menu

Friday 27 December 2013

အရက်အမူးလွန်နေသော ဖခင်က ၁၁ လအရွယ် သားကို သင်္ချိုင်းကုန်းယူ၍ သတ်

အရက်အမူးလွန်နေသူ အမျိုးသားတစ်ဦးက ၁၁ လ အရွယ် ၎င်း၏ သားအရင်းဖြစ်သူ ကလေးငယ်ကို သင်္ချိုင်းကုန်းသို့ ခေါ်ဆောင်သွားကာ ရိုက်သတ်ခဲ့သော ဖြစ်စဉ်တစ်ခု မိုးညှင်းမြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် သာယာကုန်းရွာသင်္ချိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သားအရင်းဖြစ်သူကို သတ်ခဲ့သူမှာ သိန်းစိုးဆိုသူဖြစ်ကာ ၎င်းကို ရဲစခန်းအချုပ်တွင် ထိန်းသိမ်း၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုးညှင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
““အရက်အမူးလွန်ပြီး အသိစိတ်ပျောက်သွားတဲ့အတွက် သူကိုယ်တိုင် ကလေးကို ခြေထောက်ကကိုင်ပြီး ရိုက်သတ်လိုက်တာလို့ ၀န်ခံထားပါတယ်။ ကလေးကို  သင်္ချိုင်းကုန်းခေါ်ပြီးမှ သတ်ခဲ့တာဖြစ်လို့ အမှုကို ခိုင်မာအောင် ဆက်လက်တည်ဆောက်နေပါတယ်”” ဟု အဆိုပါ ရဲအရာရှိကပြောသည်။

သိန်းစိုးဆိုသူမှာ ဒီဇင်ဘာ ၂၂ ရက်ညနေက အရက်မူးပြီး ၎င်း၏သားဖြစ်သူအား ဆိုင်ကယ်ဖြင့်  ခေါ်ဆောင်သွား၍ မိခင်နှင့် ဦးလေးဖြစ်သူတို့က လိုက်လံရှာဖွေခဲ့ရာ သာယာကုန်းရွာ သင်္ချိုင်းတွင် တွေ့ရှိရသောကြောင့် အိမ်သို့ပြန်လာရန် ပြောဆိုစဉ် ခြေထောက်မှကိုင်၍ ဆိုင်ကယ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း သာယာကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ 
““ကလေးငယ်ကို မိုးညှင်းဆေးရုံကို တင်ခဲ့ပါသေးတယ်။ ဒါပေမဲ့  ခေါင်းမှာရတဲ့ဒဏ်ရာက ပြင်းထန်တော့ ဆေးမမီတော့ပါဘူး။ သူ့အဖေကိုလည်း ရွာသားတွေနဲ့ ရဲတွေ ၀ိုင်းဖမ်းခဲ့တာပါ”” ဟု ကျေးရွာဒေသခံက ပြောသည်။

အဆိုပါအမှုတွင် သေဆုံးသူကလေးငယ်၏ မိခင်က  တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး သိန်းစိုးအား ပြစ်မှု ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ မိုးညှင်းမြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ယခုဖြစ်စဉ်မှာ အရက်သေစာသောက်စားပြီး အမူးလွန်နေသူ အမျိုးသားတစ်ဦးက သားအရင်းဖြစ်သူကို ပြန်သတ်ခဲ့သည့်အမှုဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲထားသူ အမျိုးသားတစ်ဦးက ၎င်း၏ သမီး၊ သားမက်နှင့် မြေးဖြစ်သူတို့ကို သတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis