menu

Sunday 12 January 2014

ဆိုင်ကယ် ဖြည်းဖြည်းမောင်းရန် ပြောသဖြင့် ရပ်ကွက်ဓမ္မာရုံဒု-ဥက္ကဋ္ဌကို အုတ်ခဲကျိုးဖြင့် ဝိုင်းထု


ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မဉ္ဇူလမ်းရှိ ဆွမ်းလောင်းဓမ္မာရုံ ဒု-ဥက္ကဋ္ဌက လမ်းအတွင်း မော်တော်ဆိုင်ကယ် ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့သည်ကို မကျေနပ်သော လူငယ်များက အုတ်ခဲကျိုးများဖြင့် အဆိုပါ ဓမ္မာရုံ ဒုတိယဥက္ကဋ္ဌကို ဝိုင်းထုခဲ့သောကြောင့် ဦးခေါင်းနှင့် မျက်နှာတွင် ဒဏ်ရာများရရှိခဲ့ပြီး ၂၂ ချက် ချုပ်ခဲ့ရကြောင်း ဓမ္မာရုံ နာယက ဦးကျော်လတ်က ပြောကြားသည်။

မဉ္ဇူလမ်းတွင်နေသူ ဓမ္မာရုံ ဒုဥက္ကဋ္ဌ ဦးတင်ထွန်းသည် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က အပတ်စဉ် ကောက်ခံ ရရှိသော အလှူငွေများကို စာရင်းရှင်းတမ်း ပြုလုပ်ရန် ဓမ္မာရုံသို့ လာရောက်စဉ် ဓမ္မာရုံ မဖွင့်သေးသောကြောင့် ယင်းအနီးဝိုင်းခြင်း ကစားနေသူများနှင့် ဦးတင်ထွန်းက ဝင်ရောက် ကစားနေစဉ် လမ်းလယ်သို့ ခြင်းလုံး လွင့်စင် သွားသောကြောင့် သွားကောက်ချိန် လူငယ်သုံးဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးနှင့် တိုက်လုနီးပါး ဖြစ်ခဲ့ရာမှ ဦးတင်ထွန်းက ဖြည်းဖြည်းမောင်းရန် ပြောဆိုခဲ့ရာမှ စတင်ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဆိုင်ကယ်ပေါ်က လူငယ်တွေက ဘာမှပြန်မပြောဘဲ (ခ) ဈေးဘက်မှာရှိတဲ့ အရက်ဆိုင်က သူတို့ သူငယ်ချင်းတွေကို သွားခေါ်ပြီး ဆိုင်ကယ်တွေနဲ့ ပြန်လာပြီးတော့ ဦးတင်ထွန်းကို အုတ်ခဲကျိုးတွေနဲ့ ဝင်ထုတာ။ ဖြစ်ဖြစ်ချင်း ရပ်ကွက်ထဲက လူတွေလည်း ကြောင်ပြီး ကြည့်နေမိတာ။ နောက်မှ သတိရလို့ ရပ်ကွက်ထဲကလူတွေ စုပြီးရောက်လာချိန်မှာ သူတို့အဖွဲ့က ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားတာ။ ဦးတင်ထွန်းကို ကြည့်လိုက်တော့ သွေးအိုင်ထဲ လဲနေပြီ” ဟု အဆိုပါ လမ်းအတွင်းမှ မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။


အဆိုပါ အုတ်ခဲကျိုးများဖြင့် ဦးခေါင်းနှင့် မျက်နှာကို ဝိုင်းအထုခံရသော ဒဏ်ရာများကြောင့် မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောကုဌာနသို့ ပြောင်းရွှေ့ ကုသခဲ့ရကြောင်း ဦးတင်ထွန်း၏ မိသားစုများထံမှ စုံစမ်းသိရှိရသည်။
“ဝိုင်းရိုက်သွားတဲ့ လူငယ်ခုနစ်ဦးကို ပုဒ်မ ၃၂၅ နဲ့ အမှုဖွင့်ပြီး ရိုက်မှု ဖြစ်ပွားခဲ့တဲ့ညက ရဲစခန်းမှာ ခေါ်စစ်ဆေးခဲ့တယ်။ နောက်နေ့မှာ အာမခံနဲ့ ပြန်လွှတ် ပေးထားတာကို စုံစမ်းသိရှိရတယ်” ဟု ဓမ္မာရုံ နာယက ဦးကျော်လတ်က ဆိုသည်။

အဆိုပါ ဦးတင်ထွန်းကို ဝိုင်းရိုက်ခဲ့သော လူငယ်များမှာ မြရတနာ (၉) လမ်းတွင် နေထိုင်သူများဖြစ်ပြီး အသက် ၂၀ မှ ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်များ ဖြစ်ကြောင်း၊ ဒု-ဓမ္မာရုံ ဦးတင်ထွန်းမှာ (ခ) ရပ်ကွက်တွင်း နေထိုင်သူများနှင့် ၎င်းမှာ ဆက်ဆံရေး ကောင်းမွန်ပြီး ပြေလည်မှု ရှိကြောင်း ယင်း ရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

အုတ်ခဲကျိုးများဖြင့် ဝိုင်းထုခံရသူ ဦးတင်ထွန်းကို ဇန်နဝါရီလ ၈ ရက်နေ့က ဦးနှောက်နှင့် အာရုံကြောကုဌာနမှ ဆင်းခွင့်ပြု ခဲ့သော်လည်း နေအိမ် ပြန်လည် ရောက်ရှိချိန်အထိ ခေါင်းမူးဝေဒနာ ဆက်လက် ခံစားနေရသောကြောင့် ဇန်နဝါရီ ၉ ရက်နေ့က မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ကုသ ထားရကြောင်း ၎င်း၏ မိသားစုများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis