menu

Friday 27 December 2013

တောင်ငူမီးလောင်မှု ရဲစခန်းနှင့် ကာယကံရှင် ထွက်ဆိုချက် ကွဲလွဲ


တောင်ငူ၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့ ကုန်သည်ကြီးလမ်းရှိ ဝင်းသီရိ ပဲကြော်၊ ပဲလှော်လုပ်ငန်း လုပ်ကိုင်သည့် နှစ်ထပ်အာစီ အဆောက်အအုံ၏ ဈေးဆိုင်ခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ဝါယာကြိုးများ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်စဉ်အပေါ် မြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် မီးသတ်ဦးစီးဌာနတို့က စစ်ဆေးချက်နှင့် မီးလောင်ကျွမ်းမှုကြောင့် အမှုဖွင့်အရေးယူ ခံထားရသော ကာယကံရှင် ထွက်ဆိုချက်တို့ ကွဲလွဲနေကြောင်း အဆိုပါ မီးလောင် ကျွမ်းမှုနှင့် ပတ်သက်ပြီး ပုဒ်မ ၂၈၅ မီးပေါ့ဆမှုဖြင့် အရေးယူခံထားရသူ ဝင်းသီရိပဲကြော် လုပ်ငန်းရှင် ဦးသန်းထူးက ပြောကြားသည်။

ဝင်းသီရိ ပဲကြော်လုပ်ငန်းရှင် ဦးသန်းထူးသည် မီးစတင် လောင်ကျွမ်းပြီး နာရီဝက်ခန့်အကြာတွင် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ လျှပ်စစ်ဝါယာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းသည်ဟု ဆိုကာ မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သော်လည်း အိမ်အတွင်းရှိ လျှပ်စစ်နှင့် ပတ်သက်သော မီတာနှင့် လျှပ်စစ်ပစ္စည်းများ မီးလောင်ကျွမ်းမှု မရှိခဲ့ကြောင်း အမှုဖွင့်ခံထားရသူ ဦးသန်းထူးက ဆိုသည်။


“မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ ဓားမိန်းတောင် မီးမလောင်တာ။ ကျွန်တော့်ဆိုင်က ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်တယ်ဆိုတာ မကျေနပ်နိုင်ဘူး” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ အမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်းခံရသူ ကာယကံရှင်က ပြောဆိုနေသော်လည်း မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာ ပတ်ဝန်းကျင် ဒေသခံများ၏ ပြောကြားချက် မီးလောင်ကျွမ်းမှု အနေအထားနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက ပြောကြားသည်။

မီးစတင်လောင်ကျွမ်းသည့် ဝင်းသီရိ ပဲကြော်၊ ပဲလှော် အရောင်းဆိုင်မှ မီးညွှန့်ကို စတင်မြင်တွေ့ချိန်တွင် ဖုန်းဆိုင် ရှေ့လမ်းမီးဓာတ်တိုင်ကို အချက်ပေးသံချောင်း ခေါက်ခဲ့သည့်အတွက် မီးလောင်ရာ နေရာသို့ မီးသတ်ယာဉ်များ ၁၅ မိနစ်ခန့် အကြာတွင် ရောက်ရှိလာကြောင်း အဆိုပါ မီးလောင်မှုကို တွေ့ရှိခဲ့သူတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ တန်ဖိုးကြီးဖုန်း ဟန်းဆက် အရောင်းဆိုင်နှင့် ဘက်ထရီပစ္စည်း အရောင်းဆိုင်တစ်ခု အပါအဝင် အတွင်းပစ္စည်းများ၊ ပဲလှော်ပဲကြော် လုပ်ငန်းတစ်ခုနှင့် အထည်အလိပ်ပစ္စည်းအချို့ မီးလောင် ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ငွေကျပ်သိန်း နှစ်ထောင်ကျော်ခန့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မီးလောင်ကျွမ်းခံခဲ့ရသူ ကာယကံရှင် တချို့၏ ပြောကြားချက်များအရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးသန်းထူးကို တောင်ငူမြို့နယ် မြို့မရဲစခန်းက (ပ)၆၃၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ (ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းခြင်း) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဇေယျာကို (တောင်ငူ)
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis