ပက်လက်ကုလားထိုင်
(Written by: မောင်ကြည်)
ကျွန်တော်တို့အိမ်မှာ ဧည့်သည်လာလျှင် ဧည့်ခံဖို့ရာ ဧည့်ခန်းသီးသန့်မရှိပါ။
ထို့ကြောင့် ဧည့်ခန်းနှင့်သာ လိုက်ဖက်တင့်တယ်သည့် ဆိုဖာဆက်တီခုံများလည်း
မရှိပါ။ ကျွန်တော်တို့အိမ်မှာ ဘုန်းကြီးများ ဆွမ်းခံကြွလျှင်
ထိုင်စရာကုလားထိုင်နှစ်လုံးသာ ရှိပါသည်။ သို့သော်
ထိုကုလားထိုင်နှစ်လုံးကလည်း ဆွမ်းခံကြွချိန်မှလွဲ၍ ကျန်အချိန်များတွင်
ထိုင်ဖို့အတွက် အသုံးပြုလေ့မရှိဘဲ တစ်ခါတစ်ရံ စားစရာသောက်စရာများ
တင်သည့်စားပွဲ၊ တစ်ခါတစ်ရံ စာရေးစားပွဲအဖြစ်သာ အသုံးပြုလေ့ရှိပါသည်။
ကျွန်တော်တို့အိမ်တွင် ထိုင်စရာဆိုလို့ ပက်လက်ကုလားထိုင်တစ်လုံးသာ
ရှိပါသည်။ ထိုပက်လက်ကုလားထိုင်သည် အမြဲတစေ အဖေသာထိုင်လေ့ရှိသောကြောင့်
ကျွန်တော်အပါအ၀င် ကျန်အိမ်သူအိမ်သားများနှင့် လားလားမျှမဆိုင်သောအရာ
ဖြစ်ပါသည်။ အဖေအိမ်မှာရှိသည့်အချိန်များတွင်သာ ထိုင်လေ့ရှိသောကြောင့်
အဖေမရှိသည့်အချိန်များတွင် ထိုပက်လက်ကုလားထိုင်ကား ထိုင်သူမဲ့နေပါတော့သည်။
ထိုအချိန်မျိုးတွင် ထိုပက်လက်ကုလားထိုင်ကို ၀င်ထိုင်လေ့ရှိသူမှာ
ကျွန်တော်သာလျှင်ဖြစ်ပါသည်။ ကျွန်တော်သည် ထိုပက်လက်ကုလားထိုင်ပေါ်မှာ
တစ်ခါတစ်ရံ စာရေးစာဖတ်လုပ်၏။ တစ်ခါတစ်ရံ အခွေထိုးကာ
ဗီဒီယိုထိုင်ကြည့်လေ့ရှိ၏။ အဖေမရှိသည့်အချိန်များ၌ ထိုပက်လက်ကုလားထိုင်ကို
ကျွန်တော်ပိုင်ဆိုင်ခွင့်ရသည်ဟု ပြောလို့ရပါသည်။
တကယ်တော့ အဖေ့
ပက်လက်ကုလားထိုင်သည် တော်တော်ထိုင်လို့ ကောင်းပါသည်။ ထိုပက်လက်ကုလားထိုင်၏
နောက်မှီကို ခပ်မတ်မတ် (သို့) ခပ်လျှောလျှော လုပ်လို့ရပါသည်။
မိမိကိုယ်ခန္ဓာနှင့် အဆင်ပြေသလို ပြုပြင်ပြီးထိုင်လို့ရသောကြောင့်
သက်သောင့်သက်သာရှိပါသည်။ ပက်လက်ကုလားထိုင်နှင့် ရိုးရိုးကုလားထိုင်မတူပါ။
ရိုးရိုးကုလားထိုင်က ခါးကိုမတ်မတ်ထားကာ ထိုင်ရသောကြောင့် ကြာလျှင်
ကိုယ်ခန္ဓာတောင့်တင်းကာ ညောင်းညာကိုက်ခဲလာပါတော့သည်။ ပက်လက်ကုလားထိုင်ကတော့
ထိုသို့မဟုတ်။ ကိုယ်ခန္ဓာကို တောင့်တောင့်ကြီး လုပ်နေစရာမလိုဘဲ
ကိုယ်ခန္ဓာတစ်ခုလုံးကို ကုလားထိုင်နောက်မှီပေါ် စုပုံကာ
လှဲချလိုက်လို့ရသောကြောင့် သက်သောင့်သက်သာ ဖြစ်ရုံမကဘဲ
ထိုင်ရင်းထိုင်ရင်းနဲ့ တစ်ခါတစ်ရံ မှေးခနဲတောင် အိပ်ပျော်သွားတတ်ပါသည်။
အဖေသည် ထိုပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း အိပ်ပျော်သွားတတ်သည်ကို
ကျွန်တော်တွေ့ဖူးပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း
ထိုကုလားထိုင်ပေါ်မှာထိုင်ကာ ရုပ်ရှင်ကြည့်နေရင်း မျက်လုံးများစင်းကာ
အိပ်ပျော်သွားတတ်သည်ကို ခဏခဏ ကြုံခဲ့ဖူးပါသည်။
ပက်လက်ကုလားထိုင်နှင့်ပတ်သက်ပြီး ကြားဖူးတာတစ်ခုရှိပါသည်။ ၎င်းအဖြစ်
အပျက်ကိုမယုံလျှင် ပုံပြင်လို့သာ မှတ်လိုက်ပါတော့။ တစ်ခါတုန်းက
အလုပ်ကိုကြိုးစား လုပ်ကိုင်တတ်သည့် လူတစ်ယောက်ရှိပါသည်။ ထိုလူသည်
ဝီရိယထက်ထက်သန်သန်နှင့် အလုပ်လုပ်ကာ သူ့မိသားစုကို ရှာဖွေကျွေးမွေး၏။
ထိုကဲ့သို့ သူအလုပ်ကြိုးစားနေသည်ကို မနာလိုမရှုဆိတ်ဖြစ်နေသော
အိမ်နီးချင်းတစ်ယောက်ရှိလေသည်။ ၎င်းအိမ်နီးချင်းသည် ထိုလူ
အလုပ်အရမ်းလုပ်သည်ကို ဘယ်လိုနှောင့်ယှက်ဖျက်ဆီးရမလဲဆိုတာကို
အချိန်တိုင်းစဉ်းစားနေသည်။ နောက်ဆုံးတော့ အကြံတစ်ခုရသွားပါသည်။ ၎င်းအကြံမှာ
ထိုလူ့အတွက် ကုလားထိုင်တစ်လုံးလုပ်ပေးရန်ဖြစ်သည်။
၎င်းကုလားထိုင်သည်
သက်သောင့်သက်သာထိုင်လို့ကောင်းသည့် ကုလားထိုင်မျိုး ဖြစ်ရမည်။ ထို့အပြင်
၎င်းကုလားထိုင်ပေါ်မှာ ထိုင်မိသူသည် မကြာခဏ ထိုကုလားထိုင်ပေါ်မှာပဲ
ထိုင်ချင်စိတ်ပေါက်နေရမည်။ တခြားအလုပ်လုပ်နေချိန်မှာတောင်
ထိုကုလားထိုင်အကြောင်း စဉ်းစားမိရက်သားဖြစ်နေစေရမည်။ ထို့ကြောင့်
၎င်းအိမ်နီးချင်းသည် ပက်လက်ကုလားထိုင်တစ်လုံးကို သူ့စိတ်ကူးနှင့်ပုံဖော်ကာ
ဖန်တီးလိုက်ပါသည်။ ထို့နောက် ၎င်းပက်လက်ကုလားထိုင်ကို အလုပ်အရမ်းလုပ်သည့်
ထိုလူအား လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။ ပက်လက်ကုလားထိုင် ထိုင်ရသည့်နေ့မှစ၍
ထိုလူသည် အလုပ်ကို ကောင်းကောင်းမလုပ်တော့။ အလုပ်လေး နည်းနည်းလုပ်လိုက်
ပင်ပန်းလာသည်နှင့် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နားလိုက်။ အလုပ်လုပ်လိုက်
နားလိုက်နှင့် ထိုလူသည် တဖြည်းဖြည်း ပျင်းရိငြီးငွေ့လာသည်။
အချိန်တိုင်းလိုလို ပက်လက်ကုလားထိုင်ပေါ်မှာပဲ ထိုင်နေချင်တော့သည်။
ဤသို့ဖြင့် နောက်ဆုံးမှာတော့ ပက်လက်ကုလားထိုင်တစ်လုံးက ထိုလူ၏စိတ်ကို
လွှမ်းမိုးကာ အနိုင်ယူသွားပါသတဲ့။
ကျွန်တော်သည်
ကုလားထိုင်တီထွင်ခဲ့သူကို ချီးကျူးမိပါသည်။ သို့သော် ပက်လက်ကုလားထိုင်
တီထွင်ခဲ့သူကိုတော့ နည်းနည်းစောဒက တက်ချင်ပါသည်။ ကျွန်တော့်အထင်
ပက်လက်ကုလားထိုင်ကို တီထွင်ခဲ့သူသည် အပျင်းကြီးသည့် လူတစ်ယောက်လား
(ဒါမှမဟုတ်) အထက်ပါ ပုံပြင်ထဲမှလူလို တစ်ဖက်သားကို
မနာလိုစိတ်အားကြီးခဲ့သူလားဟု တွေးနေမိပါသည်။ မည်သို့ဆိုစေ
ပက်လက်ကုလားထိုင်က ရိုးရိုးကုလားထိုင်ထက် ပိုထိုင်လို့ကောင်းတာကတော့
သေချာပါသည်။ ပိုပြီးသေချာတာကတော့ ပက်လက်ကုလားထိုင်သည် ကျွန်တော်တို့၏
အပျင်းစိတ်ကိုပိုပြီး ထက်သန်လာအောင် လှလှပပ သွေးဆောင်ဖြားယောင်းနေသည့်
အချက်ပါပဲ။
မောပန်းနွမ်းနယ်နေသူများအတွက် ပက်လက်ကုလားထိုင်သည်
သင့်တော်သည့် အရာတစ်ခုဖြစ်သော်လည်း ၎င်းပက်လက်ကုလားထိုင်၏ ဆွဲဆောင်မှုကြောင့်
တစ်ခဏတာမှ တစ်ဘ၀တာ အပန်းဖြေချင်သည့်
စိတ်မျိုးပေါ်ပေါက်လာနိုင်သည်ဆိုတာကိုတော့ ကျွန်တော်တို့
သတိပြုမိဖို့လိုပါသည်။ ပက်လက်ကုလားထိုင်သည် သတိရှိနေသူကို သတိမေ့သွားအောင်
လုပ်နိုင်စွမ်းရှိသည်။ မောပန်းနွမ်းနယ်နေသူကို မေ့မြောကာ
အိပ်ပျော်သွားလောက်သည်အထိ ဆွဲဆောင်နိုင်စွမ်းရှိသည်။ ၀ီရိယထက်သန်သူများကို
ပျင်းရိလေးတွဲကာ ထိုင်းမှိုင်းသွားလောက်သည်အထိ ညှို့ငင်နိုင်စွမ်းရှိသည်။
ပက်လက်ကုလားထိုင်သည် နေမကောင်းဖြစ်နေသည့် လူမမာများ၊ ဇရာပိုင်းသို့
ချင်းနင်းဝင်ရောက်လာသည့် သက်ကြီးရွယ်အိုများအတွက် သင့်တော်သည့်အရာတစ်ခု
ဖြစ်သော်လည်း ကျန်းမာကြံ့ခိုင်ကာ သန်စွမ်းနေသော လူကောင်းများ၊
ဝီရိယရှိရှိနှင့် ထက်ထက်သန်သန်ကြိုးစားကာ အလုပ်လုပ်ရမည့် လူများအတွက်တော့
ခပ်ဝေးဝေးကနေ ရှောင်ရှားရမည့်အရာတစ်ခုသာ ဖြစ်ပါသည်။ တစ်ခုတော့ရှိပါသည်။
သင်သည် ကိုယ့်စိတ်ကိုယ်နိုင်သည့် လူတစ်ယောက်ဆိုလျှင်တော့
အမောအပန်းဖြေသည့်အနေနှင့် ခဏတာထိုင်လို့ရပါသည်။ သို့သော်
ထိုင်ရင်းထိုင်ရင်းနဲ့ သင့်စိတ်ကို ပက်လက်ကုလားထိုင်က
နိုင်သွားပြီဆိုလျှင်တော့။
EMG
No comments:
Post a Comment