဂါထာ

၁။ အနူပ၀ါဒေါ - ကိုယ်တိုင်လည်း သူတစ်ပါးတို့ကို မစွပ်စွဲခြင်း၊ အခြားသူတို့ကိုလည်း မစွပ်စွဲစေခြင်း။
၂။ အနူပဃာတော - ကိုယ်တိုင်လည်း သူတစ်ပါးတို့ကို မညှဉ်းပန်းမနှိပ်စက် မသတ်ဖြတ်ခြင်း၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းပန်းစေ၊ မနှိပ်စက်စေ မသတ်ဖြတ်စေခြင်း။
၃။ ပါတိမောက္ခေစ သံဝရော - အကြီးအကဲသီလ၌ အပြစ်မလိမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း။
၎။ မတ္တညူတာစ ဘတ္တသိံ္မ- ဆွမ်း ပစ္စည်း၌ အတိုင်းအရှည်ပမာဏကို သိခြင်း။
၅။ ပန္ထဉ္စ သယနာသနံ- လူတို့နှင့်ဝေးကွာ တိတ်ဆိတ်ငြိမ်သက်သော တောရကျောင်း၌ မွေ့ပျော်ရခြင်း။
၆။ အဓိစိတ္တေ စ အာယာဂေ - ၀ိပဿနာဥာဏ်၏ အခြေခံရှစ်တန် သောသမာပတ်၌ မပြတ်ကြိုးကုတ် အားထုတ်ရခြင်း၊ ဧတံ ဗုဒ္ဓါနံ သာသနံ - ဤအဆုံးအမသြ၀ါဒတို့ သည် ဂင်္ဂါဝါဠု သဲဆူမက ပွင့်တော်မူကြသည့် ဆူဆူထွတ်ထား သဗ္ဗညုဘုရားမြတ်စွာတို့၏ လိုရင်းထုံးပြ အဆုံးအမတော် သြ၀ါဒများ ဖြစ်ကြ၏။

ကိုယ်နှုတ်စိတ်တို့ဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ တစ်ပါးသူတို့ကို သော်လည်းကောင်း၊ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ထိပါး ပုတ်ခတ် သတ်ဖြတ်ခြင်းစသည်တို့ကို ရှောင်ကြဉ်အပ်၏။ ရဟန်းတို့ စောင့်ထိန်းအပ်သည့် ပါတိမောက္ခသီလကို စောင့်ထိန်းနိုင်ပါမှ အပါယ်ဘ၀တို့က လွတ်မြောက်နိုင်မည် ဖြစ်၏။ တိုင်းသားပြည်သူတို့သည် ကြည်ဖြူစွာ လှူဒါန်းအပ်သောဆွမ်းကို အလှူခံရာတွင် အတိုင်းအတာပမာဏကို သိတတ်ကြရ၏။ မြို့ရွာလူသံ မဆူညံဘဲအပူသံတိတ်ဆိတ် ငြိမ်သက်အေးချမ်းသော ကျောင်းသင်္ခမ်းတို့၌ ချမ်းမြေ့စွာ သီတင်းသုံးနေထိုင်ကြရပြီး ၀ိပဿနာဥာဏ်၏ အခြေခံဖြစ်သော သမာပတ် ရှစ်တန်အကျင့်မှန်တို့ကို မဂ်ဖိုလ်သို့ ဆိုက်အောင် အားထုတ်ကြရပါမည်။

သြ၀ါဒကို သာသနာဟု စကားလုံးဖလှယ်၍ အသုံးပြုပြဆိုထားသည်ကို သတိပြုအပ်၏။ ဗုဒ္ဓဘာသာမှာတော့ သာသနာဆိုတာ အထက်ပါအတိုင်း ပွင့်တော်မူပြီး ဘုရားရှင်အဆူဆူတို့၏ သြ၀ါဒများသာ ဖြစ်၏။
ဗုဒ္ဓဘုရားရှင်တို့၏ နှစ်ရှည်လများ ဟောကြားတော်မူသော ဒေသနာအားလုံးသည် ဤဂါထာ (သုံး) ပုဒ်ဖြင့် အနှစ်ချုပ်ပြီး သီလသာသနာ၊ သမာဓိ၊ သာသနာ၊ ပညာ သာသနာဟူသော သိက္ခာသုံးရပ်အကျင့်မြတ် (ဗြဟ္မစရိယ) ကို ပြဆိုတော်မူ၏။

ဘုရားရှင်များနှင့်  သြ၀ါဒပါတိမောက်

ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်အဆူဆူတို့သည် ပွင့်ရာကာလ၊ သက်တမ်း၊ မိဘမျိုးရိုး စသည်ကွဲပြားကြသော်လည်း ဤသြ၀ါဒ ပါတိမောက်ကား ကွဲပြားခြားနားခြင်းမရှိဘဲ ပြချိန်ကာလမျှသာ ကွဲပြားပါသည်။

၁။ ၀ိပဿီဘုရားရှင်သည် ခုနစ်နှစ်လျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒပါတိမောက်သည် ခုနစ်နှစ်ကြာ တည်၏။ ခုနစ်နှစ်ကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၂။ သိခီဘုရားရှင်နှင့် ဝေဿဘူဘုရားရှင်တို့သည် ခြောက်နှစ်လျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒသည်  ခြောက်နှစ်ကြာ တည်၏။  ခြောက်နှစ်ကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၃။ ကကုသန်ဘုရားရှင်နှင့် ကောဏာဂုံဘုရားရှင်တို့သည် တစ်နှစ်လျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒပါတိမောက်သည် တစ်နှစ်ကြာ တည်၏။ တစ်နှစ်ကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၎။ ကဿပဘုရားရှင်သည် ခြောက်လလျှင် တစ်ကြိမ်သာ သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ ထိုတစ်ကြိမ်ပြသော သြ၀ါဒပါတိမောက်သည် ခြောက်လကြာ တည်၏။ ခြောက်လကြာ ဆုံးမပြီးသား ဖြစ်တော့၏။
၅။ ဂေါတမဘုရားမြတ်စွာသည် မဟာသက္ကရာဇ် (၁၀၃) တပို့တွဲလပြည့်နေ့မှစ၍ လပြည့်လကွယ်နေ့များတွင် သံဃာတော်များနှင့်အတူ သြ၀ါဒပါတိမောက်ကို ပြတော် မူပါသည်။
ဝိပဿီစသော သက်တမ်းရှည် ဘုရားမြတ်စွာတို့သည် သက်တမ်းရှည်သမျှ ကာလပတ်လုံး သြ၀ါဒပါတိမောက်ကို ပြတော်မူ၏။ အစိန္တေယျ ဂေါတမမြတ်ဗုဒ္ဓသည် လူတို့ သက်တမ်း (၁၀၀) နှစ်၊ သက်တမ်းတိုကာလ၌ ပွင့်တော်မူသောကြောင့် ပထမဗောဓိခေါ် ၀ါတော် (၂၀) အတွင်းသာ သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ ထိုသို့ ပထမဗောဓိခေါ် ၀ါတော် ၁၀ နှစ် ပြည့်ပြီး နောက် သာဝကတို့အား သိက္ခာပုဒ်တော်များကို ပညတ်တော်မူ၏။
သိက္ခာပုဒ်ဟု ခေါ်ဆိုအပ်သော အာဏာပါတီမောက်ကို လပြည့်လကွယ်နေ့များတွင် တစ်သာသနာလုံးရှိ သံဃာတော်များသည် သိမ်အတွင်း၌ စုဝေးလျက် ယခုတိုင် ပြကြရပါသည်။ ထိုကို သံဃာတော်များ ဥပုသ်ပြုသည်ဟု ဆိုပါသည်။
ဘုရားရှင်သည် ပထမဗောဓိခေါ် ၀ါတော် (၂၀) ကျော်ပြီးနောက် သံဃာတော်များနှင့်အတူ ဥပုသ်ကျောင်းဆောင်သိမ်အတွင်း ဥပုသ်အတူတူ မပြုခြင်းသည် သံဃာတော်အချို့၌ ရဟန်းသိက္ခာ သီလစင်ကြယ်မှု မရှိခြင်းကြောင့် ဖြစ်၏။

ညီညွတ်ကြပါမှ ချမ်းသာမည်

သံဃာများစွာ သီတင်းသုံးသော စာသင်တိုက်ကြီးများ၌ လပြည့်လကွယ်နေ့များတွင် သိမ်ကျောင်းဆောင်အတွင်း သင့်လျော်ရာအချိန်၌ အတူစုဝေးပြီး ဥပုသ်ပြုကြရသကဲ့သို့ လေးပါးအောက် သံဃာနည်းသော ကျောင်းများ၊ တစ်ရွာတစ်ကျောင်း၊ တစ်ကျောင်း တစ်ပါးသာရှိသော ကျေးလက်တောရွာမှ ကျောင်းများတွင် သီတင်းသုံးတော်မူကြသည့် သံဃာများသည် သိက္ခာကြီး မထေရ် သီတင်းသုံးရာကျောင်းရှိ သိမ်၌ စုဝေးပြီး ဥပုသ်ပြုကြရပါသည်။ သံဃာတော်တို့ ညီညွတ်ပါမှ သံဃာတော်များနှင့် ထိုသံဃာတော်တို့ နေထိုင်ရာ တိုင်းနိုင်ငံ လူမျိုးတို့ ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိမည် ဖြစ်ပါသည်။ (သုခါ သံဃဿ သာမဂ္ဂီ)

ချမ်းသာခြင်း၊ ပြည်စုံတိုးတက်ခြင်းစသော ကောင်းခြင်းမှန်သမျှသည် ရဟန်းရှင်လူတို့၏ ညီညွတ်ကြခြင်း သဘောဆန္ဒတူ မျှခြင်းလျှင် အခြေတည်ပါသည်။ (သမ ဂ္ဂါနံ တပေါ သုခေါ)

ထို့ကြောင့် ရဟန်းရှင်လူများ ပြည်သူတို့ ဘုရားရှင်အဆူဆူတို့၏ အဆုံးအမသြ၀ါဒအတိုင်း လိုက်နာနေထိုင်ကြလျက် တညီတညွတ်တည်း၊ တစ်စိတ်တစ်ဝမ်းတည်းရှိမည်ဆိုလျှင် အမိမြန်မာနိုင်ငံတော်ကြီး အစဉ်အေးချမ်းသာယာနိုင်မည် ဖြစ်ကြောင်း။ 

(ကျိုက်ခေါက်ဘုရားပွဲအား ယမန်နှစ် တပို့တွဲလပြည့်ညက တွေ့ရစဉ်)

ထို့ကြောင့် ရဟန်းရှင်လူများ ပြည်သူတို့ ဘုရားရှင်အဆူဆူတို့၏ အဆုံးအမသြ၀ါဒအတိုင်း လိုက်နာနေထိုင်ကြလျက် တညီတညွတ်တည်း၊ တစ်စိတ်တစ်ဝမ်းတည်းရှိမည်ဆိုလျှင် အမိမြန်မာနိုင်ငံတော်ကြီး အစဉ်အေးချမ်းသာယာနိုင်မည် ဖြစ်ကြောင်း
 
EMG
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis