menu

Friday 20 December 2013

Myanmar Handsome အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေမှု ၁၀ ရက်ကြာသည်အထိ ပြေလည်မှု မရရှိသေး

Photo: Myanmar Handsome အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေမှု ၁၀ ရက်ကြာသည်အထိ ပြေလည်မှု မရရှိသေး

Myanmar Handsome အထည်ချုပ် စက်ရုံမှ အလုပ်သမား ၇၀ ခန့်၏ လုပ်ခလစာ တိုးမြှင့်ပေးရန် အပါအ၀င် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားခေါင်းဆောင် (၁၇) ဦးအား အလုပ်ပြန်လည်ခန့်ထားရန် အတွက် ဆန္ဒပြတောင်းဆိုနေမှုများမှာ ၁၀ ရက်ကြာသည့် ဒီဇင်ဘာ ၁၉ ရက်အထိ ပြေလည်မှုမရရှိသေးကြောင်း သိရသည်။

ဒဂုံအရှေ့မြို့နယ်၊ ၁၁၈ ရပ်ကွက်၊ စက်မှုဇုန်၊ ပန်းတဉ်းဝန် ဦးရွှေဘင်လမ်းရှိ တရုတ်လူမျိုး Mr. Yuzhihua ပိုင်ဆိုင်သော Myanmar Handsome အထည်ချုပ်စက်ရုံတွင် ဒီဇင်ဘာ ၉ ရက်က အလုပ်သမားခေါင်းဆောင် (၁၇) ဦးအား အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် ကျန်အလုပ်သမား ၃၇၅ ဦး မှာ မကျေမနပ်ဖြစ်ကာ စက်ရုံအတွင်း လုပ်ငန်းခွင်သို့ ၀င်ရောက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ စက်ရုံဝင်းအတွင်းတွင် ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ် သည်။

အလုပ်သမားများမှာ ယခင်က အခြေခံလစာအဖြစ် တစ်နာရီလျှင် ကျပ် ၁၅၀ သာရရှိပြီး ကျပ် ၂၅၀ သို့ တိုးမြှင့်ပေးရန်နှင့် အထည်ချုပ်လုပ်နိုင်မှုအပေါ် ဆုကြေးများပေးရန်နှင့် သူဌေးလူယုံ တရုတ်စကားပြန်နှင့် အလုပ်သမားများအား စိတ်ဝမ်းကွဲစေရန် ဖန်တီးသော All SV များအား အလုပ်မှထုတ်ပယ်ပေးရန်အပါအ၀င် အချက် ၁၉ ချက်အား တောင်းဆိုပြီး ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။

" အလုပ်ရှင်ကတော့ ကျွန်တော်တို့ တောင်းဆိုတဲ့ နာရီကြေးလစာတိုးမြှင့်ပေးဖို့ရယ်၊ အထည်ချုပ်ဆုကြေးပေးဖို့ရယ်၊ သူဌေးလူယုံတွေကို အလုပ်ထုတ်ပေးဖို့ဆိုတဲ့ အချက်သုံးချက်ကိုတော့ မလိုက်လျောပါဘူး။ ၁၉ ချက်ထဲက ကျန်တဲ့အချက်တွေကိုတော့ လိုက်လျောပါတယ်။ ဒါပေမဲ့လည်း သူတို့ မလိုက်လျောတဲ့အချက်တွေက ဆန္ဒပြရခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေပဲမို့လို့ ကျွန်တော်တို့ ဆက်လက်ဆန္ဒပြသွားမှာပါ " ဟု ကိုသက်မျိုးအောင်က  The Daily Eleven သို့ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်း က ပြောကြားသည်။ ယင်းကဲ့သို့ ဆန္ဒပြမှုဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံမှ တရုတ်အလုပ်ရှင်၏ စကားပြန် မအေးသီတာ၏ ဖုန်းအား  The Daily Eleven မှ မေးမြန်းရာတွင် မအေးသီတာ၏ဖုန်း မဟုတ်ပါဟု ဖြေကြားခဲ့ပြီး အေးသီတာ၏ဖုန်းအား ပြန်လည်ဆက်သွယ်ပေးပါမည်ဟု ပြန်လည်ဖြေကြားသည်။ သို့သော် ပြန်လည်ဆက်သွယ်ပေးခဲ့ခြင်းမရှိသည့်အပြင် နောက်ထပ် ငါးကြိမ်ခန့် ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရခဲ့ပေ။

ယင်းသို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေမှုအား ဒီဇင်ဘာ ၁၄ ရက်တွင် ဒဂုံအရှေ့မြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးရုံးတွင် တိုင်းအလုပ်သမားဦးစီးမှူးအပါအ၀င် အခြားအလုပ်သမားများဆိုင်ရာ တာဝန်ရှိသူများ က အလုပ်ရှင်နှင့် အလုပ်သမားများအကြားတွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း ပြေလည်မှုမရရှိသေးဘဲ ဒီဇင်ဘာ ၁၈ ရက်တွင် တိုင်းအလုပ်သမားခုံသမာဓိရုံး သို့ တင်ပို့တိုင်ကြားထားကြောင်း သတင်းရရှိသည်။

Myanmar Handsome စက်ရုံရှေ့တွင် ဆန္ဒပြနေကြသော အလုပ်သမားများအား ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis