menu

Friday 14 February 2014

ချမ်းသာပလာဇာရှေ့တွင် လူငယ်တစ်စု ဝိုင်းရိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းမကြီးရှိ ချမ်းသာ ပလာဇာရှေ့တွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၂ နာရီခန့်က နေအိမ်သို့ ဆိုက်ကားဖြင့် ပြန်လာသော အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို လမ်းမဘေး အရက်သောက်နေသော လူငယ်တစ်စုက ဝိုင်းရိုက်သောကြောင့် သေဆုံးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ပုဇွန်တောင် ဥယျာဉ်အိမ်ရာ၊ တိုက် (၁) တွင် နေထိုင်သူ ကိုနိုင်ထွဋ်ခိုင်သည် ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က ဝိုင်အမ်ဘီအေရုံး အနီးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် ထမင်းကြော်စားပြီး ဆိုက်ကားဖြင့် အထက်ပုဇွန်တောင် လမ်းမကြီးအတိုင်း နေအိမ်သို့ ပြန်လာစဉ် ချမ်းသာပလာဇာရှေ့၌ လူငယ်လေးဦးအဖွဲ့က သံတုတ်၊ အုတ်ခဲကျိုးများဖြင့် ဝိုင်းရိုက်ခဲ့သောကြောင့် အိမ်သို့ ထွက်ပြေးခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် နံနက် ၅ နာရီခန့်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်ဥမ္မာက ရှင်းပြသည်။


“တူလေးက အသိဆိုက်ကားဆရာနဲ့ စကားပြောပြီး အိမ်ပြန်လာတာကို လမ်းဘေးမှာ အုပ်စုဖွဲ့ အရက်ထိုင်သောက်နေတဲ့ လူအုပ်က ဆူတယ်ဆိုပြီး ပြဿနာရှာပြီး ဝိုင်းရိုက်တာ။ ဆိုက်ကားဆရာက လွတ်သွားပေမယ့် တူလေးက တော်တော် အရိုက်ခံလိုက်ရတာ။ ဦးခေါင်းအတွင်းကြေ ဒဏ်ရာရပြီး အရေးပေါ်မှာတင် ဆုံးသွားရှာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လူအုပ်စုဖြင့် ဝိုင်းရိုက်ခဲ့သူများဟု ဆိုသူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန် ရပ်ကွက်နေသူများဖြစ်သော ကျော်ကြီး (ခ) အောင်ကျော်သန့် အပါအဝင် လေးဦးဖြစ်ပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ကိုနိုင်ထွဋ်ခိုင် သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်တဲ့ လူငယ်တွေထဲမှာ အသက် ၁၉ နှစ်ကျော်အရွယ်ကနေ အသက် ၃၀ အရွယ်အထိ ပါတယ်။ ရန်ငြိုးရှိဘဲနဲ့ လူတစ်ယောက်ကို သေလောက်အောင် ဝိုင်းရိုက်နှက်ခဲ့တာဟာ သေဆုံးသူ မိသားစုအတွက် အင်မတန် ဆုံးရှုံးနစ်နာရတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေကလည်း ဒီလိုမတရား အနိုင်ကျင့်တာမျိုး မဖြစ်ပွားအောင် ပြည်သူတွေအတွက် ဆောင်ရွက် ပေးစေချင်တယ်။” ဟု သေဆုံးခဲ့သော ကိုနိုင်ထွဋ်ခိုင်၏ အဒေါ်ဖြစ်သူက ထောက်ပြ ပြောဆိုသည်။

ကိုနေထွဋ်ခိုင် သေဆုံးခဲ့မှုကို သေမှုသေခင်းအမှတ် ၁/၁၄ဖြင့် ပုဇွန်တောင် မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ယင်းသေဆုံးမှုမှာ အရက်မူးနေသော လူငယ်တစ်စုက ဝိုင်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်ဟု ထပ်မံစစ်ဆေးချက် များကြောင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ) ၁၀၂/၁၄၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့်ကာ သံသယရှိသူ လေးဦးကို စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis