menu

Sunday 12 January 2014

သမီးဖြစ်သူ၏ မွေးနေ့ပွဲကို တိရစ္ဆာန်ရုံတစ်ရုံလုံး ငှားရမ်းပြီး ဘီယွန်းစ်နှင့်ဂျေဇီ ကျင်းပ

မိုင်ယာမီ၊ ဇန်နဝါရီ ၁၁

ကမ္ဘာကျော် တေးသံရှင် ဇနီးမောင်နှံ ဖြစ်တဲ့ ဘီယွန်းစ်နဲ့ ဂျေဇီတို့ဟာ သူတို့ သမီးလေးရဲ့ မွေးနေ့ပွဲကို တိရစ္ဆာန်ရုံ တစ်ရုံလုံး ငှားရမ်းပြီး ကျင်းပခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဘီယွန်းစ်နဲ့ ဂျေဇီတို့ဟာ ဇန်နဝါရီလ ၇  ရက်နေ့မှာ ကျရောက်တဲ့ သူတို့ သမီးလေး Blue Ivy ရဲ့ ၂ နှစ်ပြည့် မွေးနေ့ပွဲကို မိုင်ယာမီမြို့မှာ ရှိတဲ့ Jungle Island လို့ အမည်ရတဲ့ တိရစ္ဆာန်ရုံကို ငှားရမ်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဘီယွန်းစ်တို့ ဇနီးမောင်နှံဟာ သူတို့ ရဲ့ သမီးလေး Blue Ivy အနှောင့်အယှက် ကင်းကင်းနဲ့ တိရစ္ဆာန်ရုံထဲမှာ လှည့်လည် ကြည့်ရှုနိုင်ဖို့အတွက် အခုလို တိရစ္ဆာန်ရုံ တစ်ရုံလုံးကို ငှားရမ်းပြီး မွေးနေ့ပွဲ ကျင်းပပေးခဲ့တာ ဖြစ်ပေမယ့် သူတို့ရဲ့သမီးလေးဟာ ယခုမှ ၂ နှစ်သာ ရှိသေးတဲ့အတွက် သူမြင်ရ၊ တွေ့ရတာတွေကို မှတ်မိနိုင်မယ် မထင်ဘူးလို့ အမေရိကန် သတင်းမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။

ဘီယွန်းစ်နဲ့ ဂျေဇီဟာ Blue Ivy ရဲ့ မွေးနေ့ပွဲကို သူတို့ရဲ့ အခင်မင်ဆုံး မိတ်ဆွေတွေကိုသာ ရွေးချယ် ဖိတ်ကြားခဲ့တာ ဖြစ်ပြီး သူတို့ မိသားစုဟာ တိရစ္ဆာန်ရုံထဲမှာ စိတ်တိုင်းကျ လှည့်လည် ကြည့်ရှုပြီးတဲ့ နောက်မှာ အီတလီ စားသောက်ဆိုင် တစ်ဆိုင်ကို သွားရောက် စားသောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဘီယွန်းစ်တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေးကို မွေးနေ့လက်ဆောင်အဖြစ် ရွှေဆွဲကြိုးတစ်ကုံးနဲ့ ဒေါ်လာ ၇၅,၀၀၀ တန် အာရေဘီယန်မြင်း တစ်ကောင်လည်း လက်ဆောင် ပေးခဲ့သေးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Jungle Island တိရစ္ဆာန်ရုံ တစ်ရုံလုံးအတွက် ငှားရမ်းခ ဘယ်လောက် ပေးချေခဲ့ရတယ် ဆိုတာကိုတော့ ဘီယွန်းစ်တို့ ဇနီးမောင်နှံက ပြောကြားခဲ့ခြင်း မရှိသလို တိရစ္ဆာန်ရုံ ဝန်ထမ်းတွေကလည်း ထုတ်ဖော် ကြေညာခဲ့ခြင်း မရှိပါဘူး။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis